သင်ရိုးကဏ္ဍ
စိတ်ပိုင်း
အဘိဓမ္မာ - သုတ္တန် ဝိနည်းတရားတို့ထက် ထူးကဲသာလွန်နက်နဲသောတရား
အဘိဓမ္မတ္ထ - အဘိဓမ္မာ(၇)ကျမ်းမှာ ဟောကြားအပ်သောတရား (၅) ပါး (စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်)
ပရမတ္ထ (၄)ပါး - မြတ်သော အနှစ်သာရတရားများ (စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်)
အဓိပ္ပါယ်
စိတ် - အာရုံကို သိတတ်သောသဘောတရား၊
စေတသိက် - စိတ်နှင့်ယှဉ်တွဲလျက် စိတ်ကိုချယ်လှယ်တတ်သော သဘောတရား၊
ရုပ် - အမြဲတမ်းပြောင်းလဲဖောက်ပြန်တတ်သော သဘောတရား၊
နိဗ္ဗာန် - တပ်မက်ခြင်း တဏှာမှ လွတ်မြောက်ခြင်းသဘောတရား
ပညတ် - အများစုခေါ်ဝေါ်သတ်မှတ်ထားသော နာမည်ပညတ်
စိတ် အကြောင်း
အာရုံကို သိတတ်သောကြောင့် စိတ် မည်၏၊
ထိုစိတ်သည် တည်ရာဌာနအားဖြင့်
ကာမစိတ် (၅၄) ပါး၊ ရူပစိတ် (၁၅) ပါး၊ အရူပစိတ် (၁၂) ပါး၊ လောကုတ္တရာစိတ် (၈/၄၀) ပါး
အဓိပ္ပါယ်
၁၊ ကာမာဝစရစိတ် - ကာမဘုံမှာ များသောအားဖြင့် ကျင်လည်တတ် ဖြစ်တတ်သောစိတ် (၅၄) ပါး၊
၂၊ ရူပါဝစရစိတ် - ရူပဘုံမှာ များသောအားဖြင့် ကျင်လည်တတ် ဖြစ်တတ်သော စိတ် (၁၅) ပါး ။
၃၊ အရူပါဝစရစိတ် - အရူပဘုံမှာ များသော အားဖြင့် ကျင်လည်တတ် ဖြစ်တတ်သော စိတ် (၁၂)ပါး
၄၊ လောကုတ္တရာစိတ် - လောကမှ လွန်မြောက်သွားသောစိတ် (၈)ပါး - ပေါင်း စိတ်အကျဉ်း (၈၉) ပါး။
တနည်း (၄၀)ပါး = ပေါင်း စိတ် အကျယ် (၁၂၁) ပါးဟု ဆိုလိုပါသည်။
ကာမစိတ် (၅၄) ပါး
၁၊ အကုသိုလ်စိတ် (၁၂) ပါး၊
၂၊ အဟိတ်စိတ် (၁၈) ပါး၊
၃၊ ကာမသောဘနစိတ် (၂၄) ပါး
အကုသိုလ်စိတ် (၁၂) ပါး
(က) လောဘမူစိတ် (၈) ပါး၊
(ခ) ဒေါသမူစိတ် (၂) ပါး၊
(ဂ) မောဟမူစိတ် (၂) ပါး
ပေါင်း (၁၂) ပါး။
(က) လောဘမူစိတ် (၈) ပါး
၁၊ သောမနဿ သဟဂုတ် ဒိဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်တစ်ပါး
၂၊ သောမနဿ သဟဂုတ် ဒိဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ်တစ်ပါး
၃၊ သောမနဿ သဟဂုတ် ဒိဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်တစ်ပါး
၄၊ သောမနဿ သဟဂုတ် ဒိဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ်တစ်ပါး
၅၊ ဥပေက္ခာ သဟဂုတ် ဒိဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်တစ်ပါး
၆၊ ဥပေက္ခာ သဟဂုတ် ဒိဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ်တစ်ပါး
၇၊ ဥပေက္ခာ သဟဂုတ် ဒိဌိဂတ ဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ပါး
၈၊ ဥပေက္ခာ သဟဂုတ် ဒိဌိဂတ ဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ပါး — အားဖြင့် (၈) ပါး။
မှတ်ချက်
(က) ဝေဒနာဘေဒ - ဝေဒနာခံစားခြင်းကွဲပြားမှု (၅) မျိုးရှိသည်။
၁၊ သုခဝေဒနာ - ကိုယ်ချမ်းသာခြင်း
၂၊ ဒုက္ခဝေဒနာ - ကိုယ်ဆင်းရဲခြင်း
၃၊ သောမနဿဝေဒနာ - စိတ်ချမ်းသာခြင်း
၄၊ ဒေါမနဿဝေဒနာ - စိတ်ဆင်းရဲခြင်း
၅၊ ဥပေက္ခာဝေဒနာ - အလယ်အလတ်ခံစားခြင်း တို့ဖြစ်ကြသည်။
ဤ၌ ဝေဒနာဘေဒအားဖြင့် (၂) မျိုးကွဲပြားသည်၊
သောမနဿဝေဒနာစိတ် (၄) ပါး၊ ဥပေက္ခာဝေဒနာစိတ် (၄) ပါး
(ခ) သမ္ပယောဂဘေဒအားဖြင့် - ဒိဌိသမ္ပယုတ်စိတ် (၄) ပါး၊ ဒိဌိဝိပ္ပယုတ်စိတ် (၄)ပါး
(ဂ) သင်္ခါရဘေဒ အားဖြင့် - အသင်္ခါရိကစိတ် (၄) ပါး၊ သသင်္ခါရိကစိတ် (၄) ပါး
အဓိပ္ပါယ်
အကုသလ - အကုသိုလ် - အပြစ်ရှိ မကောင်းသောအကျိုးကိုပေးတတ်သော အကြောင်းကံစိတ်
သောမနဿ - ဝမ်းမြောက်သောစိတ်
ဥပေက္ခာ - အကောင်း အဆိုး မခံစား အလယ်အလတ်ခံစားခြင်းမျိုး - အမှတ်မထားသောစိတ်
ဒိဌိ - အမြင်မှားသောစိတ်
အသင်္ခါရိက - တိုက်တွန်းရန်မလို ပင်ကိုယ် ထက်မြက်သောစိတ်
သသင်္ခါရိက - တိုက်တွန်းရန်လို ထက်မြက်သောစိတ်
သဟဂတ - အတူတကွ ဖြစ်ခြင်း၊ သမ္ပယုတ္တ - အတူတကွ ယှဉ်တွဲခြင်း
(ခ) ဒေါသမူစိတ် (၂) ပါး
၁၊ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသခါရိကစိတ်တစ်ပါး
၂၊ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသခါရိကစိတ်တစ်ပါး
(ဂ) မောဟမူစိတ် (၂) ပါး
၁၊ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်တစ်ခု
၂၊ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်စိတ်တစ်ခု
ပေါင်း - အကုသိုလ်စိတ် (၁၂) ပါး။
မှတ်ချက်
ဤကား (က) မူလဘေဒအားဖြင့် သရုပ်ခွဲခြင်းဖြစ်သည်။
မူလ - အမြစ်ရင်း၊ ဘေဒ - ကွဲပြားခြင်း၊
လောဘမူလ - လောဘအရင်ခံစိတ် (၈) ပါး
ဒေါသမူလ - ဒေါသအရင်းခံစိတ် (၂) ပါး
မောဟမူလ - မောဟအရင်းခံစိတ် (၂) ပါး ဟုဆိုလိုသည်။
အဓိပ္ပါယ်
လောဘ - လိုချင်ခြင်း တပ်မက်မှု
ဒေါသ - စိတ်ဆိုး အမျက်ထွက်မှု
ပဋိဃ - အငြိုးအာဃာတစိတ်
မောဟ - အမှန်အတိုင်း မသိမှု
ဝိစိကိစ္ဆာ - ယုံမှားသံသယဖြစ်မှု
ဥဒ္ဓစ္စ - မတည်ငြိမ်ပျံ့လွှင့်ဝေဝါးမှု
အကုသလမူလ - အကုသိုလ်စိတ်၏ မူလ (၃) ပါး - လောဘ၊ ဒေါသ၊ မောဟ။
ထို့အပြင် (ခ) ဝေဒနာဘေဒအားဖြင့်
သောမနဿဝေဒနာစိတ် (၄) ပါး
ဒေါမနဿဝေဒနာစိတ် (၂) ပါး
ဥပေက္ခာဝေဒနာစိတ် (၆) ပါး
(ဂ)သမ္ပယောဂဘေဒအားဖြင့်
သမ္ပယုတ်စိတ် (၈) ပါး
ဝိပ္ပယုတ်စိတ် (၄) ပါး = ပေါင်း (၁၂) ပါး
(ဃ) သင်္ခါရဘေဒအားဖြင့်
အသင်္ခါရိကစိတ် (၅) ပါး
သသင်္ခါရိကစိတ် (၅) ပါး
သင်္ခါရဝိမုတ်စိတ် (၂) ပါး = ပေါင်း (၁၂) ပါး
ဟုလည်း အသေးစိတ် သရုပ် ခွဲထားရမည်။
လေ့ကျင့်ခန်း မေးခွန်းများ
၁၊ အကုသိုလ်ဆိုတာ ဘာလဲ? ဖြေဆိုပါ။
၂၊ အဘိဓမ္မတ္ထ နှင့် ပရမတ္ထတရားတို့ကို အသီးအသီး ဖော်ပြပါ။
၃၊အကုသိုလ် အရင်းမြစ်မူလ (၃) ပါးကို အဓိပ္ပါယ်နှင့်တကွ ဖော်ပြပါ။
၄၊ အကုသိုလ်စိတ် (၁၂) ပါးတို့တွင် အောက်ပါတို့ကို အရေအတွက်မျှ ဖော်ပြပါ။
(က) သောမနဿသဟဂုတ်စိတ်
(ခ) ပဋိဃသမ္ပယုတ်စိတ်
(ဂ) ဒိဌိဂတသမ္ပယုတ်စိတ်
(ဃ) ဝိစိကိစ္ဆာသမ္ပယုတ်စိတ်
(င) သသင်္ခါရိကစိတ်
(စ) သင်္ခါရဝိမုတ်စိတ်
အဟိတ်စိတ် (၁၈)ပါး — (က) အကုသလဝိပါက်စိတ် (၇)ပါး
၁၊ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ်တစ်ခု
၂၊ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ်တစ်ခု
၃၊ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ်တစ်ခု
၄၊ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ်တစ်ခု
၅၊ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်တစ်ခု
၆၊ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ်တစ်ခု
၇၊ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်တစ်ခု
(ခ) အဟိတ်ကုသလဝိပါက်စိတ် (၈)ပါး
၁၊ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ်တစ်ခု
၂၊ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ်တစ်ခု
၃၊ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ်တစ်ခု
၄၊ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ်တစ်ခု
၅၊ သုခသဟဂုတ် ကာယဝိညာဏ်စိတ်တစ်ခု
၆၊ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ်တစ်ခု
၇၊ သောမနဿ သဟဂုတ် သန္တီရဏစိတ်တစ်ခု
၈၊ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်တစ်ခု
(ဂ) အဟိတ်ကြိယာစိတ် (၃)ပါး
၁၊ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်တစ်ခု
၂၊ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်တစ်ခု
၃၊ သောမနဿ သဟဂုတ် ဟသိတုပ္ပါဒ်စိတ်တစ်ခု
အဓိပ္ပါယ်
အဟိတ်စိတ် - လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် (၆) ပါး မရှိသောစိတ်၊
အကုသလဝိပါက် - အကုသိုလ်ကံ၏ အကျိုးစိတ်
ကုသလဝိပါက်စိတ် - ကုသိုလ်ကံ၏ အကျိုးစိတ်
ကြိယာစိတ် - ပြုကာမတ္တစိတ်
စက္ခုဝိညာဏ်စိတ် - မြင်သိစိတ်
သောတဝိညာဏ်စိတ် - ကြားသိစိတ်
ဃာနဝိညာဏ်စိတ် - နံသိစိတ်၊
ဇိဝှါဝိညာဏ်စိတ် - အရသာသိစိတ်
ကာယဝိညာဏ်စိတ် - တွေ့ထိသိစိတ်
သမ္ပဋိစ္ဆိုင်းစိတ် - အာရုံကိုလက်ခံစိတ်
သန္တီရဏစိတ် - အာရုံကို စုံစမ်းစိတ်
ပဉ္စဒွါရာဝဇ္ဇန်းစိတ် - ငါးဒွါရမှာ ဆင်ခြင်စိတ်
မနောဒွါရာဝဇ္ဇန်းစိတ် - မနောဒွါရ - စိတ်တံခါးမှာ ဆင်ခြင်စိတ်၊
ဟသိတုပ္ပါဒ် - ရယ်ရွှင်စိတ်
အဟိတ်စိတ် (၁၈) ပါးကို -
(က) ဇာတိဘေဒအားဖြင့်
ဝိပါက်စိတ် (၁၅) ပါး၊
ကြိယာစိတ် (၃) ပါး
ပေါင်း (၁၈) ပါး
(ခ) ဝေဒနာဘေဒအားဖြင့်
သုခဝေဒနာစိတ် (၁) ပါး
ဒုက္ခဝေဒနာစိတ် (၁) ပါး
သောမနဿ ဝေဒနာစိတ် (၂) ပါး
ဥပေက္ခာဝေဒနာစိတ် (၁၄) ပါး
ပေါင်း (၁၈) ပါး
လေ့ကျင့်ခန်းမေးခွန်းများ
၁၊ အကုသိုလ်အကျိုးစိတ်မှ ထူးခြားသော ကုသိုလ်အကျိုးစိတ်ကို ဖြေဆိုပါ၊
၂၊ စာဖြေသူ နေ့စဉ် ကြုံတွေ့နေရသော မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်တို့ကို ကုန်စင်အောင်ဖော်ပြပါ၊
၃၊ အဟိတ် သောမနဿစိတ်တို့ကို ဖြေဆိုပါ၊
၄၊ (က) ကုသလဝိပါက် စုံစမ်းစိတ် (ခ) အကုသလဝိပါက် စုံစမ်းစိတ် (ဂ) အာရုံလက်ခံစိတ် (ဃ) ဆင်ခြင်စိတ် (င) ရယ်ရွှင်စိတ် တို့၏ အရေအတွက်မျှ ဖြေဆိုပါ၊
အသောဘနစိတ် (၃၀) ပါး
အကုသိုလ်စိတ် (၁၂) ပါး နှင့် အဟိတ်စိတ် (၁၈) ပါးတို့ကို သောဘနစိတ်ထဲ မပါဝင်သောကြောင့် အသောဘနစိတ် - ဟုခေါ်သည်၊
ထိုအသောဘနစိတ် (၃၀) ပါးကို
(က) ဇာတိဘေဒအားဖြင့်
အကုသိုလ် (၁၂)
ဝိပါက်စိတ် (၁၅)
ကြိယာစိတ် (၃) = ပေါင်း (၃၀) ပါး
(ခ) ဝေဒနာဘေဒအားဖြင့်
သုခ (၁)၊ ဒုက္ခ (၁)၊ သောမနဿ (၆)
ဒေါမနဿ (၂)၊ ဥပေက္ခာ (၂၀) = ပေါင်း (၃၀) ပါး၊ အသေးစိတ်ခွဲပါ။
အဓိပ္ပါယ်
သောဘနစိတ်မှ အခြားတပါးဖြစ်သောကြောင့် အသောဘနစိတ် ဟုဆိုပါသည်၊
ကာမသောဘနစိတ် (၂၄) ပါး
(က) မဟာကုသိုလ်စိတ် (၈) ပါး
(ခ) မဟာဝိပါက်စိတ် (၈) ပါး
(ဂ) မဟာကြိယာစိတ် (၈) ပါး
(က) မဟာကုသိုလ်စိတ် (၈) ပါး
၁၊ သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု၊
၂၊ သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ်တစ်ခု၊
၃၊ သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု၊
၄၊ သောမနဿ သဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရ်ိကစိတ်တစ်ခု၊
၅၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု၊
၆၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ်တစ်ခု၊
၇၊ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်တစ်ခု၊
