သင်ရိုးကဏ္ဍ
သမုစ္စည်းပိုင်း
သလက္ခဏဝတ္ထုဓမ္မ (၇၂) ပါးဟု ခေါ်သော ပရမတ္ထတရားတို့၏ တူရာကို ပေါင်းစည်းပြသော အပိုင်းသည် သမုစ္စည်းပိုင်း ဖြစ်၏၊
ထိုသမုစ္စည်းပိုင်း ၌
၁၊ အကုသလ သင်္ဂဟ
(အကုသိုလ် အမျိုးအစားတို့ကို တူရာပေါင်းစည်းပြ)
၂၊ မိဿက သင်္ဂဟ
( ကု - အကု- အဗျာ ရောပြီး တူရာပေါင်းစည်းပြ)
၃၊ ဗောဓိပက္ခိယ သင်္ဂဟ
( ဗောဓိ ဉာဏ် ရကြောင်း တရားတို့ကို ပေါင်းစည်းပြ)
၄၊ သဗ္ဗသင်္ဂဟ ဟု လေးမျိုး ရှိ၏၊
( ခန္ဓာ အာယတနစသော အလုံးစုံကို ပေါင်းစည်းပြ)
(က) အကုသလ သင်္ဂဟ — ၁၊ အာသဝ
ကြာမြင့်စွာ ထုံအပ်သော အရက်နှင့်တူသောကြောင့် အာသဝ၊ ဘုံအားဖြင့် ဘဝဂ် တိုင်အောင် ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် ယိုစီးတတ်သောကြောင့် အာသဝ မည်၏၊ ထိုအာသဝ တို့သည်
၁၊ ကာမာသဝ - လောဘမူစိတ် (၈) ခု၌ ရှိသော လောဘ
၂၊ ဘဝါသဝ - ဒိဌိဂတ ဝိပ္ပယုတ်စိတ်(၄) ခု၌ရှိ လောဘ
၃၊ ဒိဌါသဝ - ဒိဌိဂတသမ္ပယုတ်စိတ်(၄) ခု၌ရှိ လောဘ
၄၊ အဝိဇ္ဇာသဝ - အကုသိုလ်စိတ်(၁၂) ခု၌ရှိ မောဟ။
၂၊ ဩဃ
ပင်လယ် သမုဒ္ဒရာတို့၏ ဝဲ ဩဃ လှိုင်းတံပိုးကဲ့သို့ သတ္တဝါတို့ကို သံသရာ ဝဲဩဃ ထဲ၌ လည်စေသောကြောင့် ဩဃမည်၏၊ ထိုဩဃ တို့သည်
၁၊ ကာမောဃ ၂၊ ဘဝေါဃ ၃၊ ဒိဌေါဃ ၄၊ အဝိဇ္ဇောဃ ဟူ၍ (၄) မျိုးရှိ၏၊( တရားကိုယ်ကား အာသဝ နှင့်တူ၏)
၃၊ ယောဂ
တံပိုး နှင့် ယှဉ်ကထားသော နွားတို့သည် အပြင်ရုံး မထွက်နိုင်သကဲ့သို့ သတ္တဝါတို့ကို သံသရာမှ ရုံးမထွက်နိုင်အောင် ယှဉ်ကထားသောကြောင့် ယောဂ မည်၏၊ ထို ယောဂတို့သည်
၁၊ကာမယောဂ ၂၊ဘဝယောဂ ၃၊ဒိဌိယောဂ ၄၊အဝိဇ္ဇာ ယောဂ ဟူ၍ (၄) မျိုးရှိ၏၊( တရားကိုယ် အားဖြင့် အာသဝ နှင့် တူ၏)
၄၊ ဂန္ထ
သတ္တဝါတို့ကို သံသရာဝဋ်မှ မလွတ်ရအောင် ထုံးဖွဲ့ ချည်နှောင် တတ်သောကြောင့် ဂန္ထမည်၏၊
ထိုဂန္ထ တို့သည်
၁၊ အဘိဇ္ဈာ ကာယဂန္ထ - သူတပါးပစ္စည်းကို အလွန် လိုချင်တပ်မက်ခြင်း လောဘ၊
၂၊ ဗျာပါဒ ကာယဂန္ထ - သူတပါးကို ပျက်စီးစေလိုခြင်း ဒေါသ၊
၃၊ သီလဗ္ဗတ ပရာမာသ ကာယဂန္ထ - မှားယွင်းသော သံသရာလွတ်မြောက်ကြောင်း တရားတို့ကို အမှန်ဟု ထင်မှတ် လိုက်နာကျင့်သုံးခြင်း — ဒိဌိ
၄၊ ဣဒံ သစ္စာဘိနိဝေသ ကာယဂန္ထ - မိမိ၏ မှားသောအကျင့်ကို အမှန်ဟု စွဲမြဲစွာ တယူသန်ယူခြင်း— ဒိဌိ
၅၊ ဥပါဒါန
ဖားကို မြွေဖမ်းသကဲ့သို့ သတ္တဝါတို့ စွဲစွဲလမ်းလမ်း ယူတတ်သောကြောင့် ဥပါဒါန-ဥပါဒါန်-ဟု ခေါ်ဆိုပါသည်၊ ထို ဥပါဒါန်တို့သည်
၁၊ ကာမုပါဒါန် - လောဘ
၂၊ ဒိဌုပါဒါန် - ဒိဌိ
၃၊ သီလဗ္ဗတုပါဒါန် - ဒိဌိ
၄၊ အတ္တဝါဒုပါဒါန် - စိတ်ကို အတ္တဟုစွဲယူခြင်း— ဒိဌိ၊
၆၊ နီဝရဏ
ကုသိုလ်တရား စျာန် မဂ်တရားတို့ကို တားဆီး ပိတ်ပင်တတ်သောကြောင့် နီဝရဏ မည်၏၊
ထိုနီဝရဏ တရားတို့သည်
၁၊ ကာမစ္ဆန္ဒ နီဝရဏ - လောဘ
၂၊ ဗျာပါဒ နီဝရဏ - ဒေါသ
၃၊ ထိန မိဒ္ဓ နီဝရဏ - ထိန၊ မိဒ္ဓ
၄၊ ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ - ဥဒ္ဓစ္စ၊ ကုက္ကုစ္စ
၅၊ ဝိစိကိစ္ဆာ နီဝရဏ - ဝိစိကိစ္ဆာ၊
၆၊ အဝိဇ္ဇာ နီဝရဏ - မောဟ
နီဝရဏ (၆) ပါး၊ တရားကိုယ်က (၈) ပါး
မှတ်ချက်
တရားကိုယ် (၂) ဖြစ်ပါလျှက် နီဝရဏ (၁) ပါး ဖြစ်ရခြင်းအကြောင်း
(က) ထိန နှင့် မိဒ္ဓတို့သည် တွန့်ဆုတ်မှု ကိစ္စ၊ ပျင်းရိခြင်း အကြောင်း၊ ဝီရိယ၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း အားဖြင့် တူကြသောကြောင့် တရားကိုယ် (၂) ပါးမှာ နီဝရဏ တစ်ပါးတည်းဖြစ်ရသည်၊
(ခ) ဥဒ္ဓစ္စ နှင့် ကုက္ကုစ္စတို့သည် မငြိမ်သက်ခြင်းကိစ္စ၊ ဉာတိဗျသန စသည်ကို ကြံစည် တွေးတောခြင်း အကြောင်း၊ သမာဓိ ၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း အားဖြင့် တူကြသောကြောင့် နီဝရဏ (၁) ပါးသာ ဖြစ်ရပါသည်၊
(ဂ) နီဝရဏ (၆) ပါးတွင် ရှေ့နီဝရဏ (၅) ပါးကို မဟဂ္ဂုတ်ကုသိုလ်သည် ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်သတ်နိုင်၍ နောက်ဆုံး အဝိဇ္ဇာနီဝရဏ ကို မဂ်ကုသိုလ်ဖြင့်သာ ပယ်သတ်နိုင်သည်၊
ထို့ကြောင့် ဝိတက်စျာနင်သည် ထိနမိဒ္ဓ နီဝရဏကို
ဝိစာရစျာနင်သည် ဝိစိကိစ္ဆာ နီဝရဏကို
ပီတိ စျာနင်သည် ဗျာပါဒ နီဝရဏကို
သုခ စျာနင်သည် ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏကို
ဧကဂ္ဂတာစျာနင်သည် ကာမစ္ဆန္ဒ နီဝရဏ ကို
အသီးသီးပယ်ကြောင်း ပြဆိုကြပါသည်၊
၇၊ အနုသယ
မဂ်ဖြင့် မပယ်နိုင်သေးသရွေ့ သတ္တဝါ တို့ သန္တာန်မှာ သံသရာတစ်လျှောက်လုံး အစဉ်ကိန်းအောင်းနေသောကြောင့် ဤ လောဘ စသည်ကို အနုသယ ဟုခေါ်၏၊
ထို အနုသယ တို့သည်
၁၊ ကာမရာဂါနုသယ - လောဘ
၂၊ ဘဝရာဂါနုသယ - လောဘ
၃၊ ပဋိဃာနုသယ - ဒေါသ
၄၊ မာနာနုသယ - မာန
၅၊ ဒိဌါနုသယ - ဒိဌိ
၆၊ ဝိစိကိစ္ဆာနုသယ - ဝိစိကိစ္ဆာ
၇၊ အဝိဇ္ဇာနုသယ - မောဟ
ကိလေသာ (၃) မျိုး
၁၊ ဝီတိက္ကမကိလေသာ - လွန်ကြူး
သီလဖြင့် / မဟာကုသိုလ်ဖြင့် ပယ်၏
၂၊ ပရိယုဌါနကိလေသာ - ထကြွ
သမာဓိဖြင့်/ မဟဂ္ဂုတ်ကုသိုလ်ဖြင့် ပယ်၏
၃၊ အနုသယ ကိလေသာ - ကိန်းအောင်း
ပညာဖြင့်/ မဂ်ကုသိုလ်ဖြင့် ပယ်၏
၈၊ သံယောဇန
သတ္တဝါများကို သံသရာမှ မလွတ်ရအောင် ချည်နောင်တတ်သောကြောင့် သံယောဇဉ်မည်၏၊
ထိုသံယောဇဉ် သည်
(က) သုတ္တန် နည်းအားဖြင့် (၁၀) ပါး
(ခ) အဘိဓမ္မာ နည်းအားဖြင့် (၁၀) ပါး
(က) သုတ္တန် နည်းအားဖြင့် (၁၀) ပါး
၁၊ ကာမရာဂ သံယောဇဉ် လောဘ
၂၊ ရူပရာဂ ။ ။
၃၊ အရူပရာဂ ။ ။
၄၊ပဋိဃ ။ ဒေါသ
၅၊ မာန ။ မာန
၆၊ ဒိဌိ ။ ဒိဌိ
၇၊ သီလဗ္ဗတပရာမာသ ။ ။
၈၊ ဝိစိကိစ္ဆာ ။ ဝိစိကိစ္ဆာ
၉၊ ဥဒ္ဓစ္စ ။ ဥဒ္ဓစ္စ
၁၀၊ အဝိဇ္ဇာ ။ မောဟ
(ခ) အဘိဓမ္မာ နည်းအားဖြင့် ( ၁၀) ပါး
၁၊ ကာမရာဂ သံယောဇဉ် လောဘ
၂၊ ဘဝရာဂ ။ ။
၃၊ ပဋိဃ ။ ဒေါသ
၄၊ မာန ။ မာန
၅၊ ဒိဌိ ။ ဒိဌိ
၆၊ သီလဗ္ဗတပရာမာသ ။ ။
၇၊ ဝိစိကိစ္ဆာ ။ ဝိစိကိစ္ဆာ
၈၊ ဣဿာ ။ ဣဿာ
၉၊ မစ္ဆရိယ ။ မစ္ဆရိယ
၁၀၊ အဝိဇ္ဇာ ။ မောဟ
ဩရမ္ဘာဂိယ သံယောဇဉ်- ကာမဘုံသို့ ချည်နှောင်
တတ်သော သံယောဇဉ် (၅) ပါး
၁၊ ကာမရာဂ ၂၊ပဋိဃ။ ၃၊ ဒိဌိ
၄၊ သီလဗ္ဗတပရာမာသ။ ၅၊ဝိစိကိစ္ဆာ
ဥဒ္ဓံဘာဂိယ သံယောဇဉ်-ရူပ/ အရူပသို့ ချည်နှောင်
တတ်သော သံယောဇဉ် (၅) ပါး
၁၊ ရူပရာဂ ၂၊ အရူပရာဂ ၃၊ မာန
၄၊ ဥဒ္ဓစ္စ ၅၊ အဝိဇ္ဇာ
၉၊ ကိလေသာ
သတ္တဝါတို့၏ စိတ်ကို ညစ်နွမ်းစေ၍ ပူပန်စေတတ် နှိပ်စက်တတ်သောကြောင့် ကိလေသာမည်၏၊
ထိုကိလေသာ သည်
၁၊ လောဘ ၂၊ ဒေါသ ၃၊ မောဟ ၄၊ မာန ၅၊ ဒိဌိ
၆၊ ဝိစိကိစ္ဆာ ၇၊ ထိန ၈၊ ဥဒ္ဓစ္စ ၉၊ အဟိရိက၊
၁၀၊ အနောတ္တပ္ပ။
တစ်ထောင့်ငါးရာ ကိလေသာ
ဆောင်၊နာမ်တေပညံ၊ ရုပ် နိပ္ဖန်၊ လက္ခဏံရုပ် လေး၊
သန္တာန် နှစ်ဝ၊ မြှောက်ဆင့်က၊ ခုနစ်ရာ့ ငါးဆယ်ရေး၊
ဆယ်ကိလေသာ၊ မြှောင့်ဆင့်ပါ၊ ငါးရာတစ်ထောင်တွေး( အခြေပြု)
၁၊ နာမ်တေပညာသ- စိတ် နှင့် စေတသိက်— ၅၃ ပါး
၂၊ နိပ္ဖန္နရုပ် ၁၈ ပါး+
၄၊ လက္ခဏာရုပ် ၄ ပါး = ၇၅ ပါး
၅၊ အဇ္ဈတ္တသန္တာန်၊ ဗဟိဒ္ဓသန္တာန် (၂) ခုနှင့်မြှောက်
(၁၅၀) ဖြစ်၏၊
၆၊ ကိလေသာ (၁၀) ပါးနှင့် မြှောက် = ၁၅၀၀ ဖြစ်၏၊
ခြုံငုံသုံးသပ်ချက်
အကုသလသင်္ဂဟ ၌ အာသဝ စသည်ဖြင့် (၉) မျိုးရှိ၏၊ မြတ်ဗုဒ္ဓသည် တရားနာ၏ အဇ္ဈာသယ အားလျော်စွာ နာမည်အမျိုးမျိုးဖြင့် ဟောရသည် ဖြစ်၏၊ ဥပမာ- လောဘ တစ်ခုတည်းကိုပင်
၁၊ ကာမာသဝ
၂၊ ကာမောဃ
၃၊ ကာမယောဂ
၄၊ အဘိဇ္ဈာကာယဂန္ထ
၅၊ ကာမုပါဒါန်
၆၊ ကာမစ္ဆန္ဒနီဝရဏ
၇၊ ကာမရာဂါနုသယ
၈၊ ကာမရာဂသံယောဇဉ်
၉၊ လောဘ ကိလေသာ ဟူ၍ နာမည် (၉) မျိုးဖြင့်ဟောထား၏၊ ထို့အတူ ဒေါသ၊ မောဟ ၊ မာန၊ ဒိဌိ စသည်တို့ကိုလည်း စီစစ်ထားပါ၊
လေ့ကျင့်ခန်း ပုစ္ဆာများ
၁၊ (က) အာသဝ (ခ) ဩဃ (ဂ) ယောဂ အဓိပ္ပါယ်တို့ကို အသီးအသီး ဖြေဆိုပါ၊
၂၊ ထိန နှင့် မိဒ္ဓ စေတသိက် (၂) ပါး ဖြစ်ပါလျှက် နီဝရဏ တစ်ပါးတည်း ဖြစ်ရခြင်း အကြောင်းကို ဖြေဆိုပါ၊
၃၊ စျာန်ကုသိုလ်သည် နီဝရဏတရားများကို ငြိမ်းစေသည် ဟု ဆိုရာ၌ စျာန်အင်္ဂါများက နီဝရဏတရားတို့ကို ငြိမ်းစေပုံကို တွဲပြပါ၊