၈၊ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ်တစ်ခု၊
(က) ဝေဒနာဘေဒ - သောမနဿ ၄၊ ဥပေက္ခာ ၄၊
(ခ) သမ္ပယောဂဘေဒ - သမ္ပယုတ် ၄၊ ဝိပ္ပယုတ် ၄၊
(ဂ) သင်္ခါရဘေဒ - အသင်္ခါရိက ၄၊ သင်္သခါရိ ၄၊
(ခ) မဟာဝိပါက်စိတ် (၈) ပါး၊ (ဂ) မဟာကြိယာစိတ် (၈) ပါး တို့ကိုလည်း နည်းတူသရုပ်ခွဲပါ။
အားလုံးပေါင်းလျှင် ကာမသောဘနစိတ် (၂၄) ဖြစ်၏။ ထို (၂၄) ပါးကို
(က) ဇာတိဘေဒ
(ခ) ဝေဒနာဘေဒ
(ဂ) သင်္ခါရဘေဒ အားဖြင့် သရုပ်ခွဲထားပါ။
အဓိပ္ပါယ်
- မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာ - ဟု မဟာ ပါရခြင်းအကြောင်းကားအခြား ရူပ၊ အရူပ၊ ကုသိုလ် ဝိပါက် ကြိယာ တို့ထက် များသောအရေအတွက်ရှိသောကြောင့် မဟာ ဟု တပ်ရပါသည်၊
ကာမစိတ် (၅၄) ပါး
အကုသိုလ်စိတ် ၁၂ ပါး
အဟိတ်စိတ် ၁၈ ပါး
ကာမသောဘနစိတ် ၂၄ ပါး
ပေါင်း ကာမစိတ် ၅၄ ပါး ဖြစ်ပါသည်၊
ကာမစိတ် (၅၄) ပါးကို
(က) ဇာတိဘေဒအားဖြင့်
ကုသိုလ်စိတ် ၈ ပါး
အကုသိုလ်စိတ် ၁၂ ပါး
ဝိပါက်စိတ် ၂၃ ပါး
ကြိယာစိတ် ၁၁ ပါး
ပေါင်း ၅၄ ပါး၊
(ခ) ဝေဒနာဘေဒ အားဖြင့်
သုခဝေဒနာ ၁ ပါး
ဒုက္ခဝေဒနာ ၁ ပါး
သောမနဿဝေဒနာ ၁၈ ပါး
ဒေါမနဿဝေဒနာ ၂ ပါး
ဥပေက္ခာဝေဒနာ ၃၂ ပါး
ပေါင်း ၅၄ ပါး၊
လေ့ကျင့်ခန်း မေးခွန်းများ
၁၊ အသောဘနစိတ် အဓိပ္ပါယ် နှင့် အရေအတွက်ကို ဖြေဆိုပါ၊
၂၊ (က) အသောဘန သောမနဿ (ခ) အသောဘန ဥပေက္ခာသရုပ်တို့ကို ဖော်ထုတ်ပြခဲ့ပါ၊
၃၊ ကာမ သောဘနစိတ်တို့တွင် (က) သောမနဿဝေဒနာစိတ် (ခ) သမ္ပယုတ်စိတ် (ဂ) သသင်္ခါရိကစိတ် အရေအတွက်ကို ဖော်ပြပါ။
၄၊ အခြားကုသိုလ်စိတ်တွေမှာ မဟာမပါပဲ၊ ကာမကုသိုလ်ကို အဘယ့်ကြောင့် မဟာထည့်ထးရပါသနည်း၊
၅၊ ကာမစိတ် (၅၄) ပါးတို့တွင် (က) ကုသိုလ် သောမနဿစိတ်(ခ) အကုသိုလ် ဥပေက္ခာ
(ဂ) ဝိပါက်စိတ် (ဃ) ကြိယာ သောမနဿစိတ် (င) ဝိပါက် ဥပေက္ခာစိတ်တို့ကို အရေအတွက်မျှ ဖြေဆိုပါ၊
ရူပါဝစရစိတ် (၁၅)ပါး
ကုသိုလ်စိတ် (၅) ပါး၊ ဝိပါက်စိတ် (၅)ပါး၊ ကြိယာစိတ် (၅) ပါး = (၁၅) ပါး
ကုသိုလ်စိတ် (၅) ပါး
၁ ၊ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ၅ ပါးနှင့် တကွဖြစ်သော ပထမဈာန် ကုသိုလ်စိတ် တစ်ပါး
၂၊ ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ၄ ပါးနှင့် တကွဖြစ်သော ဒုတိယဈာန် ကုသိုလ်စိတ်တစ်ပါး
၃၊ ပီတိ သုခ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၃ ပါးနှင့် တကွဖြစ်သော တတိယဈာန်ကုသိုလ်စိတ် တစ်ပါး
၄၊ သုခ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ၂ ပါးနှင့် တကွဖြစ်သော စတုတ္ထဈာန် ကုသိုလ်စိတ် တစ်ပါး
၅၊ ဥပေက္ခာ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ ၂ ပါးနှင့် တကွဖြစ်သော ပဉ္စမဈာန် ကုသိုလ်စိတ် တစ်ပါး၊ အားဖြင့် (၅) ပါးဖြစ်ပါသည်။
မှတ်ချက်
(ခ) ဝိပါက်စိတ် (၅) ပါး၊ (ဂ) ကြိယာစိတ် (၅) ပါး ဆိုရာ၌လည်း ကုသိုလ်စိတ် တစ်ပါး နေရာမှာ ဝိပါက်စိတ် တစ်ပါး၊ ကြိယာစိတ် တစ်ပါး ဟု အစားထိုးဆိုရုံသာ၊ ကျန်ဆိုရိုးအားလုံးတူ၏။
ဤရူပစိတ် (၁၅) ပါးကို -
(က) ဇာတိဘေဒအားဖြင့် ကုသိုလ် ၅ ပါး၊ ဝိပါက် (၅) ပါး၊ ကြိယာ (၅) ပါး၊ အားဖြင့် (၁၅) ပါး
(ခ) ဈာနဘေဒ အားဖြင့် ပထမဈာန် ၃ ပါး၊ ဒုတိယဈာန် ၃ ပါး၊ တတိယဈာန် ၃ပါး အားဖြင့် (၁၅) ပါး
(ဂ) ဝေဒနာဘေဒ အားဖြင့် သုခ ဈာနင် နှင့် ယှဉ်သော (ပ၊ဒု၊တ၊စ၊ဈာန် တို့ကို သောမနဿဝေဒနာယူ၍၊ ပဉ္စမဈာန်ကို ဥပေက္ခာဝေဒနာယူ ရမည် ဖြစ်သဖြင့်) သောမနဿဝေဒနာ (၁၂) ပါး၊ ဥပေက္ခာ ဝေဒနာ (၃) ပါး= ပေါင်း (၁၅) ပါး ဖြစ်ပါသည်။
အဓိပ္ပါယ်
ဝိတက် - အာရုံသို့ စတင်တက်ရောက်သော သဘောတရား
ဝိစာရ - တက်ရောက်ပြီးအာရုံကို ထိန်းထားသောသဘောတရား
ပီတိ - အာရုံကို နှစ်သက်သော သဘောတရား
သုခ - ချမ်းသာသုခခံစားခြင်းသဘောတရားဧကဂ္ဂတာ- တည်ကြည်ငြိမ်သက်သော သဘောတရား
ဈာန - ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို လောင်မြိုက်ပယ်ရှားတတ်သော သဘောတရား
ဈာနင်္ဂ - ဈာန်၏ အစိတ်အပိုင်း
အရူပါဝစရစိတ် (၁၂) ပါး
ကုသိုလ်စိတ် ၄ ပါး၊ ဝိပါက်စိတ် ၄ ပါး၊ ကြိယာစိတ် ၄ ပါး= ပေါင်း ၁၂ ပါး။
(က) ကုသိုလ်စိတ် (၄) ပါး
၁၊ ဥပေက္ခာ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂ ပါးနှင့် တကွဖြစ်သော အာကာသာနဉ္စာယတနဈာန် ကုသိုလ်စိတ် တစ်ပါး
၂၊ ဥပေက္ခာ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂ ပါးနှင့် တကွဖြစ်သော ဝိညာနဉ္စာယတနဈာန်ကုသိုလ်စိတ်တစ်ပါး
၃၊ ဥပေက္ခာ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂ ပါးနှင့် တကွဖြစ်သော အာကိဉ္စညာယတနဈာန်ကုသိုလ်စိတ်တစ်ပါး
၄၊ ဥပေက္ခာ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ၂ ပါးနှင့် တကွဖြစ်သော နေဝသညာ နာသညာယတနဈာန်ကုသိုလ်စိတ်တစ်ပါး
အားဖြင့် (၄) ပါးဖြစ်ပါသည်၊
မှတ်ချက်
(ခ) ဝိပါက်စိတ် (၄)၊ (ဂ) ကြိယာစိတ် (၄) ပါး ဆိုရာ၌လည်း ကုသိုလ်စိတ်တစ်ပါး နေရာမှာ ဝိပါက်စိတ် တစ်ပါး၊ ကြိယာစိတ်တစ်ပါးဟု အစားထိုးဆိုရုံသာ၊ ကျန်ဆိုရိုးအားလုံးတူ၏။
အရူပစိတ် (၁၂) ပါးကို
(က) ဇာတိဘေဒအားဖြင့် ကုသိုလ်စိတ် ၄၊ ဝိပါက်စိတ် ၄၊ ကြိယာစိတ် ၄၊ အားဖြင့် (၁၂) ပါး
ဈာနဘေဒ၊ ဝေဒနာဘေဒ အားဖြင့် မကွဲပြားပါ၊ အားလုံး ပဉ္စမဈာန်နှင့် ဥပေက္ခာ ဝေဒနာ ဖြစ်ကြသည်၊
အဓိပ္ပါယ်
(၁) အာကာသာနဉ္စာယတနဈာန် - ကောင်းကင်ပညတ်ကို အာရုံပြုပြီး ရလာသောဈာန်၊
(၂) ဝိညာနဉ္စာယတနဈာန် - ပထမာရုပ္ပဝိညာဉ်ကို အာရုံပြုပြီး ရလာသောဈာန်၊
(၃) အာကိဉ္စညာယတနဈာန် - ပထမာရုပ္ပဝိညာဉ်၏မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြုပြီး ရလာသောဈာန်၊
(၄) နေဝသညာနာသညာယတနဈာန် - တတိယာရပ္ပဝိညာဉ်ကို အာရုံပြုပြီး ရလာသောစျာန်၊
အရူပဈာန် အားလုံးသည် ရူပပဉ္စမနှင့် ဥပေက္ခာ၊ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ နှစ်ပါးစီ ရှိတာခြင်းတူသောကြောင့် ပဉ္စမဈာန်၌ သွင်းယူရပါသည်၊
မဟဂ္ဂုတိစိတ် (၂၇)ပါး
ရူပစိတ် (၁၅) ပါး၊ အရူပစိတ် (၁၂) ပါး = (၂၇)ပါး
မဟဂ္ဂုတ်စိတ် (၂၇) ပါးကို
(က) ဘူမိဘေဒ (ခ) ဇာတိဘေဒ
(ဂ) ဈာနဘေဒ။ (ဃ) ဝေဒနာဘေဒ တို့ဖြင့် အသေးစိတ်သရုပ်ခွဲထားပါ။
အဓိပ္ပါယ်
မဟဂ္ဂုတ် - မြင့်မြတ်သောသဘောတရား၊
လေ့ကျင့်ခန်း မေးခွန်းများ
၁၊ ပထမဈာန်စိတ်၏ ဈာန်အင်္ဂါ ငါးပါးကို ဖြေဆိုပါ၊
၂၊ အာကာသာနဉ္စာယတန ဈာန်၏ အင်္ဂါတို့ကိုဖြေဆိုပါ။
၃၊ မဟဂ္ဂုတ်စိတ် (၂၇)ပါးတို့တွင် (က) ရူပ ပထမဈာန် (ခ) မဟဂ္ဂုတ် သောမနဿ
(ဂ)မဟဂ္ဂုတ် ဥပေက္ခာ (ဃ) ရူပ ဥပေက္ခာ (င) မဟဂ္ဂုတ် ပဉ္စမဈာန်စိတ် တို့၏ အရေအတွက်မျှ ဖေဆြိုပါ။
၄၊ အရူပစိတ်ကို အဘယ့်ကြောင့် အဘယ်ဈာန်၌ သွင်းရသည်ကို ဖြေဆိုပါ၊
လောကီစိတ် (၈၁)ပါး
(က) ဘူမိဘေဒအားဖြင့်
ကာမစိတ် ၅၄ ပါး
ရူပစိတ်တ ၁၅ပါး
အရူပစိတ် ၁၂ ပါး = ၈၁ ပါး
(ခ) ဇာတိဘေဒအားဖြင့်
ကုသိုလ်စိတ် ၁၇ ပါး
အကုသိုလ်စိတ် ၁၂ ပါး
ဝိပါက်စိတ် ၃၂ ပါး
ကြိယာစိတ် ၂၀ ပါး = ၈၁ ပါး
(ဂ) ဝေဒနာဘေဒအားဖြင့်
သုခ ၁၊ ဒုက္ခ ၁၊ သောမနဿ ၃၀၊ ဒေါမနဿ ၂၊
ဥပေက္ခာ ၄၇ ပါး တို့ဖြင့် အသေးစိတ် သရုပ်ခွဲထားပါ၊
လောကုတ္တရာစိတ်အကျဉ်း (၈) ပါး
ကုသိုလ်စိတ် ၄ ပါး၊ ဝိပါက်စိတ် ၄ ပါး = (၈) ပါး
ကုသိုလ်စိတ် ၄ ပါး
၁၊ သောတာပတ္တိမဂ်စိတ် ၁ ပါး
၂၊ သကဒါဂါမိမဂ်စိတ် ၁ ပါး
၃၊ အနာဂါမိမဂ်စိတ် ၁ပါး
၄၊ အရဟတ္တမဂ်စိတ် ၁ ပါး = ၄ ပါး။
ဝိပါက်စိတ် ၄ ပါး
၁၊ သောတာပတ္တိဖိုလ်စိတ် ၁ ပါး
၂၊ သကဒါဂါမိဖိုလ်စိတ် ၁ ပါး
၃၊ အနာဂါမိဖိုလ်စိတ်။ ၁ ပါး
၄၊ အရဟတ္တဖိုလ်စိတ် ၁ ပါး = ၄ ပါး။
သမာဟိတဈာန်စိတ် အကျဉ်း ၃၅ ပါး
(က) ဘူမိဘေဒ အားဖြင့်
ရူပစိတ် ၁၅ ပါး
အရူပစိတ် ၁၂ ပါး
လောကုတ္တရာစိတ် ၈ ပါး = ၃၅ ပါး။
(ခ) ဇာတိဘေဒအားဖြင်င့်
ကုသိုလ်စိတ် ၁၃ ပါး
ဝိပါက်စိတ် ၁၃ ပါး
ကြိယာစိတ် ၉ ပါး = ၃၅ ပါး
အဓိပ္ပါယ်
သောတာပတ္တိမဂ်/ဖိုလ် - အရိယာပုဂ္ဂိုလ်တို့၏ ရေယာဉ်လမ်းကြောင်းပေါ်သို့စတင်ဝင်ရောက်သော သောတာပန်ပုဂ္ဂိုလ်၏ မဂ်နှင့် ဖိုလ်၊
သကဒါဂါမိမဂ်/ဖိုလ် - ကာမဘုံသို့ တစ်ကြိမ်သာ လာရောက်တော့မည့် သကဒါဂါမ်ပုဂ္ဂိုလ်၏ မဂ် နှင့် ဖိုလ်၊
အနာဂါမိမဂ်/ဖိုလ် - ကာမဘုံသို့ လုံးဝပြန်မလာတော့မည့် အနာဂါမ်ပုဂ္ဂိုလ်၏ မဂ် နှင့် ဖိုလ်၊
အရဟတ္တမဂ်/ ဖိုလ် - ရဟန္တာပုဂ္ဂိုလ်၏ မဂ် နှင့် ဖိုလ်၊
သမာဟိတ - တည်ကြည်သောသဘောတရား၊ စျာန်စိတ်။
သောဘနစိတ် အကျဉ်း (၅၉) ပါး
(က) ဘူမိဘေဒ အားဖြင့်
ကာမသောဘနစိတ် ၂၄ ပါး၊
ရူပစိတ် ၁၅ ပါး၊
အရူပစိတ် ၁၂ ပါး၊
လောကုတ္တရာစိတ် ၈ ပါး = ပေါင်း ၅၉ ပါး။
(ခ) ဇာတိဘေဒအားဖြင့်
ကုသိုလ်စိတ် ၂၁ ပါး၊
ဝိပါက်စိတ် ၂၁ ပါး၊
ကြိယာစိတ် ၁၇ ပါး = ပေါင်း ၅၉ ပါး။
အဓိပ္ပါယ်
သောဘန - တင့်တယ်ကောင်းမွန် လှပသော သဘောတရား။
လေ့ကျင့်ခန်းမေးခွန်းများ
၁၊ လောကီစိတ်ကို ဇာတိဘေဒ အားဖြင့် သရုပ်ရေးပြပါ၊
၂၊ လောကုတ္တရာစိတ် ၈ ခုကို မဂ်စိတ် နှင့် ဖိုလ်စိတ် မှန်ကန်အောင် အသီးသီးတွဲပြပါ၊
၃၊ သမာဟိတဈာန်စိတ်အကျဉ်းကို ဇာတိဘေဒအားဖြင့် သရုပ်ရေးပြပါ။
၄၊ သောဘနစိတ်အကျဉ်းတွင် (က) ကာမသောဘန ဥပေက္ခာစိတ် (ခ) မဟဂ္ဂုတ် ဥပေက္ခာစိတ်တို့ကို ရေတွက်ပြပါ။
၅၊သောတာပတ္တိမဂ် နှင့် သကဒါဂါမိဖိုလ် အဓိပ္ပါယ်တို့ကို ဖြေဆိုပါ။
လောကုတ္တရာစိတ် အကျယ် ၄၀
(က) ကုသိုလ်စိတ်/မဂ်စိတ် (၂၀) ပါး
ဝိပါက်စိတ်/ဖိုလ်စိတ် (၂၀) ပါး = ၄၀။
မဂ်စိတ် (၂၀) ပါး
၁၊ သောတာပတ္တိမဂ်စိတ် ၅ ပါး
၂၊ သကဒါဂါမိမဂ်စိတ် ၅ ပါး
၃၊ အနာဂါမိမဂ်စိတ် ၅ ပါး
၄၊ အနဂါမိမဂ်စိတ် ၅ ပါး = ၂၀ ပါး
သောပတ္တိမဂ်စိတ် (၅) ပါး
၁၊ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ တည်းဟူသော စျာန်အင်္ဂါ ၅ ပါး နှင့် တကွ ဖြစ်သော ပထမစျာန် သောတာပတ္တိမဂ်စိတ် (၁) ပါး
၂၊ ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ တူသော စျာန်အင်္ဂါ၄ ပါးနှင့်တကွဖြစ်သော ဒုတိယစျာန် သောတာပတ္တိမဂ်စိတ်တစ်ပါး
၃၊ ပီတိ သုခ ဧကဂ္ဂတာတည်းဟူသော စျာန်အင်္ဂါ၃ ပါးနှင့် တကွ ဖြစ်သော တတိယစျာန် သောတာပတ္တိမဂ်စိတ် တစ်ပါး
၄၊ သုခ ဧကဂ္ဂတာ တည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့် တကွ ဖြစ်သော စတုတ္ထစျာန် သောတာပတ္တိမဂ်စိတ် တစ်ပါး