၄၊ ကိလေသာ အမျိုးအစား သုံးမျိုးကို ပယ်သတ်နိုင်သော ကုသိုလ်များနှင့် တွဲစပ် ဖြေဆိုပါ၊
၅၊ အောက်ဘုံများကို ချည်နှောင်စေသော ဩရမ္ဘာဂိယ သံယောဇဉ် (၅) ပါးကို ဖြေဆိုပါ၊
မိဿက သင်္ဂဟ — ၁၊ ဟိတ် (၆) ပါး
၁၊ ဟေတု - ကုသိုလ် အကုသိုလ် အဗျာကတ တို့၏ မူရင်းအကြောင်းတို့ကို ဟေတု- ဟိတ် ဟုခေါ်သည်၊
ထို ဟိတ်တို့သည် (၆) ပါး ဖြစ်ကုန်၏၊
လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ၊
၂၊ စျာန
ဆန့်ကျင်ဘက် တရားတို့ကို လောင်မြိုက်စေတတ်၊ ကမ္မဌာန်းအာရုံကို စူးစူးစိုက်စိုက်ရှုတတ်သောကြောင့် စျာန် ဟု ခေါ်ပါသည်၊
ထိုစျာန်တို့သည် (၇) ပါး
ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဧကဂ္ဂတာ၊ သောမနဿံ၊ ဒေါမနဿံ ၊ ဥပေက္ခာ၊
တရားကိုယ်အားဖြင့် ၅ ပါး၊ ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဧကဂ္ဂတာ၊ ဝေဒနာ၊ ( အဆုံး ၃ ပါးကို ဝေဒနာ (၁) ခုသာကောက်ရ၏)
၃၊ မဂ္ဂင်
(၃၁) ဘုံ ဌါန များသို့ သွားရာ လမ်းခရီးအတိုင်း ပို့ဆောင်ပေးတတ်သော ယာဉ်များနှင့် တူသောကြောင့် မဂ္ဂ- မဂ္ဂင်လို့ခေါ်ပါသည်၊
ထိုမဂ္ဂင်တို့သည် (၁၂) ပါး၊
၁၊ သမ္မာဒိဌိ မဂ္ဂင် - ပညာ
၂၊ သမ္မာသင်္ကပ္ပမဂ္ဂင် - ဝိတက်
၃၊ သမ္မာဝါစာ မဂ္ဂင် - သမ္မာဝါစာ
၄၊ သမ္မာ ကမ္မန္တ မဂ္ဂင် - သမ္မာကမ္မန္တ
၅၊ သမ္မာအာဇီဝ မဂ္ဂင် - သမ္မာအာဇီဝ
၆၊ သမ္မာဝါယာမ မဂ္ဂင် - ဝီရိယ
၇၊ သမ္မာသတိ မဂ္ဂင် - သတိ
၈၊ သမ္မာသမာဓိ မဂ္ဂင် - ဧကဂ္ဂတာ
၉၊ မိစ္ဆာဒိဌိ မဂ္ဂင် - ဒိဌိ
၁၀၊ မိစ္ဆာသင်္ကပ္ပ မဂ္ဂင် - ဝိတက်
၁၁၊ မိစ္ဆာ ဝါယာမ မဂ္ဂင် - ဝီရိယ
၁၂၊ မိစ္ဆာ သမာဓိ - ဧကဂ္ဂတာ
အပါယ်သွားလမ်း မဂ္ဂင်ယာဉ် (၄) ပါး
( ၉၊၁၀၊၁၁၊၁၂)
သုဂတိ နှင့် နိဗ္ဗာန် သွားလမ်း မဂ္ဂင်ယာဉ် (၈) ပါး
(၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊)
၄၊ ဣန္ဒြေ
မိမိတို့ သက်ဆိုင်ရာ ရုပ်တရား၊ သမ္ပယုတ်တရားတို့ကို အစိုးရသောကြောင့် ဣန္ဒြေ မည်၏၊
ထိုဣန္ဒြေ တို့သည် (၂၂) ပါး၊
၁၊ စက္ခုန္ဒြေ - စက္ခုပသာဒ
၂၊ သောတိန္ဒြေ - သောတပသာဒ
၃၊ ဃာနိန္ဒြေ - ဃာနပသာဒ
၄၊ ဇီဝှိန္ဒြေ - ဇိဝှါပသာဒ
၅၊ ကာယိန္ဒြေ - ကာယပသာဒ
၆၊ ဣတ္ထိန္ဒြေ - ဣတ္ထိဘာဝရုပ်
၇၊ ပုရိသိန္ဒြေ - ပုရိသဘာဝရုပ်
၈၊ မနိန္ဒြေ- စိတ် (၈၉) ပါး
၉၊ ဇီဝိတိန္ဒြေ - ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ
၁၀၊ သုခိန္ဒြေ - သုခသဟဂုတ်ကာယဝိညာဉ်၌ ရှိသော ဝေဒနာ၊
၁၁၊ ဒုက္ခိန္ဒြေ - ဒုက္ခသဟဂုတ် ကာယဝိညာဉ်၌ ရှိသော ဝေဒနာ၊
၁၂၊ သောမနဿိန္ဒြေ - သောမနဿ သဟဂုတ် (၆၂) ခု၌ ရှိသော ဝေဒနာ
၁၃၊ ဒေါမနဿိန္ဒြေ - ဒေါသမူဒွေ ၌ ရှိသော ဝေဒနာ
၁၄၊ ဥပေက္ခိန္ဒြေ - ဥပေက္ခာသဟဂုတ်စိတ် (၅၅) ခု၌ ရှိသော ဝေဒနာ
၁၅၊ သဒ္ဓိန္ဒြေ - သောဘန စိတ် (၅၉) ခု၌ ရှိသော သဒ္ဓါစေတသိက်၊
၁၆၊ ဝီရိယိန္ဒြေ - ဝီရိယ နှင့် ယှဉ်သောစိတ် (၇၃) ၌ ရှိသော ဝီရိယ၊
၁၇၊ သတိန္ဒြေ - သောဘနစိတ် (၅၉) ခု၌ ရှိသော သတိ၊
၁၈၊ သမာဓိန္ဒြေ - အဝီရိယစိတ် (၁၆)ခု၊ ဝိစိကိစ္ဆာ သဟဂုတ်စိတ် ၁၊ခု ကြဉ်သော စိတ် (၇၂) ခု၌ ရှိသော ဧကဂ္ဂတာ၊
၁၉၊ ပညိန္ဒြေ - လောကီ တိဟိတ်စိတ် (၃၉) ခု၌ ရှိသောစိတ် ပညာ၊
၂၀၊ အနညာတညဿာမိတိန္ဒြေ - သောတာပတ္တိမဂ်စိတ်၌ ရှိသော ပညာ၊
၂၁၊ အညိန္ဒြေ - အထက်မဂ် ၃ ခု၊ အောက်ဖိုလ် ၃ ခု ၌ ရှိသော ပညာ၊
၂၂၊ အညာတာဝိန္ဒြေ - အရဟတ္တဖိုလ်၌ ရှိသော ပညာ၊
မှတ်ချက်-
၅၊ ဗလ
ဆန့်ကျင်ဘက်တရားတို့ကြောင့် မတုန်လှုပ်ပဲ မိမိတို့ကိစ္စ တို့၌ မယိမ်းမယိုင် ခိုင်မြဲစေတတ်သောကြောင့် ဗလ- ဗိုလ်မည်၏၊
ထိုဗိုလ်တို့သည် (၉) ပါး၊
၁၊ သဒ္ဓါဗိုလ် - သောဘနစိတ် ၅၉ ခု၌ရှိသော သဒ္ဓါ၊
၂၊ ဝီရိယဗိုလ် - သဝီရိယစိတ် (၇၃) ၌ ရှိသော ဝီရိယ၊
၃၊ သတိဗိုလ် - သောဘနစိတ် (၅၉) ခု၌ ရှိသော သတိ၊
၄၊ သမာဓိဗိုလ် - အဝီရိယစိတ် ၁၆ ခု၊ ဝိစိကိစ္ဆာသဟဂုတ်စိတ် ၁၊ ခုကြဉ် (၇၂) ၌ ရှိသော ဧကဂ္ဂတာ၊
၅၊ ပညာဗိုလ် - တိဟိတ်စိတ် (၄၇) ခု၌ ရှိသော ပညာ၊
၆၊ ဟိရိဗိုလ် - သောဘနစိတ် (၅၉) ၌ရှိသော ဟိရီ၊
၇၊ ဩတ္တပ္ပဗိုလ် - သောဘနစိတ် (၅၉) ခု၌ ရှိသော ဩတ္တပ္ပ၊
၈၊ အဟိရိကဗိုလ် - အကုသိုလ်စိတ် (၁၂) ၌ ရှိသော အဟိရိက၊
၉၊ အနောတ္တပ္ပ - အကုသိုလ်စိတ် (၁၂) ခု၌ ရှိသော အနောတ္တပ္ပ၊
မှတ်ချက်
ဗိုလ်မထိုက်သောတရားများ-
၆၊ အဓိပတိ
ယှဉ်ဘက်တရားများကို လွမ်းမိုး အုပ်စိုးတတ်သောကြောင့် အဓိပတိ မည်၏၊
ထို အဓိပတိသည် ၊(၄) ပါး၊
၁၊ ဆန္ဒာဓိပတိ - ဒွိဟိတ်ဇော ၁၈ ခု၊ တိဟိတ်ဇော ၃၄၊ ခု ၌ ရှိသော ဆန္ဒ၊
၂၊ ဝီရိယာဓိပတိ - ဒွိဟိတ် ဇော ၁၈၊ တိဟိတ်ဇော ၃၄၊ ခု၌ ရှိသော ဝီရိယ၊
၃၊ စိတ္တာဓိပတိ - ဒွိဟိတ်ဇော ၁၈၊ တိဟိတ်ဇော ၃၄= သာဓိပတိဇော ၅၂ ခု ၊
၄၊ ဝီမံသာဓိပတိ - တိဟိတ်ဇော (၃၄) ခု၌ ရှိသော ပညာ၊
မှတ်ချက်
အဓိပတိ မထိုက်သော ဇောများ - အဟိတ်ဇော ဟသိတုပ္ပါဒ်၊ ဧကဟိတ်ဇော- မောဟမူဒွေ= (၃) ပါး
ဣန္ဒြေ အစိုးရပုံ နှင့် အဓိပတိ အစိုးရပုံ အထူး
အဓိပတိ အစိုးရပုံကား ရှင်ဘုရင်/ သမ္မတ ကဲ့သို့ နိုင်ငံတစ်ခု၊တိုင်းပြည်တစ်ခုမှာ အကြီးဆုံးအနေဖြင့် ကစ္စအားလုံးအပေါ် အုပ်စိုးသည်၊အစိုးရသည်၊ ဣန္ဒြေ အစိုးရပုံကား ဝန်ကြီးဌါန တစ်ခု၏ ဝန်ကြီးကဲ့သို့ ကိုယ်သက်ဆိုင်ရာနယ်ပယ်၌သာ အစိုးရသည်၊
ဆောင်၊ အဓိပတိမျိုး၊ အုပ်ချုပ်စိုးကား၊ ပြိုင်ရိုးမရှိ၊ တစ်ပါးတည်းပေ၊ ဘုရင်အနေတည်း၊ ဣန္ဒြေကား၊ မူးမတ်လားသို့၊ သူများကိစ္စ၊ သူ့အလိုကျအောင်၊ လိုက်ရပြီးကာ၊ ကိုယ်ဆိုင်ရာဝယ်၊ ကိုယ်သာလွှမ်းမိုး၊ အုပ်ချုပ်စိုးသည်၊ နှစ်မျိုးသည်ပုံ ကွဲသတည်း။
၇၊ အာဟာရ
အတူဖြစ်ဖက်တရားများကို ဖြစ်စေတတ်၊ ထောက်ပံ့တတ်သောကြောင့် အာဟာရမည်၏၊
ထိုအာဟာရသည် (၄) ပါး
၁၊ ကဗဠီကာရော အာဟာရော - အဆီအစေး ဩဇာရုပ်
၂၊ ဖဿာဟာရ - စိတ် (၈၉) ပါး၌ ရှိသော ဖဿ၊
၃၊ မနောသဉ္စေတနာဟာရ - ။ စေတနာ၊
၄၊ ဝိညာဏာဟာရ- စိတ် (၈၉) ပါး၊
အာဟာရ (၄) ပါးက ဆောင်ထားပုံ
၁၊ ကဗဠီကာရအာဟာရသည် အာဟာရဇကလာပ်ကို ဖြစ်စေ၏၊
၂၊ ဖဿ သည် ဝေဒနာ ၃ ပါးကို ဖြစ်စေ၏၊
၃၊ မနောသဉ္စေတနာ သည် ပဋိသန္ဓေ ဝိညာဉ်ကို ဖြစ်စေ၏
၄၊ ဝိညာဏာဟာရသည် နာမ် ရုပ်ကို ဖြစ်စေ၏၊
လေ့ကျင့်ခန်း ပုစ္ဆာများ
၁၊ ဟိတ် (၆) ပါးတို့ကို ကုသိုလ်၊ အကုသိုလ် အရင်းအမြစ် ခွဲခြားဖြေဆိုပါ၊
၂၊ ဣန္ဒြေ (၂၂) ပါး တို့တွင် (က) ရုပ်သက်သက်ဣန္ဒြေ
(ခ) နာမ်သက်သက် ဣန္ဒြေ (ဂ) ရုပ် နာမ် ဣန္ဒြေတို့ကို အရေအတွက်မျှ ဖော်ပြပါ၊
၃၊ မဂ္ဂင်တိုင်း ကောင်းရာသုဂတိ လမ်းချည်းရှိပါသလား၊ အပါယ်သွားသည့် လမ်းများရှိပါကလည်း ဖြေဆိုပါ၊
၄၊ ဣန္ဒြေ အစိုးရပုံ နှင့် အဓိပတိ အစိုးရပုံ အထူးတို့ကို ဖြေဆိုပါ။
၅၊ အဓိပတိ မထိုက်သော ဇောများကို ပြည့်စုံအောင် ဖြေဆိုပါ၊
၆၊ သဗ္ဗေသတ္တာ အာဟာရဌိတိကာ ဆိုသည့်အတိုင်း အာဟာရ ၄ ပါးက အကျိုးတရားများကို ဆောင်ထားပုံကိုဖြေဆိုပါ။
ဗောဓိပက္ခိယ သင်္ဂဟ
ဗောဓိဉာဏ်ရကြောင်း တရားများကို ပေါင်းစု၍ ပြသော သင်္ဂဟ သည် ဗောဓိပက္ခိယ သင်္ဂဟမည်၏၊
ထို ဗောဓိပက္ခိယ သင်္ဂဟ ၌
(က) သတိပဌါန် (၄) ပါး
(ခ) သမ္မပ္ပဓာန် (၄) ပါး
(ဂ) ဣဒ္ဓိပါဒ် (၄) ပါး
(ဃ) ဣန္ဒြေ (၅) ပါး
(င) ဗိုလ် (၅) ပါး
(စ) ဗောဇ္ဈင် (၇) ပါး
(ဆ) မဂ္ဂင် (၈) ပါး
အားဖြင့် (၃၇) ပါးတို့ကို ပြဆိုပါသည်၊
(က) သတိပဌါန် (၄) ပါး
ကာယ ဝေဒနာ စိတ္တ ဓမ္မ ဟူသော အာရုံများကို မပြတ် စေါင့်ကြည့်ခြင်း သည် သတိပဌါန် ဖြစ်၏
ထိုသတိပဌါန်သည်
၁၊ ကာယာနုပဿနာ သတိပဌါန်
၂၊ ဝေဒနာနုပဿနာ သတိပဌါန်
၃၊ စိတ္တာနုပဿနာ သတိပဌါန်
၄၊ ဓမ္မာနုပဿနာ သတိပဌါန် အားဖြင့် (၄) ပါး၊
တရားကိုယ်သည် - မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊
အပ္ပနာဇော ၂၆ အားဖြင့် (၄၂) ခု ၌ ရှိသော သတိစေတသိက်သာ ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော်
၁၊ ကာယာနုပဿနာသတိပဌါန်သည် ရုပ်ခန္ဓာအာရုံကို အသုဘ ထင်လာသည်အထိ ပွါးများဆင်ခြင်ရသဖြင့် သုဘဝိပလ္လာသကို ပယ်ရှားနိုင်၏၊