၅၊ ဥပေက္ခာ ဧကဂ္ဂတာ တည်းဟူသော စျာန်အင်္ဂါ ၂ ပါးနှင့် တကွ ဖြစ်သော ပဉ္စမစျာန် သောတာပတ္တိမဂ်စိတ် တစ်ပါး
အားဖြင့် (၅) ပါး၊
ထို့အတူ သကဒါဂါမိမဂ်စိတ် ၅ ပါး၊
အနာဂါမိမဂ်စိတ် ၅ ပါး
အရဟတ္တမဂ်စိတ် ၅ ပါး တို့ကိုလည်း အစားထိုးဆို၍ အသေးစိတ် သရုပ်ခွဲထားပါ၊
ဖိုလ်စိတ် (၂၀) ပါး
၁၊ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ တည်းဟူသော စျာန် အင်္ဂါ ၅ ပါးနှင့်တကွဖြစ်သော ပထမစျာန် သောတာပတ္တိဖိုလ်စိတ် တစ်ပါး - စသဖြင့် (၂၀) ပြည့်အောင် အဆုံးထိ သရုပ်ခွဲထားပါ၊
ပေါင်း (၄၀) ပါး ဖြစ်ပါသည်။
လောကုတ္တရာစိတ် အကျယ် (၄၀) ကို
(က) ဇာတိဘေဒအားဖြင့် ကုသိုလ်စိတ် ၂၀၊ ဝိပါက်စိတ် ၂၀= ပေါင်း (၄၀)၊
(ခ) ဈာနဘေဒ အားဖြင့် ပထမဈာန်စိတ် ၈ ပါး၊ ဒုတိယဈာန်စိတ် ၈ပါး၊ တတိယဈာန်စိတ် ၈ ပါး၊စတုတ္ထဈာန်စိတ် ၈ ပါး၊ ပဉ္စမဈာန်စိတ် ၈ ပါး၊ပေါင်း (၄၀) ပါး။
(ဂ) ဝေဒနာဘေဒ အားဖြင့် သောမနဿဝေဒနာ ၃၂ ပါး၊ ဥပေက္ခာဝေဒနာ ၈ ပါး = (၄၀) ပါး ဟု အသေးစိတ် သရုပ်ခွဲထားပါ။
သမာဟိတဈာန်စိတ် အကျယ် (၆၇) ပါး
(က) ဘူမိဘေဒ အားဖြင့် ရူပစိတ် ၁၅ ပါး၊ အရူပစိတ် ၁၂ ပါး၊ လောကုတ္တရာစိတ် ၄၀ = ပေါင်း ၆၇ ပါး။
(ခ) ဇာတိဘေဒ အားဖြင့် ကုသိုလ်စိတ် ၂၉ ပါး၊ ဝိပါက်စိတ် ၂၉ ပါး၊ ကြိယာစိတ် ၉ ပါး = ပေါင်း ၆၇ ပါး။
(ဂ) ဈာနဘေဒအားဖြင့် ပထမဈာန်စိတ် ၁၁၊ ဒုတိယဈာန်စိတ် ၁၁၊ တတိယဈာန်စိတ် ၁၁၊ စတုတ္ထဈာန်စိတ် ၁၁၊ ပဉ္စမဈာန်စိတ် ၂၃ = ပေါင်း ၆၇ ပါး။
(ဃ) ဝေဒနာဘေဒအားဖြင့် သောမနဿဝေဒနာ ၄၄၊ဥပေက္ခာ ဝေဒနာ ၂၃ = ပေါင်း ၆၇ ပါး ဟု အသေးစိတ် သရုပ်ခွဲထားပါ။
သောဘနစိတ် အကျယ် (၉၁) ပါး
(က) ဘူမိဘေဒ အားဖြင့်
ကာမသောဘနစိတ် (၂၄) ပါး
ရူပစိတ် (၁၅) ပါး
အရူပစိတ် (၁၂) ပါး
လောကုတ္တရာစိတ် (၄၀) ပါး = ပေါင်း (၉၁) ပါး
(ခ) ဇာတိဘေဒ အားဖြင့်
ကုသိုလ်စိတ် (၃၇) ပါး
ဝိပါက်စိတ် (၃၇) ပါး
ကြိယာစိတ် (၁၇) ပါး = ပေါင်း (၉၁) ပါး
(ဂ) ဝေဒနာဘေဒ အားဖြင့်
သောမနဿဝေဒနာ (၅၆) ပါး
ဥပေက္ခာဝေဒနာ (၃၅) ပါး = ပေါင်း (၉၁) ပါး
စိတ်အကျယ် (၁၂၁) ပါး
(က) ဘူမိဘေဒ အားဖြင့်
ကာမစိတ် (၅၄) ပါး
ရူပစိတ် (၁၅) ပါး
အရူပစိတ် (၁၂) ပါး
လောကုတ္တရာစိတ် (၄၀) ပါး = ပေါင်း (၁၂၁) ပါး
(ခ) ဇာတိဘေဒအားဖြင့်
အကုသိုလ်စိတ် (၁၂) ပါး
ကုသိုလ်စိတ် (၃၇ ) ပါး
ဝိပါက်စိတ် (၅၂) ပါး
ကြိယာစိတ် (၂၀) ပါး = ပေါင်း (၁၂၁) ပါး
(ဂ) ဝေဒနာဘေဒ အားဖြင့်
သုခဝေဒနာ ၁၊
ဒုက္ခဝေဒနာ ၁၊
သောမနဿဝေဒနာ ၆၂၊
ဒေါမနဿဝေဒနာ ၂၊
ဥပေက္ခာ ဝေဒနာ ၅၅ = ပေါင်း (၁၂၁) ပါး။
လေ့ကျင့်ခန်း မေးခွန်းများ
၁၊ (က) သမာဟိတဈာန်စိတ် အကျယ်ကို ဈာနဘေဒ၊ (ခ) သောဘနစိတ်အကျယ်ကို ဘူမိဘေဒ၊ (ဂ)စိတ်အကျယ်ကို ဇာတိဘေဒ အားဖြင့် အသီးသီး သရုပ်ရေးပြပါ၊
၂၊ ဈာန်စိတ် (၆၇) ပါးတို့တွင် ပဉ္စမဈာန်စိတ်ကို ရေတွက်ပြ၍ သမာဟိတ အဓိပ္ပါယ်ကိုလည်း ဖြေဆိုပါ။
၃၊ သောဘနစိတ်အကျယ် (၉၁) ပါးတို့တွင် (က) သောပတ္တိမဂ်စိတ် (ခ) အနာဂါမိမဂ်စိတ် (ဂ) သကဒါဂါမိဖိုလ်စိတ် (ဃ) အရဟတ္တဖိုလ်စိတ် တို့မည်မျှပါရှိသနည်း၊ ဖြေဆိုပါ။
၄၊ စိတ်အကျဉ်း (၈၉) ပါးမှ စိတ်အကျယ် (၁၂၁) ပါး ဖြစ်လာပုံ အကျဉ်းကို ရှင်းပြပါ။
သင်ရိုးကဏ္ဍ
စေတသိက်ပိုင်း
စေတသိက် လက္ခဏာ (၄) ပါး
၁၊ စိတ်နှင့်အတူတကွဖြစ်ခြင်း
၂၊ စိတ်နှင့်အတူတကွ ချုပ်ခြင်း
၃၊စိတ်နှင့် တူသောအာရုံရှိခြင်း
၄၊ စိတ်နှင့် တူသော မှီရာဝတ္ထုရှိခြင်း
ဤလက္ခဏာ ၄ ပါးနှင့်ပြည့်စုံသော သဘောတရားကို စေတသိက် ဟုခေါ်ပါသည်။
စေတသိက် (၅၂) ပါး၊
အထက်ပါလက္ခဏာတို့နှင့်ပြည့်စုံညီညွတ်သော သဘောတရား တို့သည် ၅၂ ပါးရှိကုန်၏၊ (၅၂) ပါးကား
၁၊ အညသမာန်းစေတသိက် (၁၃) ပါး
၂၊ အကုသိုလ်စေတသိက် (၁၄) ပါး
၃၊ သောဘန စေတသိက် (၂၅) ပါး= ပေါင်း (၅၂) ပါး။
(၁)အညသမာန်းစေတသိက် (၁၃) ပါး
(က) သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇) ပါး
(ခ) ပကိဏ်စေတသိက် (၆) ပါး= ပေါင်း (၁၃) ပါး။
(က) သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇) ပါး
၁၊ အာရုံ၏သဘောကို တွေ့ခြင်းလက္ခဏာရှိသော "ဖဿ" စေတသိက် တစ်ပါး
၂၊ အာရုံ၏ သဘောကို ခံစားခြင်းလက္ခဏာရှိသော " ဝေဒနာ" စေတသိက် တစ်ပါး၊
၃၊ အာရုံ၏ သဘောကို မှတ်သားခြင်းလက္ခဏာရှိသော " သညာ" စေတသိက်တစ်ပါး၊
၄၊ စေ့ဆော်တိုက်တွန်းခြင်း လက္ခဏာရှိသော " စေတနာ" စေတသိက်တစ်ပါး၊
၅၊ အာရုံတစ်ခုတည်း၌ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းလက္ခဏာရှိသော " ဧကဂ္ဂတာ" စေတသိက် တစ်ပါး၊
၆၊ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ခြင်းလက္ခဏာရှိသော " ဇီဝိတိန္ဒြေ " စေတသိက် တစ်ပါး၊
၇၊ အာရုံ၌ နှစ်လုံးသွင်းခြင်းလက္ခဏာရှိသော " မနသိကာရ" စေတသိက် တစ်ပါး
အားဖြင့် (၇) ပါးဖြစ်ပါသည်။
(ခ) ပကိဏ်းစေတသိက် (၆) ပါး
၁၊ အာရုံသို့ ရှေးရှု တက်ရောက်ခြင်းလက္ခဏာရှိသော "ဝိတက်"စေတသိက် တစ်ပါး၊
၂၊ အာရုံကို သုံးသပ်ခြင်း လက္ခဏာရှိသော" ဝိစာရ" စေတသိက်တစ်ပါး၊
၃၊ အာရုံကို နှစ်သက်ခြင်း လက္ခဏာရှိသော " ပီတိ" စေတသိက်တစ်ပါး၊
၄၊ အာရုံ ဆုံးဖြတ်ခြင်း လက္ခဏာရှိသော " အဓိမောက္ခ" စေတသိက် တစ်ပါး၊
၅၊ အာရုံကို ထောက်ပံ့ခိုင်စေခြင်း လက္ခဏာရှိသော " ဝီရိယ" စေတသိက်တစ်ပါး၊
၆၊ ပြုလိုကာမတ္တသာ လက္ခဏာရှိသော "ဆန္ဒ" စေတသိက်တစ်ပါး၊
အားဖြင့် (၆) ပါးဖြစ်ပါသည်။
အဓိပ္ပါယ်
အညသမာန - သောဘနစိတ်၌ အသောဘနစိတ်မှ တပါး သောဘနစိတ်နှင့်တူသည်၏အဖြစ်၊ အသောဘန စိတ်၌ယှဉ်ခိုက် သောဘနစိတ်မှတပါး အသောဘနစိတ်နှင့် တူသည်၏ အဖြစ်ကြောင့် အညသမာန မည်ပါသည်။
သဗ္ဗစိတ္တသာဓာရဏ - စိတ်အားလုံးနှင့် ဆက်ဆံသည် ယှဉ်သည်အဖြစ်ကြောင့် သဗ္ဗစိတ္တသာဓာရဏ မည်ပါသည်။
ပကိဏ္ဏက - တချို့ တဝက်သောစိတ်တို့နှင့်သာ ရောရော ပြွမ်းပြွမ်းယှဉ်သောကြောင့် ပကိဏ္ဏက မည်ပါသည်။
(၂) အကုသိုလ်စေတသိက် (၁၄) ပါး
၁၊ အာရုံကို ဖုံးလွှမ်းခြင်း လက္ခဏာရှိသော " မောဟ" စေတသိက် တစ်ပါး၊
၂၊မကောင်းမှု ဒုစရိုက်တရားတို့ကို ပြုခြင်း၌ မရှက်ခြင်းလက္ခဏာရှိသော " အဟိရိက" စေတသိက် တစ်ပါး၊
၃၊ မကောင်းမှု ဒုစရိုက်တရားတို့ကို ပြုခြင်း၌ မလန့်ခြင်းလက္ခဏာရှိသော " အနောတ္တပ္ပ" စေတသိက်တစ်ပါး၊
၄၊ အာရုံပျံ့လွှင့်ခြင်းလက္ခဏာရှိသော " ဥဒ္ဓစ္စ" စေတသိက် တစ်ပါး၊
၅၊အာရုံ၌ တပ်မက်ခြင်း လက္ခဏာရှိသော " လောဘ" စေတသိက် တစ်ပါး၊
၆၊ အာရုံ၌ အမြင်မှားခြင်းလက္ခဏာရှိသော " ဒိဌိ" စေတသိက်တစ်ပါး၊
၇၊ ဝင့်ဝါထောင်လွှားခြင်းလက္ခဏာရှိသော " မာန" စေတသိက်တစ်ပါး၊
၈၊ကြမ်းတမ်းပြစ်မှားခြင်းလက္ခဏာရှိသော " ဒေါသ" စေတသိက်တစ်ပါး၊
၉၊ သူတပါးစည်းစိမ်ကို ငြူစူမနာလိုခြင်း လက္ခဏာရှိသော " ဣဿာ" စေတသိက် တစ်ပါး၊
၁၀၊ မိမိစည်းစိမ်ကို နှမျှော ဝန်တိုခြင်းလက္ခဏာရှိသော " မစ္ဆရိယ" စေတသိက် တစ်ပါး၊
၁၁၊ ပြုအပ်ပြီးသော ဒုစရိုက်၊ မပြုလိုက်မိသော သုစရိုက်တရားတို့၌ အဖန်တလဲလဲ စိုးရိမ်ပူပန်ခြင်းလက္ခဏာရှိသော " ကုက္ကုစ္စ" စေတသိက်တစ်ပါး၊
၁၂၊ အာရုံကို မဆုံးဖြတ်နိုင်ခြင်း လက္ခဏာရှိသော " ဝိစိကိစ္ဆာ" စေတသိက် တစ်ပါး၊
၁၃၊ စိတ်၏ မခိုင်ခန့်ခြင်းလက္ခဏာရှိသော "ထိန" စေတသိက်တစ်ပါး၊
၁၄၊ စေတသိက်၏ မခိုင်ခန့်ခြင်း လက္ခဏာရှိသော " မိဒ္ဓ" စေတသိက် တစ်ပါး၊
အားဖြင့် (၁၄) ပါး ဖြစ်ပါသည်။
ဤ (၁၄) ပါးသော စေတသိက်တို့ကို အကုသိုလ်စိတ်တို့နှင့်သာ ယှဉ်သောကြောင့် “ အကုသိုလ်စေတသိက်” ဟု ခေါ်ပါသည်။
မှတ်ချက်
ပပဉ္စတရား ၃ပါး၊ သံသရာချဲ့ကားတတ်သောကြောင့် တဏှာ မာန ဒိဌိ တို့ကို ပပဉ္စတရားဟုခေါ်ပါသည်၊
(၃) သောဘနစေတသိက် ၂၅ ပါး
(က) သောဘနသာဓာရဏ စေတသိက် ၁၉ ပါး
(ခ) ဝိရတီ စေတသိက် ၃ပါး
(ဂ) အပ္ပမညာ စေတသိက် ၂ ပါး
(ဃ) ပညိန္ဒြေ စေတသိက် ၁ ပါး= ပေါင်း (၂၅) ပါး။
(က) သောဘနသာဓာရဏ စေတသိက် (၁၉) ပါး
၁၊ ဘုရားအစရှိသော ကောင်းသောအာရုံ၌ ကြည်လင်ခြင်းလက္ခဏာရှိသော " သဒ္ဓါ" စေတသိက် တစ်ပါး၊
၂၊ ဘုရားအစရှိသော ကောင်းသောအာရုံ၌ အောက်မေ့ခြင်း လက္ခဏာရှိသော "သတိ" စေတသိက် တစ်ပါး၊
၃၊မကောင်းမှု ဒုစရိုက်တရားတို့ကို ပြုခြင်း၌ ရှက်ခြင်းလက္ခဏာရှိသော " ဟိရီ" စေတသိက် တစ်ပါး၊
၄၊ မကောင်းမှု ဒုစရိုက်တရားတို့ကို ပြုခြင်း၌ လန့်ခြင်းလက္ခဏာရှိသော " ဩတ္တပ္ပ" စေတသိက် တစ်ပါး၊
၅၊ အာရုံ၌ မငြိကပ် မလိုချင် မတပ်မက်ခြင်း လက္ခဏာရှိသော အလောဘ စေတသိက် တစ်ပါး၊
၆၊ အာရုံ၌ မကြမ်းတမ်းမပြစ်မှားခြင်း လက္ခဏာရှိသော အဒေါသ စေတသိက် တစ်ပါး၊
၇၊ ထိုထိုသို့သော အာရုံတို့၌ အလယ်အလတ် ရှုခြင်းလက္ခဏာ ရှိသော တတြမဇ္ဈတ္တတာ စေတသိက် တစ်ပါး
၈၊ စေတသိက်တို့၏ ငြိမ်းအေးခြင်း လက္ခဏာရှိသော " ကာယပဿဒ္ဓိ" စေတသိက် တစ်ပါး၊
၉၊စိတ်တို့၏ ငြိမ်းအေးခြင်းလက္ခဏာရှိသော " စိတ္တပဿဒ္ဓိ" စေတသိက် တစ်ပါး၊
၁၀၊ စေတသိက်တို့၏ ပေါ့ပါးခြင်း လက္ခဏာရှိသော " ကာယလဟုတာ" စေတသိက် တစ်ပါး၊
၁၁၊ စိတ်တို့၏ ပေါ့ပါးခြင်းလက္ခဏာရှိသော " စိတ္တလဟုတာ" စေတသိက် တစ်ပါး၊
၁၂၊ စေတသိက်တို့၏ နုညံ့ခြင်းလက္ခဏာရှိသော " ကာယမုဒုတာ" စေတသိက်တစ်ပါး၊
၁၃၊ စိတ်တို့၏ နုညံ့ခြင်း လက္ခဏာရှိသော "စိတ္တမုဒုတာ" စေတသိက် တစ်ပါး၊
၁၄၊စေတသိက်တို့၏ ကောင်းမှု၌ ခန့်ငြားခြင်းလက္ခဏာရှိသော " ကာယကမ္မညတာ" စေတသိက်တစ်ပါး၊
၁၅၊စိတ်တို့၏ ကောင်းမှု၌ ခန့်ငြားခြင်း လက္ခဏာရှိသော စိတ္တကမ္မညတာ စေတသိက် တစ်ပါး၊
၁၆၊ စေတသိက်အပေါင်းတို့၏ ကောင်းမှု၌ ကျွမ်းကျင်ခြင်း လက္ခဏာရှိသော ကာယပါဂုညတာစေတသိက်တစ်ပါး၊
၁၇၊ စိတ်တို့၏ ကောင်းမှု၌ ကျွမ်းကျင်ခြင်းလက္ခဏာရှိသော စိတ္တပါဂုညတာစေတသိက်တစ်ပါး၊
၁၈၊ စေတသိက်အပေါင်းတို့၏ ဖြောင့်မတ်ခြင်း လက္ခဏာရှိသော ကာယုဇုကတာ စေတသိက် တစ်ပါး၊
၁၉၊ စိတ်တို့၏ ဖြောင့်မတ်ခြင်း လက္ခဏာရှိသော “ စိတ္တုဇုကတာ စေတသိက် တစ်ပါး၊
အားဖြင့် (၁၉) ပါး ဖြစ်ပါသည်၊
ဤ (၁၉) ပါးသော စေတသိက်တို့ကို သောဘနစိတ်တို့နှင့်သာ ဆက်ဆံသည် ယှဉ်သည်၏ အဖြစ်ကြောင့် “ သောဘန သာဓာရဏ စေတသိက်” ဟု ခေါ်ကြသည်။
မှတ်ချက်
ခန္တီ နှင့် မေတ္တာတို့၏ တရားကိုယ်ကား အဒေါသ စေတသိက်၊ ဥပေက္ခာ ၏ တရားကိုယ်ကား တတြမဇ္ဈတ္တတာ စေတသိက် ဖြစ်သည်၊
ဟိရီ နှင့် ဩတ္တပ္ပစေတသိက် နှစ်ပါးကို လောကပါလ တရားဟုဟောသည်၊ ဆိုလိုသည်က ဤတရားနှစ်ပါးကို လူတွေ ကျင့်သုံးနေသ၍ လောကကြီး မပျက်စီး ဟုဆိုပါသည်၊