၂၊ ဝေဒနာနုပဿနာသတိပဌါန်သည် ဝေဒနာ အာရုံကို ဒုက္ခ ထင်လာသည်အထိ ပွါးများဆင်ခြင်ရသဖြင့် သုခဝိပလ္လာသကို ပယ်ရှားနိုင်၏၊
၃၊ စိတ္တာနုပဿနာသတိပဌါန်သည် စိတ်အာရုံကို အနိစ္စထင်လာသည်အထိ ပွါးများဆင်ခြင်ရသဖြင့် နိစ္စဝိပလ္လာသကို ပယ်ရှားနိုင်၏၊
၄၊ ဓမ္မာနုပဿနာသတိပဌါန်သည် သညာ နှင့် သင်္ခါရ အာရုံတို့ကို အနတ္တ ထင်လာသည်အထိ ပွါးများဆင်ခြင်ရသဖြင့် အတ္တဝိပလ္လာကို ပယ်ရှားနိုင်၏၊
ဤသို့
အာရုံကွဲပြားပုံ၊ ရှုမှတ်ခြင်း အခြင်းအရာ ကွာခြားပုံ၊
ပယ်ခွါခြင်းကိစ္စ မတူညီကြသောကြောင့် သတိ တစ်ပါးတည်းက (၄) မျိုးကွဲပြားရပါသည်၊
(ခ) သမ္မပ္ပဓာန် (၄) ပါး
ကိုယ်ပင်ပမ်းမှုကို မငဲ့ကွက်ပဲ မတွန့်မဆုတ် ကြိုးပမ်းအားထုတ်မှု ဝီရိယ သဘောသည် သမ္မပ္ပဓာန် မည်၏၊
ထိုသမ္မပ္ပဓာန်သည် (၄) မျိုး ရှိ၏၊ တရားကိုယ်အားဖြင့် မဟာကုသိုလ်စိတ်၈၊ မဟဂ္ဂုတ်ကုသိုလ် ၉၊ မဂ်ကုသိုလ် ၄- အားဖြင့် (၂၁) ၌ရှိသော ဝီရိယ တစ်ပါးသာတည်း၊
၁၊ ဖြစ်ပြီးသော အကုသိုလ်ကို ပယ်ခြင်းငှါ
၂၊ မဖြစ်သေးသော အကုသိုလ်ကို မဖြစ်စေခြင်းငှါ
၃၊ မဖြစ်သေးသော ကုသိုလ်ကို ဖြစ်စေခြင်းငှါ
၄၊ ဖြစ်ပြီးသော ကုသိုလ်ကို တိုးပွါးခြင်းငှါ ဟူသော ကိစ္စလေးမျိုး ပြားသောကြောင့် (၄) ပါးဖြစ်ပါသည်၊
(ဂ) ဣဒ္ဓိပါဒ
စျာန် မဂ် ဖိုလ် အကျိုးတရား ပြီးစီးထမြောက်မှုသည် ဣဒ္ဓိမည်၏၊ ထို ဣဒ္ဓိများ ပြီးမြောက်ခြင်း အခြေခံ သဘောတရားတို့သည် ဣဒ္ဓိပါဒမည်၏၊
ထိုဣဒ္ဓိပါဒ် တို့သည် (၄) ပါးရှိကုန်၏၊
၁၊ ဆန္ဒိဒ္ဓိပါဒ် - မဟာကု၊ မဟဂ္ဂုတ်ကု၊မဂ်ကု=၌ရှိဆန္ဒ
၂၊ ဝီရယိဒ္ဓိပါဒ် - ။ ။ ။ ၌ရှိ ဝိရိယ၊
၃၊ စိတ္တိဒ္ဓိပါဒ်- ။ ။ ။ စိတ် (၂၁) ပါး
၄၊ ဝီမံသိဒ္ဓိပါဒ် - မဟာကု သမ္ပယုတ် ၄၊ မဟဂ္ဂုတ်ကု ၉၊
မဂ်ကုသိုလ် ၄ - (၁၇) ပါး၌ ရှိ ပညာ၊
ဣဒ္ဓိ (၄) မျိုး
၁၊ ပရိညာဣဒ္ဓိ - ဒုက္ခသစ္စာသိမှု ပြီးစီးခြင်း၊
၂၊ ပဟာနဣဒ္ဓိ - သမုဒယသစ္စာကို ပယ်မှုပြီးစီးခြင်း၊
၃၊ သစ္ဆိကရဏဣဒ္ဓိ - နိရောဓသစ္စာသို့ ဆိုက်မှုပြီးစီးခြင်း
၄၊ ဘာဝနာဣဒ္ဓိ - မဂ္ဂသစ္စာကို ပွါးများမှု ပြီးစီးခြင်း၊
ဤဣဒ္ဓိလေးပါး ပြီးမြောက်မှု အတွက် မဖြစ်မနေ လိုအပ်သော အဓိပတိ လေးပါးကို ဣဒ္ဓိပါဒ် (၄) ပါးဟုခေါ်သည်၊
(ဃ) ဣန္ဒြေ (င) ဗိုလ်
သဒ္ဓါစသော ငါးပါးတို့သည် ရင့်ကျက်တည်ငြိမ် အစိုးရသောကြောင့် ဣန္ဒြေ မည်၏
ဆန့်ကျင်ဘက်တရားတို့ကို လွမ်းမိုးနိုင်သောကြောင့် ဗိုလ်လည်းမည်၏၊
၁၊ သဒ္ဓိန္ဒြေ၊သဒ္ဓါဗိုလ်- ကု၊ကြိ၊အပ္ပ- (၄၂) ၌ရှိ သဒ္ဓါ
၂၊ဝီရိယိန္ဒြေ၊ဝီရိယဗိုလ်- ။ ဝီရိယ၊
၃၊ သတိန္ဒြေ၊ သတိဗိုလ်- ။ သတိ
၄၊ သမာဓိန္ဒြေ၊သမာဓိဗိုလ်၊ ။ ဧကဂ္ဂတာ
၅၊ ပညိန္ဒြေ၊ ပညာဗိုလ် -တိဟိတ်ဇော(၃၄)၌ ရှိ ပညာ
(စ) ဗောဇ္ဈင်
ဗောဓိဉာဏ်၏ အင်ဂါအစိတ်အပိုင်း တို့သည် ဗောဇ္ဈင်္ဂ မည်၏၊ ထိုဗောဇ္ဈင်တို့သည် (၇) ပါး
၁၊ သတိသမ္ဗောဇ္ဈင် - ကု ကြိ အပ္ပနာ ၄၂ ၌ ရှိ သတိ
၂၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် - တိဟိတ်ဇော ၃၄ ၌ ရှိ ပညာ
၃၊ ဝိရိယ သမ္ဗောဇ္ဈင် - ၄၂ ၌ ရှိ ဝီရိယ
၄၊ ပီတိသမ္ဗောဇ္ဈင် - ၄၂ ၌ ရှိ ပီတိ
၅၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင် - ၄၂၌ ရှိ ကာယပ/စိတ္တပဿ
၆၊ သမာဓိ သမ္ဗာဇ္ဈင် - ၄၂ ၌ ရှိ ဧကဂ္ဂတာ
၇၊ ဥပေက္ခာ သမ္ဗောဇ္ဈင် - ၄၂ ၌ရှိ တတြမဇ္ဈတ္တတာ
ဗောဓိ (၃) မျိုး
၁၊ သမ္မာသမ္ဗောဓိ - သမ္မာသမ္ဗုဒ္ဓဘုရားဉာဏ်
( ပညာဓိကဘုရား - (၄) သင်္ချေနှင့် ကမ္ဘာတစ်သိန်း)
(သဒ္ဓါဓိကဘုရား - (၈)- ။ ။
(ဝိရိယာဓိကညုရား(၁၆) - ။ ။
၂၊ ပစ္စေကဗောဓိ - (၂)- ။ ။
၃၊ အဂ္ဂသာဝကဗောဓိ (၁) ။ ။
(မဟာသာဝက ဗောဓိ - ။
(ပကတိသာဝကဗောဓိ - တစ်ဘဝ၊ နှစ်ဘဝ မှသည်
ဘဝ အရာ - အထောင်အထိ)
ပါရမီ (၁၀-၃၀)တိုကို အသီးသီး ဖြည့်ကျင့်ရ၏၊
မိမိတို့ နှစ်သက်ရာ နိဗ္ဗာန်ဝင်နိုင်သည့် ဗောဓိဉာဏ်ကို ရွေးချယ်ခွင့်ရှိသည်။
(ဆ) မဂ္ဂင်
နိဗ္ဗာန်ရောက်စေတတ်သော လမ်းကောင်းလမ်းမှန်ဖြစ်သောကြောင့် မဂ္ဂင် ဟုဆိုရ၏၊ ထိုမဂ္ဂင်တို့သည် (၈) ပါး
၁၊ သမ္မာဒိဌိ - အမြင်မှန် - တိဟိတ်-၃၄ ၌ ရှိအမောဟ
၂၊ သမ္မာသင်္ကပ္ပ - အတွေးမှန် - (၄၂)၌ ရှိ- ဝိတက်
၃၊ သမ္မာဝါစာ - အပြောမှန် (၁၆)၌ရှိ-သမ္မာဝါစာ
၄၊ သမ္မာကမ္မန္တ - အလုပ်မှန် (၁၆)၌ရှိ-သမ္မာကမ္မန္တ
၅၊ သမ္မာအာဇီဝ - သက်မွေးမှုအမှန် (၁၆)၌ရှိသမ္မာအာဇီဝ
၆၊ သမ္မာဝါယာမ - အားထုတ်မှုအမှန် (၄၂)၌ရှိဝီရိယ
၇၊ သမ္မာသတိ - အောက်မေ့မှု အမှန် (၄၂)၌ရှိသတိ
၈၊ သမ္မာသမာဓိ - တည်ကြည်မှုအမှန်(၄၂)၌ရှိဧကဂ္ဂတာ
မဂ္ဂင် (၃) မျိုး
၁၊ ပညာမဂ္ဂင် ၂ - သမ္မာဒဌိ၊ သမ္မာသင်္ကပ္ပ
၂၊ သီလမဂ္ဂင် ၃ - သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ အာဇီဝ၊
၃၊ သမာဓိမဂ္ဂင် ၃ - သမ္မာဝါယာမ၊သတိ၊သမာဓိ၊
(ဗောဓိပက္ခိယသင်္ဂဟ တစ်ခုလုံးအတွက် တရားကိုယ်
ကောက်နည်း ပုံသေ ဆောင်ပုဒ်)
၁၊ ပဌါန် - သတိ၊ ဣန္ဒြိပြင်၊ ဗိုလ် ဗောဇ္ဈင်၊ မဂ္ဂင် တရားကိုယ်၊
ကုသိုလ်မဟာ၊ ကြိယာ နှင့်၊ အပ္ပနာ ဇဝန၊ ယှဉ်သမျှ၊ ကောကပြကျစေလို၊
၂၊ ပဓာန် - သမ္မပ်၊ ဣဒ္ဓပါဒ်တို့၊ ကောက်အပ်လေရာ၊
ကုသိုလ်သာ၊ မှတ်ပါကျမ်းအဆို။
လေ့ကျင့်ခန်းပုစ္ဆာများ
၁၊ ဗောဓိပက္ခိယ - ဗောဓိဉာဏ်၏ အသင်းအပင်းတရား(၃၇) ပါးကို သိသာရုံ ရေတွက်ပြပါ၊
၂၊ သတိပဌါန် (၄) ပါး ပွါးများပုံ နှင့် ပယ်ရှားနိုင်သည့် ကိစ္စတို့ကို ဖြေပါ၊
၃၊ ဣဒ္ဓိပါဒ် (၄) ပါးကို တရားကိုယ်နှင့်တကွ ဖြေပါ၊
၄၊ နိဗ္ဗာန်ဝင် ဗောဓိဉာဏ် အမျိုးမျိုးရှိရာ သမ္မာသမ္ဗောဓိဖြင့် ဝင်လိုလျှင် ပါရမီကို မည်မျှကြာအောင် ဖြည့်ဆည်းရမည်နည်း၊ ဖြေဆိုပါ၊
၅၊ မဂ္ဂင် (၈) ပါးတွင် (က) သီလ (ခ) သမာဓိ (ဂ) ပညာ တို့ဖြင့် ခွဲခြားပြပါ။
သဗ္ဗသင်္ဂဟ
(က) ခန္ဓာ (၅) ပါး
(ခ) ဥပါဒါနက္ခန္ဓာ (၅) ပါး
(ဂ) အာယတန (၁၂) ပါး
(ဃ) ဓာတ် (၁၈) ပါး
(င) သစ္စာ (၄) ပါး တို့ကို ပြပါသည်၊
(က) ခန္ဓာ (၅) ပါး
ရုပ်အစု နာမ်အစုတို့ကို ခန္ဓာဟုဆိုပါသည်၊ ထိုခန္ဓာသည် (၅) ပါးရှိ၏၊
၁၊ ရူပက္ခန္ဓာ - ရုပ် (၂၈) ပါးအစု၊
၂၊ ဝေဒနာက္ခန္ဓာ - ခံစားမှု ဝေဒနာအစု၊
၃၊ သညက္ခန္ဓာ - မှတ်သားသညာအစု
၄၊ သင်္ခါရက္ခန္ဓာ - ပြုပြင်မှုသင်္ခါရအစု
၅၊ ဝိညာဏက္ခန္ဓာ - စိတ်အားလုံးသိမှု ဝိညာဉ်အစု၊
မှတ်ချက်
ဥပမာ - ရူပက္ခန္ဓာ ရုပ်အစု ဟုဆိုရာ၌ အတိတ်ရုပ်၊ အနာဂတ်ရုပ်၊ ပစ္စုပ္ပန်ရုပ်၊အဇ္ဈတ္တရုပ်၊ ဗဟိဒ္ဓရုပ်၊ဩဠါရိကရုပ်၊ သုခုမရုပ်၊ဟီနရုပ်၊ပဏီတရုပ်၊ဒူရေရုပ်၊ သန္တိကေရုပ် ဟု (၁၁) ပါး အစုကို ရူပက္ခန္ဓာ ဟုဆိုပါသည်၊ ကျန် ဝေဒနာက္ခန္ဓာ စသည်တို့ကိုလည်း ဤကဲ့သို့မှတ်ပါ၊
နိဗ္ဗာန် ခန္ဓာထဲ မပါဝင်နိုင်ခြင်း အကြောင်း
နိဗ္ဗာန်သည် အတိတ် နိဗ္ဗာန် အနာဂတ်နိဗ္ဗာန်စသည်ဖြင့် (၁၁) ပါး အပြားမရှိသောကြောင့် အစု မရှိသဖြင့် ခန္ဓာမမည်နိုင်ပါ။
(ခ) ဥပါဒါနက္ခန္ဓာ (၅) ပါး
ဥပါဒါန်တို့၏ စွဲလမ်းရာခန္ဓာအစုသည် ဥပါဒါနက္ခန္ဓာ မည်၏၊ ထိုဥပါဒါနက္ခန္ဓာတို့သည်
၁၊ ရူပုပါဒါနက္ခန္ဓာ - ရုပ် (၂၈) ပါးအစု
၂၊ ဝေဒနုပါဒါနက္ခန္ဓာ - ခံစားမှု ဝေဒနာ အစု
၃၊ သညုပါဒါနက္ခန္ဓာ - မှတ်သားမှု သညာအစု
၄၊ သင်္ခါရုပက္ခန္ဓာ - ပြုပြင်မှု သင်္ခါရက္ခန္ဓာအစု
၅၊ ဝိညာဏုပါဒါနက္ခန္ဓာ - လောကီစိတ်သိမှု အစု
မှတ်ချက်
ခန္ဓာ (၅) ပါး ဟောပြီးသော်လည်း ဝိပဿနာ ရှုမှတ်ပွါးများသော ယောဂီပုဂ္ဂိုလ်တို့အတွက် ဥပါဒါနက္ခန္ဓာကို ထပ်မံ၍ ဟောရပါသည်၊
(ဂ) အာယတန (၁၂) ပါး
အာယတန - စိတ် စေတသိက် တို့ကိုဖြစ်စေ၍ သံသရာကို ရှည်စေတတ်သောကြောင့် အာယတနမည်၏၊ ထိုအာယတနတို့သည် (၁၂) ပါး ရှိကုန်၏၊
၁၊ စက္ခာယတန - စက္ခုပသာဒ
၂၊ သောတာယတန - သောတပသာဒ
၃၊ ဃာနာယတန - ဃာနပသာဒ
၄၊ ဇိဝှါယတန - ဇိဝှါပသာဒ
၅၊ ကာယာယတန - ကာယပသာဒ
၆၊ ရူပါယတန - ရူပါရုံ
၇၊ သဒ္ဒါယတန - သဒ္ဒါရုံ
၈၊ ဂန္ဓာယတန - ဂန္ဓာရုံ
၉၊ ရသာယတန - ရသာရုံ
၁၀၊ ဖောဌဗ္ဗာယတန - ဖောဌဗ္ဗာရုံ