(ခ) ဝိရတီ စေတသိက် (၃)ပါး
၁၊ အသက်မွေးဝမ်းကျောင်းနှင့် မသက်ဆိုင်ပဲ ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်ခြင်းလက္ခဏာရှိသော “ သမ္မာဝါစာ” စေတသိက် တစ်ပါး
၂၊ အသက်မွေးဝမ်းကြောင်းနှင့် မသက်ဆိုင်ပဲ ကာယဒုစရိုက် ၃ပါးမှ ရှောင်ကြဉ်ခြင်းလက္ခဏာရှိသော “ သမ္မာကမ္မန္တ” စေတသိက် တစ်ပါး
၃၊ အသက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်ပြီး ဝစီဒုစရိုက် ၄ပါး၊ ကာယဒုစရိုက် ၃ပါးမှ ရှောင်ကြဉ်ခြင်းလက္ခဏာရှိသော “ သမ္မာအာဇီဝ” စေတသိက် တစ်ပါး၊
ဤ ၃ ပါးသော စေတသိက်တို့ကို မကောင်းမှု ဒုစရိုက်၊ ဒုရာဇီဝ တို့မှ ရှောင်ကြဉ်ရသောကြောင့် ဝိရတီ စေတသိက် ဟု ခေါ်ကြပါသည်။
မှတ်ချက်
ဝစီဒုစရိုက် (၄) ပါး
၁၊ မုသာဝါဒ - မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း
၂၊ ပိသုဏဝါစာ - မတည့်အောင် ဂုံးချောစကားပြောဆိုခြင်း၊
၃၊ ဖရုသဝါစာ - ကြမ်းတမ်းသော စကားကိုပြောဆိုခြင်း၊
၄၊ သမ္ပပလာပ - အကျိုးမဲ့ အတင်းအဖျင်းပြောဆိုခြင်း။
ကာယဒုစရိုက် (၃) ပါး
၁၊ ပါဏာတိပါတ - သူအသက်ကို သတ်ခြင်း၊
၂၊ အဒိန္နာဒါန - သူတပါးဥစ္စာကို ခိုးယူခြင်း၊
၃၊ ကာမေသု မိစ္ဆာစာရ - ကာမဂုဏ်တို့၌ မှားယွင်းခြင်း၊
(ဂ) အပ္ပမညာ (၄) ပါး
၁၊ ဆင်းရဲသော ဒုက္ခိတသတ္တဝါမှန်သမျှကို အာရုံပြ၍ သနားခြင်း လက္ခဏာရှိသော “ ကရုဏာ” စေတသိက် တစ်ပါး၊
၂၊ ချမ်းသာသော သုခိတ သတ္တဝါမှန်သမျှကို အာရုံပြ၍ ဝမ်းသာခြင်းလက္ခဏာရှိသော “ မုဒိတာ” စေတသိက် တစ်ပါး၊
ဤ (၂) ပါးတို့ကို အာရုံပြုရာ သတ္တဝါပညတ်သည် အတိုင်းအတာ အကန့်အသတ် မရှိရသောကြောင့် “အပ္ပမညာ” ဟု ခေါ်ပါသည်။
မှတ်ချက်
အပ္ပမညာ ၄ ပါး ရှိသော်လည်း အဒေါသ စေတသိက်ဖြင့် မေတ္တာ၊ တတြမဇ္ဈတ္တတာ စေတသိက်ဖြင့် ဥပေက္ခာ ကို ယူပြီးဖြစ်သောကြောင့် ဤ၌ ၎င်းနှစ်ပါးကို ထပ်မဆိုတော့ပါ။
(ဃ) ပညိန္ဒြေ စေတသိက် တစ်ပါး
ရုပ်နာမ် သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တအားဖြင့် ရှုမြင်ပွါးများခြင်း လက္ခဏာရှိသော ပညိန္ဒြေစေတသိက် တစ်ပါး၊
ဤသို့လျှင် သောဘနစေတသိက် (၂၅) ပါး ဖြစ်ပါသည်။
သမ္ပယောဂနည်း သင်္ဂဟနည်း
စိတ်နှင့်စေတသိက် ယှဉ်တွဲဖြစ်ပေါ်ကြပုံကို လေ့လာရာ၌
(က) စေတသိက်ကို မူတည်၍ စိတ်ယှဉ်ပုံကို ပြသော သမ္ပယောဂနည်း နှင့်
(ခ) စိတ်ကို မူတည်၍ စေတသိက်ယှဉ်ပုံကိုပြသော သင်္ဂဟနည်း ဟု (၂) နည်းရှိသည်၊
သမ္ပယောဂနည်း (၁၆) နည်း
(က) အညသမာန်းစေတသိက် သမ္ပယောဂနည်း (၇) နည်း
(ခ) အကုသိုလ် သမ္ပယောဂနည်း (၅) နည်း၊
(ဂ) သောဘန သမ္ပယောဂနည်း (၄) နည်းအားဖြင့် (၁၆) နည်း။
(က) အညသမာန်းစေတသိက် သမ္ပယောဂနည်း (၇) နည်း
၁၊ သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)ပါး တို့သည် စိတ်အကျဉ်း (၈၉)/အကျယ် (၁၂၁)ပါးလုံးမှာ ယှဉ်ကြသည် ။
ပကိဏ်စေတသိက် သမ္ပယောဂနည်း (၆)
၁၊ ဝိတက်စေတသိက်သည်
ဒွေပဉ္စဝိညာဉ် (၁၀) ကြဉ်သော ကာမစိတ် (၄၄)ပါး၊
ပထမစျာန်စိတ် (၁၁) - (၅၅)ပါး သော စိတ်နှင့် ယှဉ်ကြသည်၊
မယှဉ်နိုင်သောစိတ် (၆၆) ပါး
ဒွေပဉ္စဝိညာဉ် (၁၀)၊ ဒုတိယစျာန် ၁၁၊ တတိယစျာန်-၁၁၊ စတုတ္ထစျာန် -၁၁၊ ပဉ္စမစျာန် -၂၃၊ ပေါင်း (၆၆) ပါး။
၂၊ ဝိစာရစေတသိက် နှင့် ယှဉ်နိုင်သော စေတသိက်
(၆၆) ပါး၊ အထက် (၅၅) ပါးထဲမှာ ဒုတိယစျာန်စိတ် ၁၁၊ ပါး ထည့်ဆို၊
မယှဉ်နိုင်သော စိတ် (၅၅)ပါး၊
ဝိတက်မယှဉ် (၆၆) ပါးထဲမှ ဒုတိယစျာန်စိတ် ၁၁ ပါး နှုတ် ဆိုပါ၊
၃၊ အဓိမောက္ခ စေတသိက်နှင့် ယှဉ်နိုင်သော စိတ် (၇၈) ပါး၊
ဒွေပဉ္စဝိညာဉ် ၁၀၊ ဝိစိကိစ္ဆာ ကြဉ်သော ကာမစိတ် -၄၃ ပါး၊ မဟဂ္ဂုတ် လောကုတ္တရာ- ၃၅ ပါး- အားဖြင့် (၇၈) ပါး၊
မယှဉ်သောစိတ် (၇၈) ပါး၊ ( ဆိုပါ)
၄၊ ဝီရိယစေတသိက်နှင့် ယှဉ်နိုင်သော စိတ်- ၇၃ ပါး
အကုသိုလ်စိတ် ၁၂ ပါး၊ မနောဒွါရာဝဇ္ဇန်း၊ဟသိတုပ္ပါဒ် ဟူသော အဟိတ်စိတ် ၂ပါး၊ ကာမသောဘန၊ မဟဂ္ဂုတ်၊လောကုတ္တရာစိတ် ၃၅ ပါး
အားဖြင့် - ၇၃ပါး။
မယှဉ်သောစိတ် ၁၆ ပါး၊
ဒွေပဉ္စဝိညာဉ် ၁၀၊ သန္တီရဏ ၃ပါး၊ ပဉ္စဒွါရာဝဇ္ဇန်း ၁၊ သမ္ပဋိစ္ဆိုင်း ၂ ပါး- အားဖြင့် (၁၆) ပါး၊
၅၊ ပီတိ နှင့် ယှဉ်သောစိတ် (၅၁)ပါး၊
ကာမသောမနဿ (၁၈) ပါး၊ ပထမစျာန်စိတ် ၁၁၊
ဒုတိယစျာန်စိတ် ၁၁ပါး၊ တတိယစျာန်စိတ် ၁၁ပါး အားဖြင့် (၅၁) ပါး၊
မယှဉ်နိုင်သောစိတ် (၇၀) ပါး
ကာမ သုခ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပေက္ခာ- ၃၆ ပါး၊
စတုတ္ထစျာန် ၁၁ပါး၊ ပဉ္စမစျာန်စိတ် ၂၃ ပါး အားဖြင့် (၇၀) ပါး။
၆၊ ဆန္ဒ နှင့် ယှဉ်နိုင်သော စိတ် (၆၉) ပါး
လောဘမူ ၈၊ ဒေါသမူ ၂၊ ကာမသောဘနစိတ် ၂၄ ပါး၊ မဟဂ္ဂုတ် လောကုတ္တရာ -၃၅ ပါး- အားဖြင့် ၆၉ ပါး၊
မယှဉ်နိုင်သောစိတ် (၂၀) ပါး၊
မောဟမူစိတ် ၂ ပါး၊ အဟိတ်စိတ် ၁၈ ပါး အားဖြင့် (၂၀) ပါး။
လေ့ကျင့်ခန်း
၁၊ သမ္ပယောဂနည်း နှင့် သင်္ဂဟနည်း အဓိပ္ပါယ်တို့ကို ရှင်းလင်းပြပါ၊
၂၊ စိတ်ဖြစ်တိုင်း မဖြစ်မနေ အဖော်အဖြစ် ဖြစ်ပေးရသော စေတသိက်တို့ကို ဖြေဆိုပါ၊
၃၊ (က) အဓိမောက္ခစေတသိက်နှင့် ယှဉ်သောစိတ်
(ခ) ဝီရိယစေတသိက်နှင့် မယှဉ်သောစိတ်
(ဂ) ပီတိနှင့် ယှဉ်သောစိတ်
(ဃ) ဆန္ဒနှင့် မယှဉ်သောစိတ် တို့ကို အသီးအသီး ရေတွက်ပြပါ။
၄၊ ဖော်ပြပါ စိတ်တို့ကို ဖြေဆိုပါ၊
(က) ဝိတက်နှင့်သာ ယှဉ်၍ ဝိစာရနှင့် မယှဉ်သောစိတ်၊
(ခ) ဝိစာရနှင့်သာ ယှဉ်၍ ဝိတက်နှင့် မယှဉ်သောစိတ်။
အကုသိုလ်စေတသိက် သမ္ပယောဂနည်း
၁၊ မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ ဟူသော မောစတုက်လေးပါးတို့သည် အလုံးစုံသော အကုသိုလ်စိတ် (၁၂) ပါးလုံးနှင့် ယှဉ်ပါသည်၊
၂၊ လောဘ စေတသိက်သည် လောဘမူစိတ် (၈)ပါးလုံးနှင့် ယှဉ်ပါသည်၊
မယှဉ်နိုင်သော အကုသိုလ်စိတ် (၄) ပါး။
၃၊ ဒိဌိ စေ သည် ဒိဌိဂတသမ္ပယုတ်စိတ် (၄) ပါးနှင့် ယှဉ်ပါသည်၊
မယှဉ်နိုင်သော အကုသိုလ်စိတ် (၈) ပါး
၄၊ မာန စေ သည် ဒိဌိဂတဝိပ္ပယုတ်စိတ် (၄)ပါးနှင့် ယှဉ်ပါသည်၊
မယှဉ်နိုင်သော အကုသိုလ်စိတ် (၈) ပါး
၅၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ကုက္ကုစ္စ ဟူသော ဒေါစတုက်လေးပါးတို့သည် ဒေါသမူဒွေ နှင့်ယှဉ်ပါသည်၊
မယှဉ်နိုင်သော အကုသိုလ်စိတ် (၁၀)ပါး၊
၆၊ ထိန၊ မိဒ္ဓ စေ ၂ ပါးတို့သည် အကုသိုလ် သသင်္ခါရိကစိတ် (၅) ပါးနှင့် ယှဉ်ပါသည်၊
မယှဉ်နိုင်သော အကုသိုလ်စိတ် ( ၇ )ပါး၊
၇၊ ဝိစိကိစ္ဆာ စေ သည် ဝိစိကိစ္ဆာသဟဂုတ်စိတ် တစ်ခုနှင့်သာ ယှဉ်ပါသည်၊
မယှဉ်နိုင်သော အကုသိုလ်စိတ် (၁၁) ပါး။
သောဘန စေတသိက် သမ္ပယောဂနည်း (၄)နည်း
၁၊ သောဘနသာဓာရဏ စေတသိက် (၁၉) ပါးတို့သည် အလုံးစုံသော သောဘနစိတ် (၅၉ / ၉၁) တို့နှင့် ယှဉ်ကုန်၏၊
၂၊ ဝိရတီ စေတသိက် (၃)ပါးတို့သည် မဟာကုသိုလ်စိတ် (၈)ပါးတို့နှင့် တခါတရံ အသီးသီးတစ်ခုစီ ယှဉ်ကုန်၍၊ လောကုတ္တရာစိတ် (၈) ပါးတို့နှင့် အမြဲတမ်း ပေါင်း၍ ယှဉ်ကုန်၏၊
မှတ်ချက်
နိယတ အမြဲ၊ အနိယတ မမြဲ၊ ဝိရတီစေတသိက် (၃) ပါးသည် လောကုတ္တရာစိတ် (၈) ခု၌ နိယတ အမြဲယှဉ်၍၊ မဟာကုသိုလ်စိတ် (၈) ခု၌ အနိယတ မမြဲ ရဲခါ ယှဉ်ကြသဖြင့် ဤဝိရတီစေတသိက်တို့ကို “ နိယတာနိယတ ယောဂီ စေတသိက်” တို့ဟု ခေါ်ဆိုကြသည်။
၃၊ အပ္ပမညာစေတသိက်တို့သည် မဟာကုသိုလ်စိတ် (၈) ပါး၊ မဟာကြိယာစိတ် (၈)ပါး၊မဟဂ္ဂုတ် သောမနဿ (၁၂) ပါး- ပေါင်း (၂၈) ပါးသော စိတ်တို့နှင့် ယှဉ်ကုန်၏၊
မှတ်ချက်
ကေစိ - အချို့ဆရာတို့သည် အပ္ပမညာ(၂)ပါးတို့သည် ဥပေက္ခာသဟဂုတ်တို့၌ မယှဉ်နိုင်ကုန် ဟု ဆိုကြသည်။ သူတို့အလို မဟာကုသိုလ်သောမနဿ ၄ ပါး၊ မဟာကြိယာ သောမနဿ ၄ ပါး၊ မဟဂ္ဂုတ် သောမနဿ ၁၂ ပါး၊ ပေါင်း (၂၀) ပါးတို့၌ အသီးသီး ယှဉ်ပါသည်၊
၄၊ ပညိန္ဒြေ စေတသိက်သည် ကာမသောဘန ဉာဏသမ္ပယုတ်စိတ် (၁၂) ပါး၊ မဟဂ္ဂုတ် လောကုတ္တရာစိတ် (၃၅) ပါးအားဖြင့် (၄၇) ပါးတို့နှင့် ယှဉ်ပါသည်၊
အနိယတ/ ကဒါစိ စေတသိက် (၁၁) ပါး
ဝိရတီ စေတသိက် ၃ ပါး
အပ္ပမညာစေတသိက် ၂ ပါး
ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ ၃ ပါး
မာန၊ ထိန၊ မိဒ္ဓ စေတသိက်။ ၃ ပါး- (၁၁) ပါး၊
ကျန် စေတသိက် (၄၁) ပါးသည် နိယတယောဂီ စေတသိက် ဖြစ်ပါသည်၊
တနည်း (က) နိယတယောဂီစေ (၄၁)ပါး
(ခ) အနိယတယောဂီ စေ (၈)ပါး
(ဂ) နိယတာနိယတယောဂီ စေ (၃) ပါး
(ဃ) နာနာ ကဒါစိ စေ (၈) ပါး
ဝိရတီ၊ အပ္ပမညာ၊ ဣဿာ၊မစ္ဆရိယ၊ ကုက္ကုစ္စ၊
(င) သဟ ကဒါစိ (၂) ပါး
ထိန၊ မိဒ္ဓ
(စ) ကဒါစိသာ (၁) ပါး
မာန
နာနာ ကဒါစိ ဖြစ်ပုံ နမူနာ
ဝိရတီစေတသိက် (၃) ပါးတို့၏ နာနာ ကဒါစိ ဖြစ်ပုံကား
အသက်မွေးမှုနှင့်မစပ်ပဲ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ခိုက် သမ္မာကမ္မန္တစေတသိက် ယှဉ်၍ သမ္မာဝါစာ သမ္မာအာဇီဝစေတသိက်တို့ မယှဉ်နိုင် ။
အသက်မွေးမှုနှင့်မစပ်ပဲ လိမ်ညာပြောဆိုမှုမှ ရှောင်ကြဉ်သည့်အခိုက် သမ္မာဝါစာစေတသိက် ယှဉ်၍ သမ္မာကမ္မန္တ သမ္မာအာဇီဝစေတသိက်တို့ မယှဉ်နိုင်၊ အသက်မွေးမှုနှင့် စပ်ယှဉ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သည့်အခိုက် သမ္မာအာဇီဝစေတသိက် ယှဉ်၍ သမ္မာဝါစာ သမ္မာကမ္မန္တ စေတသိက်တို့ မယှဉ်နိုင် ဤသို့ ရံခါ အသီးအသီး ယှဉ်ကြခြင်းကို နာနာ ကဒါစိ ဟုဆိုပါသည်။
( ကျန် စေတသိက်တို့ကိုလည်း နည်းမှီ၍ ဆိုပါ)
ထိန မိဒ္ဓ စေတသိက်တို့၏ သဟ ကဒါစိဖြစ်ပုံကား
စိတ် စေတသိက်တို့၏ ပျင်းရိ ထိုင်းမှိုင်းသည့်အခိုက် သသင်္ခါရိစိတ် (၅) ပါး၌ အတူတကွ ယှဉ်ကြခြင်းကို သဟကဒါစိ ဟုဆိုပါသည်။
လေ့ကျင့်ခန်း ပုစ္ဆာများ
၁၊ အကုသိုလ်ပြုတိုင်း ပါဝင်သော အကုသိုလ်စေတသိက်တို့ကို ဖြေဆိုပါ၊
၂၊ (က) လောဘ (ခ) ဒိဌိ (ဂ) မာန တို့နှင့် ယှဉ်နိုင်သော စေတသိက်တို့ကို ဖြေဆိုပါ၊
၃၊ ဒေါစတုက် (၄)ပါးတို့နှင့် ယှဉ်/မယှဉ် အကုသိုလ်စိတ်တို့ကို ရေတွက်ပြပါ။
၄၊ စေတနာ သဒ္ဓါ ကောင်းလိုက်တာ - ဟုဆိုရာ၌
(က) စေတနာ (ခ) သဒ္ဓါ စေတသိက်တို့နှင့် ယှဉ်သောစိတ်တို့ကို ရေတွက်ပြပါ၊
၅၊ ဝိရတီ စေတသိက်တို့၏ နိယတာနိယတယောဂီစေတသိက် ခေါ်ဆိုရခြင်းအကြောင်းကို ရှင်းပြပါ။
၆၊ သူတပါးကောင်းစားတာကို ဝမ်းသာရာ၌ ယှဉ်နိုင်သောစိတ်တို့ကို ကေစိဝါဒ အားဖြင့် ရေတွက်ပြပါ။
၇၊ နာနာကဒါစိ စေတသိက်တို့ကို ရေတွက်ပြပါ၊
၈၊ အေးအတူ ပူအမျှ မခွဲမခွါ ယှဉ်တွဲသော စေတသိက်တို့၏ သဟကဒါစိ ဖြစ်ပုံကို ဖြေဆိုပါ။