၁၁၊ မနာယတန - စိတ် (၈၉) ခု
၁၂၊ ဓမ္မာယတန - စေတသိက် ၅၂၊ သုခုမရုပ် ၁၆၊
နိဗ္ဗာန်
(ဃ) ဓာတ် (၁၈) ပါး
မိမိ၏ ပင်ကိုယ်သဘောကို ဆောင်တတ်သောကြောင့် ဓာတ် ဟုဆိုပါသည်၊ ထိုဓာတ်တို့သည် (၁၈) ပါး ရှိကုန်၏၊
၁၊ စက္ခုဓာတ် - စက္ခုပသာဒ
၂၊ သောတဓာတ် - သောတပသာဒ
၃၊ ဃာနဓာတ် - ဃာနပသာဒ
၄၊ ဇိဝှါဓာတ် - ဇိဝှါပသာဒ
၅၊ ကာယဓာတ် - ကာယပသာဒ
၆၊ ရူပဓာတ် - ရူပါရုံ
၇၊ သဒ္ဒဓာတ် - သဒ္ဒါရုံ
၈၊ ဂန္ဓဓာတ် - ဂန္ဓာရုံ
၉၊ ရသဓာတ် - ရသာရုံ
၁၀၊ ဖောဌဗ္ဗဓာတ် - ဖောဌဗ္ဗာရုံ
၁၁၊ စက္ခုဝိညာဏဓာတ် - စက္ခုဝိညာဏ်ဒွေ
၁၂၊ သောဝိညာဏဓာတ် - သောတဝိညာဏ်ဒွေ
၁၃၊ ဃာနဝိညာဏဓာတ် - ဃာနဝိညာဏ်ဒွေ
၁၄၊ ဇိဝှါဝိညာဏဓာတ် - ဇိဝှါဝိညာဏ်ဒွေ
၁၅၊ ကာယဝိညာဏဓာတ် - ကာယဝိညာဏ်ဒွေ
၁၆၊ မနောဓာတ် - ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေ
၁၇၊ မနောဝိညာဏဓာတ် (၇၆) ခု
၁၈၊ ဓမ္မဓာတ် - စေတသိက် ၅၂၊ သုခုမရုပ်-၁၆၊ နိဗ္ဗာန်
ဓာတ် (၁၈) ပါးတွဲစပ်ပုံ
ဒွါရ (၆) ပါး အာရုံ (၆) ပါး ဝိညာဏ် (၆)ပါး
အခံဓာတ် အတိုက်ဓာတ် အပွင့်ဓာတ်
စက္ခုဓာတ် - ရူပဓာတ်- စက္ခုဝိညာဏဓာတ်
သောတဓာတ် - သဒ္ဒဓာတ်- သောတဝိညာဏဓာတ်
ဃာနဓာတ် - ဂန္ဓဓာတ်- ဃာနဝိညာဏဓာတ်
ဇိဝှါဓာတ် - ရသဓာတ်- ဇိဝှါဝိညာဏဓာတ်
ကာယဓာတ် - ဖောဌဗ္ဗဓာတ်- ကာယဝိညာဏဓာတ်
မနောဓာတ် - ဓမ္မဓာတ်- မနောဝိညာဏဓာတ်
သံသရာ
မိမိတို့အမြင်သန်ရာ ခန္ဓာရှုထောင့်၊ အာယတနရှုထောင့်၊ ဓာတ်ရှုထောင့် တို့မှ ကြည့်ရှု၍ ခန္ဓာ(၅) ပါး တစ်လှည့်စီ မပြတ်ဖြစ်ပွါး၊ အာယတန (၁၂) ပါး တစ်လှည့်စီမပြတ်ဖြစ်ပွါး၊ ဓာတ် (၁၈) ပါး တစ်လည့်စီ မပြတ်ဖြစ်ပွါးနေခြင်းအစဉ်ကို သံသရာဟု ခေါ်သည်။
(င) သစ္စာ (၄) ပါး
သစ္စာ - အရိယာပုဂ္ဂိုလ်တို့သာ ထိုးထွင်း၍ သိရသော အဆုံးစွန်သော အမှန်တရားများ ဖြစ်သောကြောင့်
သစ္စာ မည်၏၊ ထိုသစ္စာတို့သည် (၄) ပါးရှိကုန်၏၊
၁၊ ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား- လောကီစိတ် ၈၁ ပါး၊ လောဘကြဉ်သော စေတသိက် ၅၁ ပါး၊ ရုပ် ၂၈ ပါး၊
၂၊ သမုဒယသစ္စာ - ဆင်းရဲကြောင်း အမှန်တရား- တဏှာဟုဆိုအပ်သော လောဘစေတသိက်၊
၃၊ နိရောဓသစ္စာ - ဆင်းရဲချုပ်ငြိမ်းခြင်း အမှန်တရား- နိဗ္ဗာန်၊
၄၊ မဂ္ဂသစ္စာ- ဆင်းရဲချုပ်ငြိမ်းကြောင်း အမှန်တရား- မဂ်စိတ်လေးခု၌ရှိသော မဂ္ဂင် (၈) ပါး၊
သစ္စာဝိမုတ်
သစ္စာ (၄) ပါးမှ လွတ်သောတရားများ
မဂ်စိတ် (၄) ခု၌ ယှဉ်သော စေတသိက် (၃၆) ပါး ထဲမှ မဂ္ဂင် (၈) ပါးကြဉ် စေတသိက် (၂၈) ပါး+စိတ်-၁= ၂၉၊
မဂ်စိတ္တုပ္ပါဒ် (၂၉)ပါး၊နှင့်
(ဖိုလ်စိတ် ၁+ စေတသိက် ၃၆=၃၇၊) ဖိုလ်စိတ္တုပ္ပါဒ် (၃၇) ခု တို့သည် သစ္စာဟူသော အရေအတွက်မှ လွတ်ကုန်၏၊
တဏှာ (၃) ပါး
၁၊ ကာမတဏှာ - ရူပါရုံစသော ကာမအာရုံကို တပ်မက်သော လောဘ၊
၂၊ ဘဝတဏှာ - ခန္ဓာထဲမှာ အတ္တရှိ၏၊ ထိုအတ္တသည် တစ်ဘဝပြီး တစ်ဘဝ မပြတ်ဆက်ဖြစ်နေသည်-ဟူသော သဿတဒိဌိ နှင့် တကွ ဖြစ်သော ဘဝ၌သာယာသော လောဘ၊
၃၊ ဝိဘဝတဏှာ - ခန္ဓာထဲမှာ ရှိသောအတ္တသည် သေလျှင် ပြတ်၏ ဟူသော ဥစ္ဆေဒဒိဌိနှင့် တကွဖြစ်သော ဘဝပြတ်မှု ၌ သာယာသော လောဘ၊
တဏှာအစစ် (၁၀၈)
၁၊ တဏှာ ၃ ပါးကို - အာရုံ ၆ ပါးနှင့်မြှောက်=၁၈၊
၂၊ ၁၈ ကို ကာလ(၃) ပါးနှင့်မြှောက်= ၅၄၊
၃၊ ၅၄ ကို သန္တာန် (၂) ပါးနှင့် မြှောက်= (၁၀၈) ဖြစ်၏၊
ဆောင် - တဏှာသုံးတန်၊ တည်ထားပြန်၊ အာ၊ ကာ သန် နှင့်မြှောက်၊
တဏှာအစစ်၊ တစ်ရာ့ရှစ်၊ ဖြစ်၏ ကိုယ်မှာရောက်။
( အခြေပြု)
သစ္စာ (၃) ပါး
၁၊ သမ္မုတိသစ္စာ - အများခေါ်ဝေါ်သမုတ်ထားသောနာမည်များ၊
၁၊ ပရမတ္ထသစ္စာ - စိတ် စေတသိက် ရုပ် နိဗ္ဗာန်
၃၊ အရိယသစ္စာ- အရိယာပုဂ္ဂိုလ်တို့သာ သိသော သစ္စာ (၄) ပါး
လေ့ကျင့်ခန်းပုစ္ဆာများ
၁၊ခန္ဓာ (၅) ပါး ဟောပြီးပါလျှက် ဥပါဒါနက္ခန္ဓာ ကို အဘယ့်ကြောင့် ထပ်ဟောရပါသနည်း၊
၂၊ (က) သင်္ခါရက္ခန္ဓာ (ခ) ဓမ္မာယတန (ဂ) ဒုက္ခသစ္စာ တို့၏ တရားကိုယ်ကိုဖြေပါ၊