သင်္ဂဟနည်း (၃၃) နည်း
စိတ်ကို မူတည်၍ ယှဉ်ပုံစေတသိက်ကို ပြဆိုသော နည်းသည် သင်္ဂဟနည်း မည်၏၊ ထိုသင်္ဂဟနည်းသည်
၁၊ လောကုတ္တရာစိတ် သင်္ဂဟနည်း ၅ နည်း
၂၊မဟဂ္ဂုတ်စိတ် သင်္ဂဟနည်း ၅ နည်း
၃၊ ကာမသောဘနစိတ် သင်္ဂဟနည်း ၁၂ နည်း
၄၊ အကုသိုလ်စိတ် သင်္ဂဟနည်း ၇ နည်း
၅၊ အဟိတ်စိတ် သင်္ဂဟနည်း ၄ နည်း
အားဖြင့် (၃၃) နည်း။
လောကုတ္တရာစိတ် သင်္ဂဟနည်း (၅) နည်း
၁၊ လောကုတ္တရာ ပထမဈာန်စိတ် ၈ ခုသည် အညသမာန်းစေတသိက် ၁၃ ပါး၊ အပ္ပမညာ ကြဉ်သော သောဘန စေတသိက် ၂၃ ပါးအားဖြင့် ၃၆ ပါးသောစေတသိက်တို့နှင့် ယှဉ်ပါသည်၊
၂၊ လောကုတ္တရာ ဒုတိယဈာန်စိတ် ၈ ခုသည် အထက်ပါ ၃၆ ပါးမှ ဝိတက်ကြဉ် ၃၅ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၃၊ လောကုတ္တရာ တတိယဈာန်စိတ် ၈ ခုသည် ဝိတက်၊ ဝိစာရကြဉ် ၃၄ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၄၊ လောကုတ္တရာ စတုတ္ထဈာန်စိတ် ၈ ခုသည် ဝိတက်၊ ဝိစာရ၊ ပီတိကြဉ် ၃၃ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၅၊ လောကုတ္တရာ ပဉ္စမဈာန်စိတ် ၈ ခုသည် ဝိတက်၊ ဝိစာရ၊ ပီတိကြဉ်၊ ဥပေက္ခာဝေဒနာနှင့် တကွသော ၃၃ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်။
မှတ်ချက်
အပ္ပမညာ စေတသိက် ၂ ပါးတို့သည် သတ္တဝါပညတ်ကို အာရုံပြုသည်၊ လောကုတ္တရာစိတ်သည် နိဗ္ဗာန်ကို အာရုံပြုသည်၊ ဤသို့ အာရုံ မတူသောကြောင့် မယှဉ်နိုင်ပါ။
စတုက္က နှင့် ပဉ္စက
စတုက္ကနည်းဟူသည် တိက္ခပညာ ဉာဏ်ထက်သည့်ပုဂ္ဂိုလ်အတွက် ဒုတိယဈာန်မှာ ဝိတက်၊ ဝိစာရ နှစ်ပါးကို ပြိုင်တူပယ်နိုင်သောကြောင့် ဒုတိယဈာန် နှင့် တတိယဈာန် နှစ်ခုပေါင်းကို ဒုတိယဈာန်ယူခဲ့သော် စတုက္ကနည်းဖြစ်၏၊ အထက်ပါအတိုင်း ဈာန်အင်္ဂါ တစ်ခုချင်းပယ်ခဲ့သော် ပဉ္စကနည်းဖြစ်၏၊
မဟဂ္ဂုတ်စိတ် သင်္ဂဟနည်း (၅) နည်း
၁၊ မဟဂ္ဂုတ် ပထမဈာန်စိတ် ၃ ခုသည် အညသမာန်းစေတသိက် ၁၃ ပါး၊ ဝိရတီစေတသိက် ၃ပါးကြဉ်သော သောဘနစေတသိက် ၂၂ ပါး အားဖြင့် ၃၅ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၂၊ မဟဂ္ဂုတ် ဒုတိယဈာန်စိတ် ၃ ခုသည် အထက်ပါ ၃၅ ထဲမှ ဝိတက်ကြဉ် ၃၄ ပါးသော စေတသိက် တို့နှင့် ယှဉ်ပါသည်၊
၃၊မဟဂ္ဂုတ် တတိယဈာန်စိတ် ၃ ခုသည် ဝိတက်၊ ဝိစာရကြဉ် ၃၃ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၄၊ မဟဂ္ဂုတ် စတုတ္ထဈာန်စိတ် ၃ ခုသည် ဝိတက်၊ ဝိစာရ၊ ပီတိကြဉ် ၃၂ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၅၊မဟဂ္ဂုတ် ပဉ္စမဈာန်စိတ် ၁၅ ခုသည် ဝိတက်၊ဝိစာရ၊ ပီတိ၊ အပ္ပမညာ ကြဉ် ဥပေက္ခာဝေဒနာနှင့် တကွ ၃၀ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
မှတ်ချက်
အပ္ပမညာ စေတသိက် ၂ ပါးတို့သည် ရံခါ၊ တစ်ခုစီ အသီးအသီးယှဉ်ကြပါသည်၊ဒုက္ခိတသတ္တဝါ ကို အာရုံပြုခိုက် ကရုဏာသာယှဉ်၍ မုဒိတာ မယှဉ်နိုင်၊ သုခိတ သတ္တဝါကို အာရုံပြုခိုက် မုဒိတာသာယှဉ်၍ ကရုဏာ မယှဉ်နိုင် ဟု ဆိုလိုပါသည်။
ကာမသောဘနစိတ် သင်္ဂဟနည်း (၁၂) နည်း
၁၊ မဟာကုသိုလ်စိတ်သင်္ဂဟနည်း ၄ နည်း
၂၊ မဟာကြိယာစိတ် သင်္ဂဟနည်း ၄ နည်း
၃၊ မဟာဝိပါက်စိတ် သင်္ဂဟနည်း ၄ နည်း - -အားဖြင့် (၁၂) နည်း။
မဟာကုသိုလ်စိတ် သင်္ဂဟနည်း (၄ )နည်း
၁၊ မဟာကုသိုလ် ပထမဒွေးစိတ်တို့သည် အညသမာန်းစေတသိက် ၁၃ ပါး၊ သောဘန စေတသိက် ၂၅ ပါး၊ အားဖြင့် (၃၈) ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၂၊ မဟာကုသိုလ် ဒုတိယဒွေး စိတ်တို့သည် အညသမာန်း စေ ၁၃ ပါး၊ ပညိန္ဒြေ ကြဉ်သော သောဘန စေတသိက် ၂၄၊ အားဖြင့် (၃၇)ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၃၊ မဟာကုသိုလ် တတိယဒွေးစိတ် တို့သည် ပီတိကြဉ်သော အညသမာန်း စေ ၁၂ ပါး၊ သောဘန စေ ၂၅ ပါး၊ အားဖြင့် (၃၇) ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၄၊ မဟာကုသိုလ် စတုတ္ထဒွေးစိတ် တို့သည် ပီတိကြဉ် သော အညသမာန်း စေ ၁၂ ပါး၊ ပညိန္ဒြေ ကြင်္်သေဋ သောဘန စေ ၂၄ ပါး၊ အားဖြင့် (၃၆) ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်။
မှတ်ချက်
ဝိရတီ၊ အပ္ပမညာစေတသိက် ၅ ပါးတို့သည် ရံခါ အသီးသီး ယှဉ်ကြပါသည်။
ဤစကားအရ မဟာကုသိုလ် ပထမဒွေးမှာ ယှဉ်နိုင်ခွင့်စေတသိက်သည် ၃၈ ပါး၊
တပြိုင်နက်ယှဉ်နိုင်သည်က ၅ပါးထဲမှ တစ်ပါးသာပါဝင်နိုင်၍ ၄ပါးလျှော့- ၃၄ ပါး၊
အမြဲတမ်းယှဉ်နိုင်စေတသိက်ကား ၅ ပါးလုံးကြဉ် စေတသိက် ၃၃ ပါးဖြစ်ပါသည်၊
ကျန် နာနာကဒါစိ အယှဉ်ပါဝင်လာလျှင် ဤကဲ့သို့ သုံးချက် စဉ်းစားနိုင်သည်။
မဟာကြိယာစိတ် သင်္ဂဟနည်း ( ၄ ) နည်း
၁၊ မဟာကြိယာ ပထမဒွေး စိတ်တို့သည် အညသမာန်းစေတသိက် ၁၃ ပါး၊ ဝိရတီကြဉ်သော သောဘနစေတသိက် ၂၂ ပါး၊ အားဖြင့် ( ၃၅) ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၂၊ မဟာကြိယာ ဒုတိယဒွေး စိတ်တို့သည် အညသမာန်း စေ ၁၃ ပါး၊ ဝိရတီ၊ပညိန္ဒြေ ကြဉ်သော သောဘန စေ ၂၁ ပါး၊ အားဖြင့် ၃၄ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၃၊ မဟာကြိယာ တတိယဒွေး စိတ်တို့သည် ပီတိကြဉ် အညသမာန်းစေ ၁၂ ပါး၊ ဝိရတီကြဉ် သောဘနစေ ၂၂ ပါး၊ အားဖြင့် ၃၄ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၄၊ မဟာကြိယာ စတုတ္ထဒွေး စိတ်တို့သည် ပီတိကြဉ် အညသမာန်းစေ ၁၂၊ ဝိရတီ၊ ပညိန္ဒြေကြဉ် သောဘနစေတသိက် ၂၁ ပါး၊ အားဖြင့် ၃၃ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
မဟာဝိပါက်စိတ် သင်္ဂဟနည်း ( ၄ ) နည်း
၁၊ မဟာဝိပါက်စိတ် ပထမဒွေးသည် အညသမာန်းစေ ၁၃ ပါး၊ ဝိရတီ အပ္ပမညာကြဉ်သော သောဘနစေတသိက် ၂၀၊ အားဖြင့် ၃၃ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၂၊ မဟာဝိပါက်စိတ် ဒုတိယဒွေးသည် အညသမာန်းစေ ၁၃ ပါး၊ သောဘနသာဓာရဏ စေ ၁၉ ပါး၊ အားဖြင့် ၃၂ ပါးသော စေ တသိက်တို့နှင့် ယှဉ်ပါသည်၊
၃၊ မဟာဝိပါက်စိတ် တတိယဒွေးသည် ပီတိကြဉ် အညသမာန်းစေ ၁၂ ပါး၊ ဝိရတီအပ္ပမညာကြဉ်သော သောဘန စေတသိက် ၂၀ ပါး အားဖြင့် ၃၂ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၄၊ မဟာဝိပါက်စိတ် စတုတ္ထဒွေးသည် ပီတိကြဉ် အညသမာန်းစေ ၁၂ ပါး၊ သောဘနသာဓာရဏစေတသိက် ၁၉ ပါး အားဖြင့် ၃၁ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
စိတ်ချင်းထူးအောင် ကွဲပြားအောင် ပြုသော ဝိသေသကစေတသိက်များ
ဝိရတီ ၃၊ အပ္ပမညာ ၂၊ ပီတိ၊ ပညိန္ဒြေ၊ ဝိတက်၊ ဝိစာရ၊ သုခ၊-(၁၀) ပါး။
လောကုတ္တရာစိတ်၌ ဝိသေသကစေတသိက် ၄ ပါး - ဝိတက် ဝိစာရ ၊ပီတိ၊ သုခ၊မဟဂ္ဂုတ်စိတ်၌ ဝိသေသကစေတသိက် ၆ ပါး- ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ အပ္ပမညာ
ကာမသောဘနစိတ်၌ ဝိသေသကစေတသိက် ၇ ပါး - ဝိရတီ၊အပ္ပမညာ၊ ပီတိ၊ ပညာ၊
ဝိသေသကဖြစ်ပုံ နမူနာ
လောကုတ္တရာစိတ်၌ ဝိတက်စေတသိက်၏ စိတ်ချင်းကွဲပြားအောင် ပြုပုံကား
ဝိတက်စေတသိက်သည် ပထမဈာန် နှင့်သာယှဉ်၍ ဒုတိယဈာန် စသည်နှင့်မယှဉ်၊
ဤသို့ ယှဉ်/ မယှဉ်အားဖြင့် ဝိတက်သည် ပထမဈာန် နှင့် ဒုတိယဈာန် စသည်ကို ကွဲပြားအောင် ပြုသတည်း။
လေ့ကျင့်ခန်း ပုစ္ဆာများ
၁၊ လောကုတ္တရာစိတ် သင်္ဂဟနည်း ၅ နည်းကို ရေတွက်ပြပါ။
၂၊ စတုက္ကနည်း၊ ပဉ္စကနည်း အကြောင်းကို ရှင်းပြပါ၊
၃၊ လောကုတ္တရာစိတ်၌ အပ္ပမညာ မယှဉ်နိုင်ခြင်းအကြောင်းကို ဖြေဆိုပါ၊
၄၊မဟာကုသိုလ် ဒုတိယဒွေးနှင့် (က) ယှဉ်နိုင်ခွင့်၊(ခ) တပြိုင်နက် (ဂ)အမြဲတမ်း ယှဉ်နိုင်သော စေတသိက်တို့ကို အရေအတွက်မျှ ဖြေဆိုပါ။
၅၊ မဟဂ္ဂုတ်စိတ်၌ စိတ်ချင်းထူးအောင်ပြုသော ဝိသေသက စေတသိက်တို့ကို ဖြေဆိုပါ။
၆၊ ပီတိ စေတသိက်၏ မဟာကုသိုလ်စိတ်၌ ကွဲပြား ထူးခြားအောင် ပြုပုံကို ဖြေဆိုပါ။
အကုသိုလ်စိတ် သင်္ဂဟနည်း ၇ နည်း
၁၊ ပထမ ဒုတိယ အသင်္ခါရိကစိတ် သင်္ဂဟနည်း ၁၊
၂၊ တတိယ စတုတ္ထအသင်္ခါရိကစိတ် သင်္ဂဟနည်း ၁၊
၃၊ ပဉ္စမ အသင်္ခါရိကစိတ် သင်္ဂဟနည်း ၁၊
၄၊ ပထမ ဒုတိယ သသင်္ခါရိက သင်္ဂဟနည်း ၁၊
၅၊ တတိယ စတုတ္ထ သသင်္ခါရိကစိတ် သင်္ဂဟနည်း ၁၊
၆၊ ပဉ္စမ သသင်္ခါရိကစိတ် သင်္ဂဟနည်း ၁၊
၇၊ မောဟမူဒွေ ၏ သင်္ဂဟနည်း ၁၊ အားဖြင့် (၇) နည်း။
၁၊ ပထမ အသင်္ခါရိကစိတ်သည် အညသမာန်းစေတသိက် ၁၃၊ မောစတုက်လေးပါး၊ လောဘ၊ဒိဌိ၊အားဖြင့် (၁၉) ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
ဒုတိယ အသင်္ခါရိကစိတ်သည် အညသမာန်းစေ၁၃၊ မောစတုက် ၄ပါး၊ ဘောဘ ၊ မာန အားဖြင့် (၁၉) ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၂၊ တတိယ အသင်္ခါရိက စိတ်သည် ပီတိကြဉ် အညသမာန်းစေ ၁၂၊ မောစတုက် ၄ ပါး၊ လောဘ၊ ဒိဌိ အားဖြင့် (၁၈) ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
စတုတ္ထအသင်္ခါရိကစိတ်သည် ပီတိကြဉ် အညသမာနးစေ ၁၂ ပါး၊ မောစတုက် ၄ ပါး၊ လောဘ၊ မာန အားဖြင့် (၁၈) ပါးသော စေတသိကတို့နှငိ့ ယှဉ်ပါသည်၊
၃၊ ပဉ္စမ အသင်္ခါရိကစိတ် သည် ပီတိကြဉ် အညသမာန်းစေ ၁၂ ပါး၊ မောစတုက် ၄ပါး၊ ဒေါစတုက် ၄ ပါး၊အားဖြင် (၂၀) ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၄၊ ပထမ သသင်္ခါရိကစိတ်သည် အညသမာန်းစေ ၁၃ ပါး၊ မောစတုက် ၄ပါး၊ လောဘ၊ ဒိဌိ၊ ထိန၊ မိဒ္ဓ အားဖြင့် ၂၁ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
ဒုတိယ သသင်္ခါရိက စိတ်သည် အညသမာန်းစေ ၁၃ ပါး၊ မောစတုက် ၄ပါး၊ ဘောဘ၊ မာန၊ ထိန ၊ မိဒ္ဓ အားဖြင့် ၂၁ ပါးသောစေတသိက်တို့နှင့် ယှဉ်ပါသည်၊
၅၊ တတိယ သသင်္ခါရိကစိတ်သည် ပီတိကြဉ် အညသမာန်းစေ ၁၂ ပါး၊ မောစတုက် ၄ ပါး၊ လောဘ၊ ဒိဌိ၊ထိန၊ မိဒ္ဓ အားဖြင့် ၂၀ ပါးသောစေတသိက်တို့နှင့် ယှဉ်ပါသည်၊
စတုတ္ထသသင်္ခါရိက စိတ်သည် ပီတိကြဉ် အညသမာန်းစေ ၁၂ ပါး၊ မောစတုက် ၄ ပါး၊လောဘ၊ မာန၊ ထိန၊မိဒ္ဓ အားဖြင့် ၂၀ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၆၊ ပဉ္စမ သသင်္ခါရိက စိတ်သည် ပီတိကြဉ် အညသမာန်းစေ ၁၂ ပါး၊မောစတုက်၄ ပါး၊ ဒေါစတုက် ၄ ပါး၊ ထိန၊ မိဒ္ဓ အားဖြင့် ၂၂ ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
၇၊ ဥဒ္ဓစ္စ သဟဂုတ်စိတ်သည် ဆန္ဒ၊ပီတိ၊ ကြဉ် အညသမာန်းစေတသိက် ၁၁ ပါး၊ မောစတုက် ၄ပါး၊ အားဖြင့် ၁၅ ပါးသော စေတသိက်တို့နှင့်ယှဉ်ပါသည်။
ဝိစိကိစ္ဆာသဟဂုတ်စိတ်သည် ဆန္ဒ၊ ပီတိ၊ အဓိမောက္ခ ကြဉ်သော အညသမာန်းစေတသိက် ၁၀၊ ပါး၊ မောစတုက် ၄ ပါး၊ဝိစိကိစ္ဆာ အားဖြင့် (၁၅) ပါးသော စေတသိက်တို့နှင့် ယှဉ်ပါသည်၊
မှတ်ချက်
ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ တို့သည် ရံခါ၊ အသီးအသီး ယှဉ်ကြသည်၊
ထို့ကြောင့် ဒေါသမူဒွေးမှာ (က) ယှဉ်နိုင်ခွင့် (ခ) တပြိုင်နက်(ဂ) အမြဲတမ်း စေတသိက်တို့ ယှဉ်ပုံ ကွဲပြားကြသည်။
သဗ္ဗာကုသလယောဂီ အကုသိုလ်ပြုတိုင်း ပါဝင်နိုင်သော စေတသိက် (၁၄) ပါး
ဆန္ဒ၊ ပီတိ၊ အဓိမောက္ခကြဉ်သော အညသမာနးစေတသိက် ၁၀ ပါး၊ မောစတုက် ၄ ပါး အားဖြင့် (၁၄) ပါး။
အမှာ
အကုသိုလ်ပြုတိုင်း ပါဝင်သော အကုသိုလ်စေတသိက်ဆိုရင် (၄) ပါးသာဖြေရမည်။
အဟိတ်စိတ် သင်္ဂဟနည်း ၄ နည်း
၁၊ ဟသိတုပ္ပါဒ်စိတ်သည် ဆန္ဒကြဉ်သော အညသမာန်းစေတသိက် (၁၂) သောစေတသိက် တို့နှင့် ယှဉ်ပါသည်၊
၂၊ မနောဒွါရာဝဇ္ဇန်းစိတ်သည် ဆန္ဒ၊ပီတိကြဉ် အညသမာန်းစေတသိက် ၁၁ ပါးနှင့်ယှဉ်ပါသည်၊
သောမနဿသန္တီရဏ စိတ်သည် ဆန္ဒ၊ ဝီရိယ ကြဉ်သော အညသမာန်းစေတသိက် ၁၁ ပါး နှင့် ယှဉ်ပါသည်၊
၃၊ ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေး ဟူသော မနောဓာတ် ၃ပါးတို့သည် ဆန္ဒ၊ ပီတိ၊ ဝီရိယ ကြဉ်သော အညသမာန်းစေတသိက် ၁၀ ပါးတို့နှင့် ယှဉ်ပါသည်၊
၄၊ ဒွေပဉ္စဝိညာဉ် ၁၀ ပါးသည် သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါးတို့နှင့်သာ ယှဉ်ပါသည်။
သဗ္ဗာဟေတုက ယောဂီ အဟိတ်စိတ်တိုင်းနှင့် ယှဉ်သော စေတသိက် (၇) ပါး
သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါး ဖြစ်ပါသည်။
စိတ္တေန သမမုဒ္ဒိသေ- စေတသိက်ကို စိတ်နှင့်အမျှ ရေတွက်ယူရမည်။
ဥပမာ၊ ဖဿ စေတသိက်သည် စိတ်အားလုံးနှင့် ယှဉ်သောကြောင့် ဖဿစေတသိက်ပေါင်း ၈၉/ ၁၂၁ ပါးရှိပါသည်၊
ဝိတက်စေတသိက်ပေါင်း ၅၅ ပါး
ဝိစာရစေတသိက် ပေါင်း ၆၆ ပါး
ပညိန္ဒြေစေတသိက်ပေါင်း ၄၇ ပါး စသည်ရှိကြပုံကို သိပါ။
လေ့ကျင့်ခန်းပုစ္ဆာများ
၁၊ လောဘမူ ဒုတိယ အသင်္ခါရိက စိတ်နှင့် ယှဉ်နိုင်သော စေတသိက်တို့ကို ဖြေဆိုပါ၊
၂၊ ပဉ္စမအသင်္ခါရိက စိတ်နှင့် ယှဉ်နိုင်သော စေတသိက်တို့ကို ဖော်ပြပါ၊
၃၊ ပဉ္စမ သသင်္ခါရိက စိတ်နှင့် (က) ယှဉ်နိုင်ခွင့် (ခ) တပြိုင်နက် (ဂ) အမြဲတမ်း ယှဉ်ကြသော စေတသိက်တို့ကို ဖြေဆိုပါ။
(၄) မောဟမူဒွေးတို့၏ စေတသိက် ယှဉ်ပုံ ထူးခြားချက်တို့ကို ဖြေဆိုပါ
၅၊ အကုသိုလ်ပြုတိုင်း ပါဝင်နိုင်သော (က) အကုသိုလ်စေတသိက် (ခ) အကုသိုလ် မဟုတ်သော စေတသိက် တို့ကို ဖော်ပြပါ၊
၆၊ မနောဓာတ် ၃ ခုနှင့် ယှဉ်နိုင်သော စေတသိက်တို့ကို ဖြေဆိုပါ၊
၇၊ စိတ္တေန သမမုဒ္ဒိသေ အရ (က) လောဘ (ခ) အလောဘ (ဂ) ကရုဏာ၊ (ဃ) ပညာ စေတသိက်တို့၏ အရေအတွက်သင်္ချာမျှ ဖြေဆိုပါ၊
သင်ရိုးကဏ္ဍ
ရုပ်ပိုင်း
အအေးအပူ စသည်ကြောင့် သိသိသာသာ ဖောက်ပြန်ပြောင်းလဲတတ်သောသဘောတရားကို ရုပ်ဟုခေါ်သည်၊
ထိုရုပ်နှင့် ပတ်သက်၍ ဤရုပ်ပိုင်းတွင် ဖော်ပြပါ ကဏ္ဍကြီး (၅) ခု ဖြင့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ လာသည့်အတိုင်း အသေးစိတ် ပြဆိုသွားပါမည်၊
(က) ရူပသမုဒ္ဒေသ - ရုပ်ကို အကျဉ်းအားဖြင့် ပြဆိုခြင်း၊
(ခ) ရူပဝိဘာဂ - ရုပ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်း
(ဂ) ရူပသမုဋ္ဌာန - ရုပ်တို့၏ ဖြစ်ကြောင်းကို ပြဆိုခြင်း
(ဃ) ရူပကလာပ - ရုပ်တို့၏ ဖွဲ့စည်းပုံကိုပြဆိုခြင်း
(င) ရူပ ပဝတ္တိက္ကမ - ရုပ်တို့၏ ဖြစ်စဉ်ကို ပြဆိုခြင်း
(က) ရူပသမုဒ္ဒေသ
ရုပ်သည် အကျဉ်းအားဖြင့် (၂)မျိုးရှိ၏၊
၁၊ ဘူတရုပ် ၂၊ ဥပါဒါရုပ်
၁၊ ဘူတရုပ်
ဘူတရုပ်သည် မဟာဘူတ - မဟာဘုတ်- ကြီးကျယ် ထင်ရှားသော အမာခံရုပ် ၄ မျိုး
-ပထဝီဓာတ်- နုညံ့/ ခက်မာသည့်သဘော
-အာပေါဓာတ်- ဖွဲ့စည်း/စီးယိုသည့် သဘော
-တေဇောဓာတ်- အပူ/ အအေး သဘော
-ဝါယောဓာတ်- ထောက်ခံ/ လှုပ်ရှားသည့် သဘော
ဆောင်ပုဒ်
နုညံ့ /ခက်မာ၊ ဤနှစ်ဖြာ၊ မှတ်ပါ ပထဝီဓာတ်၊
-ဖွဲ့စည်း/စီးယို၊ ဤနှစ်ကို၊ ခေါ်ဆို အာပေါဓာတ်၊
-ပူမှု/ အေးမှု၊ ဤ နှစ်ခု၊ ခေါ်ပြု တေဇောဓာတ်၊
- ထောက်ခံ/ လှုပ်ရှား၊ ဤ နှစ်ပါး၊ ခေါ်ငြား ဝါယောဓာတ်၊ (လယ်တီ)
၂၊ ဥပါဒါရုပ်
မှီခိုရုပ် - မဟာဘုတ်အပေါ် မှီ၍ ဖြစ်ပေါ်လာသော အပေါ်ရုပ်၊ (၂၄) ပါး
(က) ပသာဒ-အကြည်ရုပ် ၅ ပါး
၁၊ စက္ခုပသာဒ - မျက်စိအကြည်ရုပ်-မျက်လုံးအိမ်မျက်ကြည်လွှာခုနစ်ထပ်အတွင်း သန်းဥခေါင်း ပမာဏမှာ တည်သည်၊
၂၊ သောတပသာဒ - နားအကြည်ရုပ်- နားအတွင်း က်စွပ်ကွင်း သဏ္ဌာန်မှာ တည်သည်၊
၃၊ ဃာနပသာဒ - နှာခေါင်း အကြည်ရုပ်- နှာခေါင်းအတွင်း ဆိပ်ခွါသဏ္ဌာန်မှာ တည်သည်၊
၄၊ ဇိဝှါပသာဒ - လျှာအကြည်ရုပ်- လျှာအပေါ် ကြာဖတ်သဏ္ဌာန်မှာ တည်သည်၊
၅၊ ကာယပသာဒ - ကိုယ်အကြည်ရုပ်- ဆံပင်ဖျား၊ခြေသည်း လက်သည်းဖျား၊ အသားမာ၊ အရေခြောက်မှ တပါး ခန္ဓာကိုယ် တကိုယ်လုံးမှာ ပျံ့နှံ့တည်သည်၊
(ခ) ဂေါစရ- အာရုံရုပ် (၇) ပါး
၁၊ ရူပါရုံ - အဆင်း
၂၊ သဒ္ဒါရုံ - အသံ
၃၊ ဂန္ဓာရုံ - အနံ့
၄၊ ရသာရုံ - အရသာ
၅၊၆၊၇၊ဖောဌဗ္ဗာရုံ- အတွေ့ ( အတွေ့ ၃မျိုး-ပထဝီ၊ တေဇော၊ ဝါယော)
မှတ်ချက်
အာပေါဓာတ် သည် လွန်စွာနုညံ့ သိမ်မွေ့သဖြင့် ထိတွေ့စမ်းသပ်မရကောင်းသောကြောင့် ဖောဌဗ္ဗာရုံတွင် မပါဝင်နိုင်ပါ၊
ဆောင်ပုဒ်
အာပေါ ဓလေ့၊ လွန်သိမ်မွေ့သဖြင့်၊ တွေ့ထိ စမ်းသပ်၊ မရအပ်၊ ဖောဌဗ် မမည်ထိုက်၊ (အခြေပြု)
(ဂ) ဘာဝရုပ် (၂)ပါး
၁၊ ဣတ္ထိဘာဝရုပ် - မိန်းမအဖြစ်သိကြောင်းရုပ်
( အမသတ္တဝါ တို့၏ တကိုယ်လုံး ပျံ့နှံ့လျက်တည် သည်)
၂၊ ပုမ္ဘာဝရုပ် - ယောင်္ကျားအဖြစ် သိကြောင်းရုပ်
( အထီးသတ္တဝါ တို့၏ တကိုယ်လုံး ပျံ့နှံ့လျက် တည်သည်)
(ဃ) ဟဒယရုပ် ၁ ပါး
သားမြတ် နှစ်ခုတို့၏ အလယ် နှစ်လုံးအိမ်အတွင်း ပုန်းညက်စေ့ခန့်ကျယ်သော တွင်းငယ်ရှိ သွေးအစု ၌ တည်သည်၊ သက်ဆိုင်ရာ စိတ် စေတသိက်တို့၏ မှီရာ ဖြစ်၏၊ စိတ်လှုပ်ရှားမှု ဖြစ်သောအခါ ခုံသည့်နေရာ ဖြစ်၏
(င) ဇီဝိတရုပ် (၁) ပါး
ကံကြောင့်ဖြစ်သော ရုပ်ဖြစ်စဉ်ကိုစောင့်ရှောက်သောရုပ်၊ တကိုယ်လုံး၌ပျံ့နှံ့ တည်သည်၊
(စ) အာဟာရရုပ် (၁) ပါး
အစားအစာ၌ ပါသော အဆီအစေး အနှစ် ဗီတာမင်ဓာတ်သည် အာဟာရရုပ် ဖြစ်သည်၊
ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့ တည်ရှိနေသောရုပ်များ
ဘာဝရုပ်၊ ကာယပသာဒရုပ်၊ ဇီဝိတရုပ်၊ အာပေါဓာတ်လွန်ကဲသော သုက်၊ သွေး သည်းခြေ များသည် အစိုဓာတ်ရှိသော ခန္ဓာကိုယ်နေရာအား
လုံးမှာ ပျံ့နှံ့ တည်ရှိပါသည်။
သဘာဝရုပ် စသည် နာမည် ခေါ်ဆိုခြင်း
ဤ ဆိုခဲ့ပြီးသော မဟာဘုတ် ၄ ပါး၊ ပသာဒရုပ် ၅ ပါး၊ ဂေါစရရုပ် ၄ ပါး၊( ပထဝီ၊တေဇော၊ဝါယော- သုံးပါးက ရှေ့ မဟာဘုတ် ၄ပါးထဲ ပါပြီးဖြစ်၍ ထပ်မရေတွက်) ဘာဝရုပ် ၂ ပါး၊ ဇိဝိတရုပ်၊ ဟဒယရုပ်၊ အာဟာရရုပ် အားဖြင့် (၁၈) ပါးသော ရုပ်တို့ကို
၁၊ သဘာဝရုပ် — ကိုယ်ပိုင် သဘောလက္ခဏာများ အသီးအသီး ရှိကြသောကြောင့် “ သဘာဝရုပ်” ဟုခေါ်ကြသည်၊
၂၊ သလက္ခဏရုပ် — အနိစ္စ၊ ဒုက္ခ၊အနတ္တ စသော အများဆိုင် လက္ခဏာအားဖြင့် ထင်ရှားရှိသောကြောင့် “ သလက္ခဏရုပ်” ဟု ခေါ်ကြသည်၊
၃၊ နိပ္ဖန္နရုပ် — ကံ စိတ် ဥတု အာဟာရ တည်းဟူဟော အကြောင်းတရားလေးပါးတို့ဖြင့် ဖြစ်ခြင်းကြောင့် “ နိပ္ဖန္နရုပ်” ဟု ခေါ်ကြသည်၊
၄၊ ရူပရုပ် — အအေး အပူ စသော ဆန့်ကျင်ဘက် အကြောင်းတို့ဖြင့် ဖောက်ပြန် ပြောင်းလဲတတ်သောသောကြောင့် “ ရူပရုပ” ဟု ခေါ်ဆိုကြသည်၊
၅၊ သမ္မသနရုပ် — လက္ခဏာရေး သုံးပါးတို့ဖြင့် သုံးသပ်အပ်သောကြောင့် “ သမ္မသနရုပ်” ဟု ခေါ်ဆိုကြသည်၊
အသဘာဝရုပ် စသည် နာမည် ခေါ်ဆိုခြင်း
ဤ (၁၈) ပါးမှ တပါး ကျန် (၁၀) ပါးသော ရုပ်တို့ကို
ထင်ရှားရှိ သဘာဝ နိပ္ဖန္နရုပ်တို့၏ အကြား ရွေ့ရှား ပြုပြင် ပြောင်းလဲနေသော အရိပ်အရောင်အမှတ်အသားများကိုပင် ပရိစ္ဆေဒရုပ်စသည် ခေါ်ဆိုသောကြောင့် အသဘာဝရုပ်၊ အလက္ခဏရုပ်၊အနိပ္ဖန္နရုပ်၊ အရူပရုပ်၊ အသမ္မသနရုပ် ဟု ခေါ်ဆိုကြပါသည်၊ သီးခြားထင်ရှားရှိသော ရုပ်များမဟုတ်ကြသဖြင့် ပညတ်ရုပ်၊ ရုပ်အတု ဟုလည်း ခေါ်ဆိုကြပါသည်၊
အသဘာဝရုပ် (၁၀) ပါး
၁၊ ပရိစ္ဆေဒရုပ် ၁ ပါး
ရုပ်ကလာပ်စည်းတို့၏ အကြား အာကာသဓာတ်သည် ပရိစ္ဆေဒရုပ်မည်ပါသည်၊
၂၊ ဝိညတ်ရုပ် ၂ ပါး
မိမိအလိုဆန္ဒကို သူတပါးအား သိစေခြင်း အမူအယာထူးသည် ဝိညတ်ရုပ်မည်၏၊ ထိုဝိညတ်သည်
(က) ကာယဝိညတ် - ကိုယ်ဖြင့် သိစေသော အမူအယာ၊
(ခ) ဝစီဝိညတ် - နှုတ်ဖြင့် သိစေသော အမူအယာ၊
၃၊ လဟုတာဒိရုပ် ၃ ပါး
လဟုတာရုပ် - စိတ်ချမ်းသာသောအခါ၊ ရာသီဥတုညီမျှသောအခါ၊ အစာအာဟာရမျှတ သောအခါတို့၌ ရုပ်ခန္ဓာ၏ ပေါ့ပါးနေခြင်း လဟုတာရုပ်
ပျော့ပြောင်းနုညံ့ နေခြင်း မုဒုတာရုပ်
ရုပ်ခန္ဓာကိုယ်၏ ကိုယ်နှုတ် အမူအယာများ၏ ခန့်ညား သွက်လက် ဖြတ်လတ်နေခြင်း ကမ္မညတာရုပ်၊
ဤသုံးမျိုးတို့ကို လဟုတာဒိ ရုပ်ဟုခေါ်သည်၊
၄၊ ဝိကာရရုပ် (၅) ပါး
ဝိညတ်ရုပ် ၂ ပါး နှင့် လဟုတာဒိရုပ် ၃ ပါးကို ဝိကာရရုပ် ဟု ဆိုသည်၊
ရုပ်အစစ် နိပ္ဖန္နရုပ်တို့၏ ထူးခြားသည့် အမူအယာထူးကို ဝိကာရရုပ် ဟုဆိုပါသည်၊
၅၊ လက္ခဏရုပ် (၄) ပါး
နိပ္ဖန္နရုပ်တို့၏ ဖြစ်၊ တည်၊ ပျက် အမှတ်အသား လက္ခဏာ ၄ ခုတို့ကို လက္ခဏရုပ်ဟု ဆိုသည်၊
(က) ဥပစယ နိပ္ဖန္နရုပ်တို့၏ စဖြစ်ခြင်းမှ စ၍ တစ်ဘဝဖြစ်ထိုက်သောရုပ်တို့၏ ပြည့်စုံသည်အထိ ဖြစ်နေခြင်းအမှတ်အသား၊
(ခ) သန္တတိ - နိပ္ဖန္နရုပ်တို့၏ တစ်ဘဝပြည့်စုံအောင် ဖြစ်သည်မှစ၍ အဆက်မပြတ် ဖြစ်နေခြင်းအမှတ်အသား၊
(ဂ) ဇရတာ နိပ္ဖန္နရုပ်တို့၏ အိုမင်း ရင့်ရော် ဟောင်းနွမ်းခြင်း အမှတ်အသား၊
(ဃ) နိပ္ဖန္နရုပ်တို့၏ ပျက်စီး ပျောက်လွင့်ခြင်း အမှတ်အသား၊
လေ့ကျင့်ခန်း မေးခွန်းများ
၁၊ ရုပ် သဘောတရား အဓိပ္ပါယ်ကို ဖြေဆိုပါ၊
၂၊ရုပ် အကျဉ်းကို အဓိပ္ပါယ်နှင့်တကွ ဖော်ပြပါ၊
၃၊ အကြည်ရုပ် ၅မျိုးကို တည်နေရာနှင့် တကွ ဖြေဆိုပါ၊
၄၊ အာပေါ ရေဓာတ်၏ အတွေ့ရုပ် ဖောဌဗ္ဗာရုံထဲတွင် မပါဝင်နိုင်ခြင်း အကြောင်းကို ဖြေဆိုပါ၊
၅၊ ရုပ် (၁၈) ပါးတို့ကို အဘယ့်ကြောင့် နိပ္ဖန္နရုပ်ဟု ခေါ်ဆိုပါသနည်း ဖြေဆိုပါ၊
၆၊ ပရမတ္ထရုပ်များ၏ အရိပ်အရောင် အမူအယာထူး ပညတ်ရုပ် (၁၀) ပါးကို ရေတွက်ပြပါ။
ရူပဝိဘာဂ
ရုပ်ကို အကျယ်ဝေဖန်ရာ၌ (၁) ဧကဝိဓနည်း
(၂) ဒုဝိဓ နည်းဖြင့် ဝေဖန်ပြပါမည်၊
(၁) ဧကဝိဓ နည်း
ရုပ် (၂၈) ပါးတို့သည် တမျိုးတဖို့ တစုတည်းအားဖြင့် အဟေတုက၊ သပစ္စယ၊ သာသဝ၊သင်္ခတ၊ လောကိယ၊ကာမာဝစရ၊ အနာရမ္မဏ၊ အပ္ပဟာတဗ္ဗ ဟူသော (၈)မျိုး နာမည်ရကြ၏၊
၁၊ လောဘ အစရှိသော ယှဉ်ဘက်ဟိတ် မရှိကြသောကြောင့် “ အဟေတုက” မည်၏၊
၂၊ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းတရားတို့နှင့် တကွဖြစ်သောကြောင့် “ သပစ္စယ” မည်၏၊
၃၊ အာသဝေါတရားတို့၏ အာရုံဖြစ်ခြင်းကြောင့် “ သာသဝ” မည်၏၊
၄၊ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းတရားတို့သည် ပြုပြင်အပ်သောကြောင့် “ သင်္ခတ” မည်၏၊
၅၊ ဥပါဒါန်၏ အာရုံဖြစ်သော ငင်္ခါရလောပ၌ အကျုံးဝင်သောကြောင့် “ လောကိယ” မည်၏၊
၆၊ ကာမတဏှာ၏ ကျင်လည် ကျက်စားရာ ဖြစ်သောကြောင့် “ ကာမာဝစရ” မည်၏၊
၇၊ စိတ် စေတသိက်တို့ကဲ့သို့ အာရုံမယူတတ်သောကြောင့် “မနာရမ္မဏ” မည်၏၊
၈၊ အကုသိုလ် ကိလေသာတို့ကဲ့သို့ မပယ်အပ် မပယ်ထိုက်သောကြောင့် “ အပ္ပဟာတဗ္ဗ” မည်၏၊
၂၊ ဒုဝိဓနည်း
ရုပ်(၂၈) ပါးတို့သည် (၂) မျိုးရှုထောင့် အမြင်အားဖြင့်
၁၊ အဇ္ဈတ္တိကရုပ် ၅ ပါး- ပသာဒရုပ် ၅ ပါး၊
ဗာဟိရရုပ် ၂၃၊ ပါး ကျန်ရုပ် ၂၃ ပါး၊
၂၊ ဝတ္ထုရုပ် ၆– ပသာဒရုပ် ၅၊ ဟဒယ ၁- ၆ ပါး
အဝတ္ထုရုပ် ကျန် ၂၂ ပါး
၃၊ ဒွါရရုပ် ၇– ပသာဒ ၅၊ ဝိညတ်ရုပ်၂- ၇ ပါး
အဒွါရရုပ် ကျန် ၂၁ ပါး၊
၄၊ ဣန္ဒြိယရုပ် ၈- ပသာဒ ၅၊ဘာဝရုပ် ၂၊ဇီဝိတ ၁- ၈ ပါး၊
အနိန္ဒြိယရုပ် ကျန် (၂၀) ပါး၊
၅၊ ဩဠါရိကရုပ်၊ သန္တိကေရုပ်၊ သပ္ပဋိဃရုပ် (၁၂)
ပသာဒ ၅၊ ဂေါစရ ရုပ် ၇- အားဖြင့် (၁၂) ပါး
သုခုမရုပ်၊ ဒူရေရုပ်၊အပ္ပဋိဃရုပ်
ကျန် (၁၆) ပါး၊
၆၊ ဥပါဒိန္နရုပ်- ကမ္မဇရုပ် (၁၈) ပါး၊
အနုပါဒိန္နရုပ် ကျန်ရုပ် (၁၀) ပါး
၇၊ သနိဒဿနရုပ် - ရူပါရုံ ၁၊
အနိဒဿနရုပ် ကျန်။ ၂၇ ပါး
၈၊ အဝိနိဗ္ဘောဂရုပ် ၈ ၊ဝဏ္ဏ အဆင်းရုပ်၊ ဂန္ဓာရုံ အနံ့ရုပ်၊ ရသာရုံရုပ်၊ ဩဇာ-အာဟာရရုပ်၊(၄) ပါး၊ မဟာဘုတ် (၄) ပါး အားဖြင့် (၈) ပါး၊
ဝိနိဗ္ဘောဂရုပ် ကျန် (၂၀) ပါး
၉၊ ဂေါစရဂ္ဂါဟကရုပ်- ပသာဒရုပ် ၅ ပါး၊
အဂေါစရဂ္ဂါဟကရုပ် ကျန် ၂၃ ပါး
၁၀၊ အသမ္ပတ္တဂါဟကရုပ်- စက္ခုပသာဒ၊ သောတပသာဒ (၂) ပါး
သမ္ပတ္တဂါဟကရုပ် - ဃာန၊ ဇိဝှါ၊ ကာယ (၃) ပါး
မှတ်ချက်၊ သိမှတ်ဖွယ်အဓိပ္ပါယ်များ
အဇ္ဈတ္ထိက အတွင်း၊ ဗာဟရ- အပြင်၊
ဝတ္ထု - မှီရာ၊ အဝတ္ထု- မှီရာမဟုတ်၊
ဒွါရ - တံခါး၊ အဒွါရ- တံခါးမဟုတ်၊
ဣန္ဒြိယ - အစိုးရ၊ အနိန္ဒြိယ- အစိုးမရ
ဩဠါရိက - ကြမ်းတမ်း၊ သုခုမ- နုညံ့သိမ်မွေ့
သန္တိကေ - အနီး၊ ဒူရေ- အဝေး
သပ္ပဋိဃ - ထိတွေ့ရ၊ အပ္ပဋိဃ- ထိတွေ့မရ၊
ဥပါဒိန္န - ဥပါဒါန်တို့၏ စွဲလမ်းရာ
အနုပါဒိန္န - ဥပါဒါန်တို့၏ စွဲလမ်းရာမဟုတ်
သနိဒဿန - မြင်လို့ရခြင်း၊အနိဒဿန၊ မြင်မရခြင်း
ဂေါစရဂ္ဂါဟက - အာရုံထင်ရာ
အဂေါစရဂ္ဂါဟက - အာရုံမထင်ရာ
သမ္ပတ္တဂါဟက - ရောက်မှအာရုံယူ၊
အသမ္ပတ္တဂါဟက - မရောက်ပဲ အာရုံယူ
အဝိနိဗ္ဘောဂ - ခွဲခြားစိတ်ဖြာမရ
ဝိနိဗ္ဘောဂ - ခွဲခြားစိတ်ဖြာရ
လေ့ကျင့်ခန်း မေးခွန်းများ
၁၊ ရုပ် (၂၈) သည် အဟိတ်လော/ သဟိတ်လော ဖြေဆိုပါ၊
၂၊ ရုပ် (၂၈) ပါးကို (က) သာသဝ (ခ) သင်္ခတ ခေါ်ဆိုရခြင်းအကြောင်းတို့ကို ဖြေပါ၊
၃၊ ဖော်ပြပါ ရုပ်တို့ကို ရေတွက်ပြပါ၊
(က) ဩဠါရိကရုပ် (ခ) သုခုမရုပ်
(ဂ) ဣန္ဒြိယရုပ် (ဃ) ဒွါရရုပ် (င) သနိဒဿနရုပ်
၄၊ ခွဲခြား စိတ်ဖြာ မရသော ရုပ်တို့ကို ရေတွက်ပြပါ၊
ရူပသမုဋ္ဌာန
ရုပ်ဖြစ်ပေါ်ခြင်း အကြောင်းတရား တို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ များဖြစ်ကြသည်၊
ကံကြောင့်ဖြစ်သောရုပ်သည် ကမ္မဇရုပ်
စိတ်ကြောင့် ဖြစ်သောရုပ်သည် စိတ္တဇရုပ်
ဥတုကြောင့် ဖြစ်သောရုပ်သည် ဥတုဇရုပ်
အာဟာရကြောင့် ဖြစ်သောရုပ်သည် အာဟာရဇရုပ် မည်၏၊
ကံကြောင့် ရုပ်ဖြစ်ပုံ
အတိတ်ဖြစ်သော ကာမကုသိုလ်ကံ ၈ ပါး၊ အကုသိုလ်ကံ ၁၂ ပါး၊ ရူပကုသိုလ်ကံ ၅ ပါး အားဖြင့် ၂၅ ပါးသော ကံတို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကိုအစပြု၍ စိတ်တို့၏ ခဏတိုင်း ( ဥပါဒ်၊ ဌီ၊ ဘင်၊) မှာ ကမ္မဇရုပ် (၁၈) ပါးကို ဖြစ်စေပါသည်၊
ကမ္မဇရုပ် (၁၈) ပါး
ဧကန် ကမ္မဇရုပ် ၉၊ အနေကန် ကမ္မဇရုပ် ၉၊အားဖြင့် (၁၈) ပါး ဖြစ်ပါသည်၊
ဧကန် ကမ္မဇရုပ် ၉ ပါး
ဣန္ဒြိယရုပ် ၈၊ ဟဒယဝတ္ထု ၁၊ အားဖြင့် ၉ ပါး၊
အနေကန် ကမ္မဇရုပ် ၉ ပါး
အဝိနိဗ္ဘောဂရုပ် ၈၊ ပရိစ္ဆေဒရုပ် ၁၊ အားဖြင့် ၉ ပါး
ရုပ်ကို မဖြစ်စေသော ကံ ၈ ပါး
အရူပကုသိုလ်ကံ ၄ ပါး၊ မဂ်ကုသိုလ်ကံ ၄ ပါး၊
စိတ်ကြောင့် ရုပ်ဖြစ်ပုံ
ပဉ္စဝေါကာရဘုံ၌ အရူပဝိပါက် ၄၊ ဒွေပဉ္စဝိညာဉ် ၁၀၊ရဟန္တာ တို့၏ စုတိကြဉ်သော ၇၅၊ ပါးသော စိတ်တို့သည် အဇ္ဈတ္တိကသန္တာန်၌ ပဋိသန္ဓေနောင် ပထမဘဝင်စိတ်၏ ဥပါဒ်မှ စ၍ စိတ်တို့၏ ဥပါဒ်တိုင်း ဥပါဒ်တိုင်း စိတ္တဇရုပ် (၁၅) ပါးကို ဖြစ်စေပါသည်၊
စိတ္တဇရုပ် (၁၅) ပါး
ဧကန် စိတ္တဇရုပ် ၂၊ အနေကန် စိတ္တဇရုပ် ၁၃၊ ပါး အားဖြင့် ၁၅ ပါး၊
ဧကန်စိတ္တဇရုပ် ၂ ပါး
ကာယဝိညတ်၊ ဝစီဝိညတ် ၂၊
အနေကန် စိတ္တဇရုပ် ၁၃ ပါး
အဝိနိဗ္ဘောဂရုပ် ၈၊ ပရိစ္ဆေဒရုပ် ၁၊
လဟုတာဒိရုပ် ၃၊ သဒ္ဒရုပ် ၁၊ အားဖြင့် ၁၃ပါး
ရုပ်စသည်ကို မဖြစ်စေနိုင်သော စိတ် (၁၄) ပါး
ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄၊
ဒွေပဉ္စဝိညာဉ် ၁၀၊ ရဟန္တာတို့၏ စုတိ အားဖြင့် ၁၄ ပါး။
ပဉ္စဝေါကာရဘုံ၌ (၇၅) ပါးသော စိတ်တို့၏ ရုပ်အမျိုးမျိုးကို ဖြစ်စေပုံ
၁၊ ရုပ်ကိုသာ ဖြစ်စေတတ်သောစိတ် ၁၉ ပါး
မနောဓာတ် ၃၊ တဒါရုံ ၁၁၊ ရူပဝိပါက် ၅၊ အားဖြင့် (၁၉) ပါး၊
၂၊ ရုပ်၊ ဣရိယာပုထ် ၂ ပါးကို ဖြစ်စေနိုင်သောစိတ် ၂၆၊ ပါး၊
အပ္ပနာဇော (၂၆) ပါး ဖြစ်ပါသည်၊
၃၊ ရုပ်၊ ဣရိယာပုထ်၊ ဝိညတ် ၃ မျိုးကို ဖြစ်စေနိုင်သောစိတ် (၃၂) ပါး
ဝုဌေါ၊ ကာမဇော ၂၉၊ အဘိညာဉ်ဒွေး ၂ အားဖြင့် ၃၂ ပါး၊
၄၊ ရုပ်၊ ဣရိယာပုထ်၊ ဝိညတ်၊ ရယ်ရွှင်မှု လေးမျိုးလုံးကို ဖြစ်စေနိုင်သော စိတ် ၁၃ ပါး၊
လောဘမူ သောမနဿ ၄၊ ဟသိတုပ္ပါဒ်၊
မဟာကုသိုလ်သောမနဿ ၄၊
မဟာကြိယာ သောမနဿ ၄၊ အားဖြင့် ၁၃ ပါး၊
၅၊ (က) ပုထုဇဉ်များ ရယ်မှုကို ဖြစ်စေသော စိတ် ၈ ပါး
လောဘမူ သောမနဿ ၄ ပါး
မဟာကုသိုလ် သောမနဿ ၄ ပါးအားဖြင့် ၈ ပါး
(ခ) သေက္ခပုဂ္ဂိုလ်များ ရယ်မှုကို ဖြစ်စေသောစိတ် ၆၊ ပါး
လောဘမူ သောမနဿ ဒိဌိဂတ ဝိပ္ပယုတ် ၂ ပါး၊
မဟာကုသိုလ် သောမနဿ ၄ ပါး အားဖြင့် ၆ ပါး၊
(ဂ) ရဟန္တာ ပုဂ္ဂိုလ်များ ရယ်မှုကို ဖြစ်စေသော စိတ် ၅ ပါး၊
မဟာကြိယာ သောမနဿ ၄ ပါး၊
ဟသိတုပ္ပါဒ် ၁၊ အားဖြင့် ၅ ပါး
ဆောင်ပုဒ်
- မနောဓာတုံ၊ တဒါရုံက၊ ရူပဝိပါက်၊ ၁၉-ချက်မှာ၊ ရုပ်ကိုသာတည်း၊အပ္ပနာ ဇဝန၊ ဆဗ္ဗီသကား၊ ယာပထလည်း၊ခိုင်မြဲတည်စေ၊ တထွေ ဝုဌေါ၊ ကာဇော ဘိညာ၊ ဒွတ္တိံသာမှာ၊နှစ်ဖြာဝိညတ်၊ ကိုလည်းတတ်၏၊သောမနဿဟု၊ ဆယ်သုံးခုမှာ၊ရယ်မှု ရွှင်ခြင်း ၊ လည်းပြုလျှင်း၏၊
-ရှစ် ပုထုဇန်၊ ခြောက် သေက္ခန် ငါးတန် ရဟန္တာ၊ ဟာသအကြောင်း ထူးခြားကြောင်း စိတ်ပေါင်း တေရသာ၊( အခြေပြု)
၆၊ ရုပ် ၊ဣရိယာပုထ်၊ ဝိညတ်၊ ငိုယို ငြီးတွားမှုကို ဖြစ်စေနိုင်သော စိတ် ၂ ပါး၊
ဒေါသမူဒွေး ၂ ပါးဖြစ်ပါသည်၊
ဥတုကြောင့် ရုပ်ဖြစ်ပုံ
အချမ်း - သီတတေဇော၊ အပူ- ဥဏှတေဇော ဟူသော တေဇောဓာတ်သည် ကာမဘုံ ရူပဘုံတို့၌ အဇ္ဈတ္တိက (သက်ရှိ)သန္တာန်ဝယ် ပဋိသန္ဓေစိတ်၏ ဌီခဏမှ စ၍ မိမိ၏ ဌီသို့ရောက်ရာ ခဏတိုင်း ဥတုဇရုပ် (၁၃) ပါးကို ဖြစ်စေပါသည်၊
ဗဟိဒ္ဓ (သက်မဲ့) သန္တာန်ဝယ် မိမိ၏ ဌီသို့ရောက်ရာ ခဏတိုင်း ဥတုဇရုပ် (၁၀) ပါးကို ဖြစ်စေပါသည်၊
အဇ္ဈတ္တသန္တာန် ၌ ဥတုဇရုပ် (၁၃) ပါး
အဝိနိဗ္ဘောဂရုပ် ၈ ပါး၊
ပရိစ္ဆေဒရုပ်။ ၁ ပါး၊
လဟုတာဒိရုပ် ၃၊ သဒ္ဒရုပ် ၁၊ အားဖြင့် (၁၃) ပါး၊
ဗဟိဒ္ဓသန္တာန် ၌ ဥတုဇရုပ် (၁၀) ပါး
အဝိနိဗ္ဘောဂရုပ် ၈ပါး
ပရိစ္ဆေဒရုပ်။ ၁၊
သဒ္ဒရုပ်။ ၁၊ အားဖြင့် (၁၀) ပါး။
အာဟာရကြောင့် ရုပ်ဖြစ်ပုံ
အဆီအစေး ဩဇာဟူသောအာဟာရသည် အဇ္ဈတ္တသန္တာန် ၌ အဇ္ဈတ္တဩဇာ နှင့် ဗဟိဒ္ဓဩဇာ ပေါင်းစပ်၍ အချင်းချင်းဌီခဏသို့ ရောက်ရာ ခဏတိုင်း အာဟာရဇရုပ် (၁၂) ပါးကို ဖြစ်စေပါသည်၊
အာဟာရဇရုပ် (၁၂) ပါး
အဝိနိဗ္ဘောဂရုပ် ၈၊
ပရိစ္ဆေဒရုပ် ၁၊ လဟုတာဒိရုပ် ၃၊အားဖြင့် (၁၂) ပါး။
မှတ်ချက်
ဧကန် ဥတုဇရုပ်၊ ဧကန် အာဟာရဇရုပ် ဟုမရှိပါ၊
ကံ ကြောင့်သာ ဖြစ်သောကြောင့် ၉ ပါး၊
စိတ်ကြောင့်သာ ဖြစ်သောရုပ် ၂ ပါး၊ ဝိညတ်ဒွေး
စိတ်၊ ဥတု နှစ်ပါးကြောင့် ဖြစ်သောရုပ်- သဒ္ဒရုပ် ၁ ပါး
စိတ်၊ ဥတု၊ အာဟာရ သုံးပါးကြောင့် ဖြစ်သောရုပ်
၃ ပါး၊ လဟုတာဒိရုပ် ၃ ပါးဖြစ်ပါသည်၊
ကံ စိတ် ဥတု အာဟာရ အကြောင်းတရား လေးပါး ကြောင့် ဖြစ်သောရုပ် ၉ ပါး၊
အဝိနိဗ္ဘောဂရုပ် ၈၊ အာကာသဓာတ်/ ပရိစ္ဆေဒရုပ် ၁၊
ကံ စိတ် ဥ တု အာဟာရ အကြောင်းတရားလေးပါးကြောင့် မဖြစ်သောရုပ် ၄ ပါး၊ လက္ခဏရုပ် ၄ ပါး ဖြစ်ပါသည်၊ ထို့ကြောင့် န ကုတောစိ သမုဋ္ဌာန်ရုပ် ၄ ပါး ဟုလည်း ခေါ်သည်။
လေ့ကျင့်ခန်း ပုစ္ဆာများ
၁၊ ရုပ်ဖြစ်ကြောင်းတရား လေးပါးအနက် ကံကြောင့် ရုပ်ဖြစ်ပုံကို ဖြေဆိုပါ၊
၂၊ကမ္မဇရုပ် (၁၈) ပါးကို ဧကန်၊ အနေကန် ခွဲခြား၍ သရုပ်ရေးခဲ့ပါ၊
၃၊ ရုပ်၊ ဣရိယာပုထ်၊ ဝိညတ် သုံးခုလုံးကို ဖြစ်စေနိုင်သော စိတ်တို့ကို ရေတွက်ပြပါ၊
၄၊ လဟုတာဒိ ရုပ်ကို ဖြစ်စေသော အကြောင်းတရား တို့ကို ပြည့်စုံအောင် ဖြေဆိုပါ၊
၅၊ ရုပ်ဖြစ်ကြောင်းတရား ၄ ပါးကင်းပြီး ဖြစ်သောရုပ်ကို ဖြေဆိုပါ၊
၆၊ ရဟန္တာအရှင်မြတ်များ ရယ်မှုကို ဖြစ်စေသောစိတ်ကို ရေတွက်ပြပါ။
ရူပကလာပ
ရုပ်များ အတူတကွ ပေါင်းစည်းရာ၌ ပြည့်စုံရမည့် အင်္ဂါ ၃ ပါးရှိသည်၊
၁၊ ဧကုပ္ပါဒ - အတူတကွ ဖြစ်ခြင်း
၂၊ ဧကနိရောဓ - အတူတကွ ချုပ်ခြင်း
၃၊ ဧကနိဿယ - တူသောမှီရာ ရှိခြင်း
သဟဝုတ္တိ - ဤအင်္ဂါ ၃ ပါးနှင့် ညီညွတ်စွာ ဖြစ်ခြင်း
မှတ်ချက်
ဤ၌ တူသော မှီရာဟူသည် မဟာဘုတ်လေးပါးတည်း၊ သဟဝုတ္တိ ကို သီးခြားအင်္ဂါ တစ်ပါး ယူခဲ့သော် ကလာပအင်္ဂါ ၄ ပါးဟု မှတ်ပါ၊
ထိုအင်္ဂါ (၄) ပါးနှင့်အညီ ဖွဲ့စည်းထားသော ကလာပ် စည်းတို့သည် (၂၁) စည်းရှိကုန်၏၊
၁၊ ကမ္မဇကလာပ် ၉ စည်း
၂၊ စိတ္တဇကလာပ် ၆ စည်း
၃၊ ဥတုဇကလာပ် ၄ စည်း
၄၊ အာဟာရဇကလာပ် ၂ စည်း အားဖြင့် ၂၁ စည်း။
(က) ကမ္မဇကလာပ် (၉) စည်း
ကမ္မဇကလာပ် ဖွဲ့စည်းရာ၌ ဧကန်ကမ္မဇရုပ် ၉ ခုကို မူတည်၍၊ အနေကန် ကမ္မဇရုပ်တို့ဖြင့် ဖွဲ့စည်းထားသည်၊
၁၊ စက္ခုဒသကကလာပ် ၌ ပါဝင်သောရုပ်
စက္ခုပသာဒ၊ အဝိနိဗ္ဘောဂရုပ် ၈၊ ဇိဝိတရုပ်- ၁၀ ပါး
၂၊ သောတဒသကကလာပ်
၃၊ ဃာနဒသကကလာပ်
၄၊ ဇိဝှါဒသကကလာပ်
၅၊ ကာယဒသကကလာပ်
၆၊ ဣတ္ထိဘာဝ ဒသကကလာပ်
၇၊ ပုမ္ဘာဝ ဒသက ကလာပ်
၈၊ ဝတ္ထုဒသက ကလာပ်
၉၊ ဇီဝိတ နဝကကလာပ် ၌ ပါဝင်သော ရုပ်
ဇီဝိတရုပ် ၁၊ အဝိနိဗ္ဘောဂရုပ် ၈ အားဖြင့် ၉ ပါး။
အမှာ
ဒသက - ဆယ်ခုအပေါင်း
နဝက - ကိုးခုအပေါင်း
(ခ) စိတ္တဇကလာပ် (၆) စည်း
စိတ္တဇကလာပ် ဖွဲ့စည်းရာ၌ ဧကန် အနေကန် စိတ္တဇရုပ် (၁၅) ပါးကို ဖြစ်သင့်သလို ဖွဲ့စည်းထားသည်၊
၁၊ သုဒ္ဓဌက ကလာပ် ၌ ပါဝင်သောရုပ်
အဝိနိဗ္ဘောဂ ရုပ် (၈) ခု
၂၊ကာယဝိညတ္တိ နဝက ကလာပ်
အဝိနိဗ္ဘောဂရုပ် ၈၊ ကာယဝိညတ် ၁၊ အားဖြင့် ၉ ပါး
၃၊ သဒ္ဒဝစီဝိညတ္တိ ဒသကကလာပ်
အဝိနိဗ္ဘောဂရုပ် ၈၊ သဒ္ဒ ၁၊ ဝစီဝိညတ် ၁ —၁၀ ပါး
၄၊ လဟုတာဒိ ဧကာဒသကကလာပ်
အဝိနိဗ္ဘောဂ ၈၊ လဟုတာဒိ ၃– (၁၁) ပါး
၅၊ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ်
အဝိနိဗ္ဘောဂ ၈၊လဟုတာဒိ ၃၊ ကာယဝိညတ်၁-၁၂၊
၆၊သဒ္ဒ ဝစီဝိညတ္တိ လဟုတာဒိ တေရသက ကလာပ်
အဝိနိဗ္ဘောဂ ၈၊ သဒ္ဒ ၁၊ ဝစီဝိညတ် ၁၊ လဟုတာဒိ ၃-
အားဖြင့် ၁၃ ပါး။
(ဂ) ဥတုဇကလာပ် (၄) စည်း
ဥတုဇ ကလာပ် ဖွဲ့စည်းရာ၌ ဥတုဇရုပ် (၁၃) ပါးကို ဖြစ်သင့်သလို ဖွဲ့စည်းထားသည်၊
၁၊ သုဒ္ဓဌက ကလာပ်
အဝိနိဗ္ဘောဂရုပ် ၈ ခု၊
၂၊ သဒ္ဒနဝက ကလာပ်
အဝိနိဗ္ဘောဂရုပ် ၈၊ သဒ္ဒ ၁၊ အားဖြင့် (၉) ပါး
၃၊ လဟုတာဒိ ဧကာဒသက ကလာပ်
အဝိနိဗ္ဘောဂ ၈၊ လဟုတာဒိ ၃- အားဖြင့် ၁၁ ပါး
၄၊ သဒ္ဒလဟုတာဒိ ဒွါဒသက ကလာပ်
အဝိနိဗ္ဘောဂ ၈၊သဒ္ဒ ၁၊ လဟုတာဒိ ၃- ၁၂ ပါး
(ဃ) အာဟာရဇ ကလာပ် (၂) စည်း
အာဟာရဇ ကလာပ်ဖွဲ့စည်းရာ၌ အာဟာရဇရုပ် ၁၂ ပါးကို ဖြစ်သင့်သလို ဖွဲ့စည်းထားသည်၊
၁၊သုဒ္ဓဌက ကလာပ်
အဝိနိဗ္ဘောဂရုပ် ၈ ခု၊
၂၊ လဟုတာဒိ ဧကာဒသက ကလာပ်
အဝိနိဗ္ဘောဂရုပ် ၈၊ လဟုတာဒိ ၃ — ၁၁ ပါး
အဇ္ဈတ္တ နှင့် ဗဟိဒ္ဓ ခွဲခြားပုံ
(က) အဇ္ဈတ္တသန္တာန် ၌ ရနိုင်သော ကလာပ် ၂၁၊ စည်းလုံးရပါသည်၊
(ခ) ဗဟိဒ္ဓ သက်မဲ့တို့၌ ရနိုင်သော ကလာပ် ၂ စည်း
ဥတုဇ သုဒ္ဓဌက ကလာပ် နှင့် သဒ္ဒနဝက ကလာပ် ၂ စည်းသာ ရပါသည်၊
(ဂ) အဇ္ဈတ္တ သန္တာန် ၌ သာ ရနိုင်သော ကလာပ် ဟုဆိုခဲ့သော် (၁၉) စည်းဖြစ်၏၊
ကလာပ်ဖွဲ့စည်းရာတွင် မပါဝင်သော ကလာပ်ဝိမုတ် ရုပ် ၅ ပါး
ပရိစ္ဆေဒရုပ်နှင့် လက္ခဏရုပ် ၄ ပါး — ၅ ပါး
လေ့ကျင့်ခန်းမေးခွန်းများ
၁၊ ရုပ် ကလာပ် ဖွဲ့စည်းရာ၌ လိုအပ်သော အင်္ဂါ လေးချက်ကို ဖြေဆိုပါ၊
၂၊ ကမ္မဇရုပ် (၁၈) ခုကို ကလာပ်ဖွဲ့လိုက်သော်
အရေအတွက် မည်မျှရပါသနည်း၊ ဖြေပါ၊
၃၊ စိတ္တဇ ကလာပ် ၆ စည်းတွင် တေရသက ကလာပ်၌ ပါဝင်သော ရုပ်တို့ကို ရေတွက်ပြပါ၊
၄၊ သစ်ပင်ကို မိုးကြိုး ပစ်ရာ၌ ဖြစ်နိုင်သော ကလာပ်စည်း ရုပ်အစုကို ဖြေဆိုပါ၊
၅၊ကလာပ်ဝိမုတ် ရုပ်တို့ကို ရေတွက်ပြပါ၊
ရူပ ပဝတ္တိက္ကမ
ရုပ်တို့၏ ဖြစ်စဉ်ကို ပြရာ၌ သတ္တဝါများ၏ ဘဝအစဆုံးစိတ် ပဋိသန္ဓေကာလမှ စ၍ ဘဝနောက်ဆုံးစိတ် စုတိတိုင်အောင် ပြသော အခန်းဖြစ်သည်၊
ပဋိသန္ဓေ (၄) မျိုး/ ယောနိ (၄) ပါး
၁၊ သံသေဒဇ သစ်ပင် တော တောင် ရေအိုင် ရွှံညွန် အညှိ ကို စွဲ၍ ဖြစ်သော သတ္တဝါ
၂၊ ဩပပါတိက - ကိုယ်ထင်ရှား ဖြစ်သော သတ္တဝါ
၃၊ ဇလာဗုဇ - သားအိမ်၌ ဖြစ်သော သတ္တဝါ
၄၊ အဏ္ဍဇ - ဥခွံအတွင်း၌ ဖြစ်သော သတ္တဝါ
အမှာ
ဇလာဗုဇ နှင့် အဏ္ဍဇ ကို ဂဗ္ဘသေယျ သတ္တဝါ ဟုလည်း ဆိုနိုင်၏၊ ထိုသို့ ပေါင်းယူခဲ့လျှင် ပဋိသန္ဓေအမျိုးအစား/ သတ္တဝါအမျိုးအစား ၃ မျိုးဖြစ်သည်၊
ကာမဘုံ ၌ ပဋိသန္ဓေ အခါ ရုပ်ကလာပ်များစဖြစ်ပုံ
(က) ကာမဘုံ၌ သံသေဒသတ္တဝါ၊ ဩပပါတိက သတ္တဝါတို့၌ ပဋိသန္ဓေအခါ အလွန်ဆုံး ရနိုင်သော ကမ္မဇကလာပ် ၇ စည်း၊
စက္ခုဒသကကလာပ်၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက၊ကာယဒသက ၊ ဘာဝဒသက၊ ဝတ္ထုဒသကကလာပ် အားဖြင့် ၇ စည်း၊
အနည်းဆုံးအားဖြင့် (၃) စည်း
ဇိဝှါဒသက ကလာပ်၊ ကာယဒသက ကလာပ်၊ ဝတ္ထုဒသက ကလာပ် အားဖြင့် ၃ စည်း၊
စက္ခု၊ သောတ၊ ဃာန၊ ဘာဝဒသက ကလာပ်တို့ကား ပဋိသန္ဓေအခါ ချို့ယွင်းကောင်း၏၊
(ခ) ဂဗ္ဘသေယျက သတ္တဝါတို့၌ ပဋိသန္ဓေအခါ အလွန်ဆုံး ရနိုင်သော ကမ္မဇ ကလာပ် (၃) စည်း
ကာယဒသက၊ ဘာဝဒသက၊ ဝတ္ထုဒသက အားဖြင့် ၃ စည်း၊
အနည်းဆုံးအားဖြင့် ၂ စည်း
ကာယဒသက ကလာပ်၊ ဝတ္ထုဒသက ကလာပ်၊
ဘာဝဒသက ကလာပ်ကား ပဋိသန္ဓေအခါ ချို့ယွင်းကောင်း၏၊
ရူပဘုံ ပဋိသန္ဓေအခါ ရုပ်ကလာပ်များ စဖြစ်ပုံ — (က) အသညသတ်ကြဉ်သော ရူပ(၁၅) ဘုံ၌
ဩပပပါတိက ပဋိသန္ဓေသာရ၍
ရနိုင်သောကလာပ် ၄၊စည်း
စက္ခုဒသက ကလာပ်၊ သောတဒသက ကလာပ်၊
ဝတ္ထုဒသက ကလာပ်၊ ဇီဝိတ နဝက ကလာပ်- ၄
(ခ) အသညသတ် ဘုံ ၌ ဇီဝိတနဝက ကလာပ် ၁ စည်းသာ ရ၏
မှတ်ချက်
ကာမဘုံ၌ ကလာပ်တချို့ ချို့ယွင်း ချို့တဲ့ နိုင်သည် ဟူရာ၌ သံသရာမှာ ပြုမှားခဲ့သော အကုသိုလ်ကံ တစ်ခုခု ကြောင့် ပဋိသန္ဓေအခါဖြစ်စေ ပဝတ္တိအခါဖြစ်စေ ဖြစ်ချိန်လျက် ဖြစ်ပေါ်မလာခြင်းကို ရည်ရွယ် ပြောဆိုပါသည်၊
ဆောင်ပုဒ်
စက္ခု သောတ၊ ဃာန ဘာဝါ ချို့ကောင်းရာကား နှစ်ဖြာ ဂဗ္ဘ၊ သံသေဒမှတ်၊ဥပပါတ်မှာ၊ ပါယ်၌ သာလျှင်၊ စက္ခာ သောတ၊ ဘာဝချို့ဘိ၊ သုဂတိကား၊ ကပ်ဦးသား၊ ချို့ငြား ဘောတစ်ခု၊ (အခြေပြု)
ကာမဘုံ ဂဗ္ဘသေယျက ပုဂ္ဂိုလ် သန္ဓေသား တိုးပွားလာပုံ
ပထမံ ကလလံ ဟောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊
အဗ္ဗုဒါ ဇာယတေ ပေသိ၊ ပေသိ နိဗ္ဗတ္တတေ ဃနော၊
ဃနာ ပသာခါ ဇာယန္တိ၊ ကေသာ လောမာ နခါပိစ။
ဖခင်၏ သုက်ပိုးနှင့် မိခင်၏ မျိုးဥ ပေါင်းဆုံပြီးနောက်
၁၊ ပထမ ၇ ရက်မှာ ကလလ ရေကြည်တည်၏
ပဋိသန္ဓေစိတ်နှင့်အတူ ကာယ၊ ဘာဝ၊ ဝတ္ထုဒသက ကလာပ် ၃ ခု၊ ကမ္မဇရုပ် (၃၀) စဖြစ်၏၊
၂၊ဒုတိယ ၇ ရက်မှာ အမြှုပ်ဖြစ်လာ၏၊
၃၊ တတိယ ၇ ရက်မှာ အစိုင်အခဲ ဖြစ်လာ၏၊
၄၊ စတုတ္ထ ၇ ရက်မှာ သားတစ်အဖြစ် ပြောင်းလာ၏၊
၅၊ ပဉ္စမ ၇ ရက်မှာ ခက်မ ငါးဖြာခေါ် ခြေ နှစ်ဘက်၊ လက်နှစ်ဘက် နှင့် ဥခေါင်းများ အတွက် ဘု ငါးခု ထွက်လာ၏၊
၆၊ ဆဌမ (၇) ရက်မှာ ခက်မရင့်မာဖွံ့ဖြိုးလာ၏
၇၊ သတ္တမ (၇) ရက်မှာ ခက်မရင့်ကျက် ပြည့်စုံလာ၏၊
၈၊ အဌမ (၇) ရက်မှာ ခက်မ ရင့်မာ ပြည့်စုံလာ၏
၉၊နဝမ (၇) ရက်မှာ ခက်မရင့်မာ ပြည့်စုံလာ၏၊
၁၀၊ ဒသမ (၇) ရက်မှာ ခက်မရင့်မာ ပြည့်စုံလာ၏၊
၁၁၊ ဧကာဒသမ (၇၇)ရက်မြောက်မှာ စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ဇိဝှါဒသက ကလာပ်များဖြစ်ပေါ်လာ၏၊
ပဋိသန္ဓေအခါ ရုပ်လေးပါးတို့ စဖြစ်ပုံ
၁၊ ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကာလမှ စ၍ ခဏတိုင်း ခဏတိုင်း ဖြစ်ကြပါသည်၊
၂၊ စိတ္တဇ ရုပ်တို့သည် ပဋိသန္ဓေနောင် ပထမဘဝင်မှ စ၍ စိတ်တို့၏ ဥပါဒ်တိုင်း ဥပါဒ်တိုင်း ဖြစ်ကြပါသည်၊
၃၊ ဥတုဇ ရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဌီကာလမှ စ၍
အဆက်ဆက် ဖြစ်ကြပါသည်၊
၄၊ အာဟာရဇရုပ်တို့သည် မိခင်၏ဩဇာသက်ဝင်ပျံ့နှံ့သည်မှ စ၍ အဆက်ဆက် ဖြစ်ကြပါသည်၊
ဤ ရုပ်လေးပါးတို့သည် အဆက်မပြတ် မြစ်ရေ စီးဆင်းနေသလို၊ အဆက်မပြတ် ဆီမီးလျှံ တောက်လောင်နေသလို တစ်ဘဝနောက်ဆုံး စုတိစိတ်တိုင်အောင် အဆက်မပြတ် ဖြစ်ကြသည်၊
မရဏာသန္န- သေခါနီးအခါ ရုပ်လေးပါးတို့ ချုပ်ကြပုံ
(က) စုတိစိတ်မှ ပြန်၍ ရေတွက်သော် တစ်ဆယ့်ခုနစ်ချက်မြောက်သော စိတ်၏ ဥပါဒ်ကာလမှာ စိတ်နှင့် အတူဥပါဒ်သော ကမ္မဇရုပ်တို့သည် စုတိစိတ်၏ ဘင်ကာလမှာ စုတိစိတ်နှင့် အပြိုင် ချုပ်ပါသည်၊
၁၇ ချက်မြောက်သော စိတ်၏ ဌီကာလမှ စ၍ ကမ္မဇရုပ်များ မဖြစ်ကြတော့ပါ၊
(ခ) စိတ္တဇရုပ်တို့သည် စုတိစိတ်၏ ဥပါဒ်ကာလ၌ နောက်ဆုံး ဖြစ်ပါသည်၊ စုတိစိတ်ချုပ်ပြီးနောက် ခဏငယ် (၄၈)ချက် (ခဏကြီး ၁၆ ) ချက်ခန့်မှာ ချုပ်ပါသည်၊
(ဂ) အာဟာရဇရုပ်တို့သည် စုတိစိတ်၏ ဘင်ကာလမှာ နောက်ဆုံးဖြစ်ပါသည်၊ စုတိစိတ်ချုပြီးနောက် ခဏငယ် (၅၀)ချက် ( ခဏကြီး ၁၆.၁) ခန့်လောက်မှာ ချုပ်ပျောက်ပါသည်၊
(ဃ) ဥတုဇရုပ်တို့သည် ဥပပါတ် ပုဂ္ဂိုလ်တို့အား ခဏခြင်းပင် ကွယ်ပျောက်၏၊ သံသေဒဇ နှင့် ဂဗ္ဘသေယျက
ပုဂ္ဂိုလ်တို့အား သေပြီး ကမ္ဘာ့မြေဇာအဖြစ် အဆင့်ဆင့်
ဖြစ်ပွါး၍ ချုပ်၏၊
သေ ၏ ဟူသည်
အာယု ဥသ္မာ စ ဝိညာဏံ၊ ယဒါ ကာယံ ဇဟန္တိမံ၊
အပဝိဒ္ဓါ တဒါ သေတိ၊ နိရတ္ထံဝ ကလိင်္ဂရံ။
၁၊ အာယု - ရုပ်သက် နာမ်သက် ဇိဝိတရုပ်၊
၂၊ ဥသမာ - ကိုယ်ငွေ့ တေဇောဓာတ်
၃၊ ဝိညာဏံ - အသိဝိညာဉ်
ဤသုံးမျိုး ခန္ဓာကိုယ်မှ စွန်ပစ်သွားလျှင် အကျိုးမရှိ သစ်တုံးကြီးကဲ့သို့ မလှုပ်မယှက် ဖြစ်သွားသည်ကို သေဆုံးသည်ဟု ဆိုကြသည်၊
နိဗ္ဗာန်
နိဗ္ဗာန်သည် ပရမတ္ထနာမ်တရားဖြစ်ပြီး လောကုတ္တရာ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံ ဖြစ်ပါသည်၊
နိဗ္ဗာန - နိ- ဝါန - ဝါနဟူသော တဏှာမှ ထွက်မြောက်ရာ နေရာကို နိဗ္ဗာန်ဟုဆိုပါသည်၊
ထိုနိဗ္ဗာန်သည်
၁၊ သဥပါဒိသေသ နိဗ္ဗာန်
မသေမီ ပစ္စုပ္ပန်ဘဝမှာ ဥပါဒါန်၏ စွဲလမ်းရာ ခန္ဓာရှိနေစဉ် ဘုရား အရိယာများလက်တွေ့ အာရုံပြု ဝင်စားရသော နိဗ္ဗာန်၊
၂၊ အနုပါဒိသေသနိဗ္ဗာန်
ဥပါဒါန်၏ စွဲလမ်းရာ ခန္ဓာမရှိ၊ ပရိနိဗ္ဗာန်စံဝင်ပြီးသည့်နောက် ဘုရား ရဟန္တာတို့ ရောက်ရှိသွားသော အငြိမ်းဓာတ် နိဗ္ဗာန်
တနည်း အခြင်းအရာအားဖြင့် နိဗ္ဗာန် ၃ မျိုး
၁၊ သုညတနိဗ္ဗာန် - အတ္တမှကင်းဆိတ်
၂၊ အနိမိတ္တနိဗ္ဗာန် - အရိပ်နိမိတ်ပုံသဏ္ဌာန်မရှိ
၃၊ အပ္ပဏိဟိတနိဗ္ဗာန် - လိုချင်တောင့်တ သိမ်းပိုက်မှုကင်းဝေး။
နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
၁၊ အစ္စုတံ - စုတေသေဆုံးမှုမရှိသော
၂၊ အစ္စန္တံ - စုတိဟူသော အဆုံးကိုလွန်မြောက်သော
၃၊ အသင်္ခတံ - ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းတရားလေးပါးတို့ဖြင့် မ ပြုပြင်အပ်သော
၄၊အနုတ္တရံ၊ မိမိထက် လွန်မြတ်သော တရားမရှိသော
၅၊ ပဒံ - အရိယာ ပုဂ္ဂိုလ်တို့သာ ရောက်အပ်သော
လေ့ကျင့်ခန်းမေးခွန်းများ
၁၊ ယောနိ လေးပါးကို အဓိပ္ပါယ်နှင့်တကွ ဖြေဆိုပါ၊
၂၊ သံသေဒဇ သတ္တဝါတို့၌ ပဋိသန္ဓေအခါ အနည်းဆုံး ရနိုင်သော ကလာပ်စည်းတို့ကို ဖြေဆိုပါ၊
၃၊ ဂဗ္ဘသေယျက သတ္တဝါ ၌ ပဋိသန္ဓေအခါ ကမ္မဇရုပ်ပေါင်း မည်မျှ ဖြင့် ပဋိသန္ဓေ စနေပါသနည်း၊
၄၊ ဖော်ပြပါ ကာလတို့ကို တိကျစွာ ဖြေဆိုပါ၊
ကမ္မဇရုပ်တို့၏
(က) စဖြစ်ရာကာလ (ခ) စ မဖြစ်ရာ ကာလ
(ဂ) နောက်ဆုံး ဖြစ်ရာကာလ(ဃ) နောက်ဆုံးချုပ်ရာ ကာလ
၅၊ နိဗ္ဗာန်၏ ဂုဏ်ပုဒ်တို့ကို ပါဠိ၊ မြန်မာ နှစ်ဘာသာဖြင့် ဖြေဆိုပါ။