၃၊ နိဗ္ဗာန်၏ ခန္ဓာ (၅) ပါးထဲ မပါဝင်ရခြင်း အကြောင်းကို ဖြေပါ၊
၄၊ သစ္စာဝိမုတ် တရားတို့ကို ရေတွက်ပြပါ၊
၅၊ နာမည်ကြီး “ တဏှာ အစစ်၊ တစ်ရာ့ရှစ်” ဖြစ်ပုံကို ကျနစွာ ရေတွက်ပြပါ၊
သင်ရိုးကဏ္ဍ
ပစ္စည်းပိုင်း
အကြောင်းနှင့် အကျိုး ဖြစ်ပုံကို ဆက်စပ်ပြသော အပိုင်းကို ပစ္စည်းပိုင်း ဟုခေါ်သည်၊
နည်းလမ်း နှစ်သွယ်
ထိုသို့ ကြောင်းကျိုးဆက် ပြရာ၌ နည်းလမ်း (၂) မျိုး
၁၊ ပဋိစ္စသမုပ္ပါဒ်နည်း ( အကြောင်း - အကျိုး )
၂၊ပဌါန်းနည်း ( အကြေဋင်း၊ အကျိုး- သတ္တိ)
ပဋိစ္စသမုပ္ပါဒ်
အကြောင်းကိုစွဲ၍ အကျိုးဖြစ်ပုံ
၁၊အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊
၂၊ သင်္ခါရပစ္စယာ ဝိညာဏံ၊
၃၊ ဝိညာဏ ပစ္စယာ နာမရူပံ၊
၄၊ နာမရူပ ပစ္စယာ သဠါယတနံ၊
၅၊ သဠါယတန ပစ္စယာ ဖဿော၊
၆၊ ဖဿပစ္စယာ ဝေဒနာ၊
၇၊ ဝေဒနာ ပစ္စယာ တဏှာ၊
၈၊ တဏှာ ပစ္စယာ ဥပါဒါနံ၊
၉၊ ဥပါဒါန ပစ္စယာ ဘဝေါ၊
၁၀၊ ဘဝ ပစ္စယာ ဇာတိ၊
၁၁၊ ဇာတိပစ္စယာ ဇရာမရဏံ၊
—— သောက ပရိဒေဝ ဒုက္ခဒေါမနဿုပါယာ သမ္ဘဝန္တိ၊
၁၊ အဝိဇ္ဇာ - အကုသိုလ်စိတ် (၁၂) ခု၌ ရှိ မောဟ၊
၂၊ သင်္ခါရာ - အတိတ်လောကီ ကု၊ အကု စေတနာ၂၉၊၃၊ ဝိညာဏံ-ပဋိသန္ဓေဝိညာဏ် (ဝါ) လောကီဝိပါက် ဝိညာဏ် (ဝါ) စိတ် (၈၉) ခု ဝိညာဏ်
၄၊ နာမရူပံ - (က) ပဋိသန္ဓေ နာမ်၊ ပဋိသန္ဓေရုပ်၊
(ခ) ပဝတ္တိနာမ်၊ ပဝတ္တိရုပ်၊
၅၊ သဠါယတန - စက္ခာယတန၊ သောတာယတန၊
ဃာနာယတန၊ ဇိဝှါယတန၊
ကာယာယတန၊ မနာယတန၊
၆၊ ဖဿ (၆) ပါး - အတွင်းအာယတန (၆) ပါးနှင့်
အပြင် အာယတန(၆) ပါး ထိခိုက်သောအခါ - သိခြင်း ဝိညာဏ် (၆) ပါး ဖြစ်၏၊ ထို (၃) ခု တိုက်ဆိုင်သောအခါ ဖဿ (၆) ပါး ဖြစ်၏၊
၁၊ စက္ခုသမ္ပဿ။ ၂၊သောတသမ္ပဿ
၃၊ ဃာနသမ္ပဿ၊ ၄၊ ဇိဝှါသမ္ပဿ
၅၊ ကာယသမ္ပဿ၊ ၆၊ မနောသမ္ပဿ
၇၊ ဝေဒနာ (၆) ပါး
၁၊ စက္ခုသမ္ပဿဇာဝေဒနာ
၂၊ သောတသမ္ပဿဇာဝေဒနာ
၃၊ ဃာန သမ္ပဿဇာ ဝေဒနာ
၄၊ ဇိဝှါသမ္ပဿဇာ ဝေဒနာ
၅၊ ကာယသမ္ပဿဇာ ဝေဒနာ
၈၊ တဏှာ (၆) ပါး
၁၊ ရူပတဏှာ ၂၊ သဒ္ဒတဏှာ
၃၊ ဂန္ဓတဏှာ။ ၄၊ ရသတဏှာ
၅၊ ဖောဌဗ္ဗတဏှာ၊ ၆၊ ဓမ္မတဏှာ
၉၊ ဥပါဒါနံ- စွဲလမ်းမှု ဥပါဒါန် (၄) ပါး
၁၊ ကာမုပါဒါန် - ကာမဂုဏ်အာရုံကို စွဲလမ်းမှု၊
၂၊ ဒိဌုပါဒါန် - အယူမှားကို စွဲလမ်းမှု၊
၃၊ သီလဗ္ဗတုပါဒါန် - အလေ့အကျင့်အမှားကို စွဲလမ်းမှု၊
၄၊ အတ္တဝါဒုပါဒါန် - အသိစိတ်ကို အတ္တဟု စွဲလမ်းမှု၊
၁၀၊ ဘဝ - အစွဲအလမ်းကြောင့် ဖြစ်ခြင်း (၂) မျိုး
၁၊ ကမ္မဘဝ - လောကီကု၊အကုသိုလ်ကံ ၂၉၊
၂၊ ဥပပတ္တိဘဝ - လောကီဝိပါက် ၃၂၊ စေ ၃၅၊ ကမ္မဇရုပ်၊
မှတ်ချက်၊ ကမ္မဘဝ သည် သင်္ခါရ နှင့်အရတူ၏၊
သဘောတရားကားထူးခြား၏၊
သင်္ခါရ သည် ပစ္စုပ္ပန်ဘဝကို ဖြစ်စေသော အတိတ်ကပြုခဲ့သည့် လောကီကုသိုလ်၊အကုသိုလ် ကံဖြစ်၍ ကမ္မဘဝ ကား အနာဂါတ် ဘဝကို ဖြစ်စေမည့် ပစ္စုပ္ပန် လောကီ ကုသိုလ်၊ အကုသိုလ် ကံဖြစ်၏၊
သင်္ခါရသည် ပစ္စုပ္ပန်ဘဝ အတွက် အတိတ်အကြောင်း၊ ကမ္မဘဝသည် အနာဂတ် ဘဝအတွက် ပစ္စုပ္ပန်အကြောင်း ဖြစ်၏၊ ဟုဆိုလိုသည်။
ဤ ဥပါဒါန ပစ္စယာ ဘဝေါ ၌ ဘဝအရ - ကမ္မဘဝ၊ ဥပပတ္တိဘဝ (၂) ခုလုံးရ၏၊
၁၁၊ ဇာတိ - ဖြစ်ခြင်းသည် ဥပပတ္တိဘဝ - လောကီ ဝိပါက် စိတ်၊စေတသိက် နှင့် ကမ္မဇရုပ် ရ၏၊
ဤ ဘဝပစ္စယာ ဇာတိ၌ ဘဝ အရ ကမ္မဘဝသာ ရ၏၊ဇာတိ အရ- ဝိညာဉ် ဖြစ်၏၊
၁၂၊ ဇရာမရဏံ - အိုခြင်း သေခြင်း သည် ဇာတိဖြစ်လျှင် သေချာပေါက် ဖြစ်မည့် အကျိုးရင်းဖြစ်၏၊
သေချာပေါက် ဖြစ်မည်ဟု ပြောမရပဲ အချို့အကျိုးဆက် အနေဖြင့် ဖြစ်နိုင်သော
—သောက-ဆွေမျိုးတို့၏ ပျက်စီးခြင်း စသည်ကြောင့် ဝမ်းနည်းပူဆွေးခြင်း-( ဒေါသမူဒွေ၌ ရှိသော ဝေဒနာ)
—ပရိဒေဝ- တစ်ခုခု ပျက်စီးဆုံးရှုံးသွားသောကြောင့် ငိုကြွေး တမ်းတခြင်း-( စိတ္တဇ ဝိပလ္လာသ ကြောင့် ဖြစ်သော သဒ္ဒရုပ်)
—ဒုက္ခ- ကိုယ်ဆင်းရဲမှု၊( ဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ ရှိသော ဝေဒနာ)
—ဒေါမနဿ- စိတ်ဆင်းရဲမှု -( ဒေါသမူဒွေ ၌ ရှိသော ဝေဒနာ)
—ဥပါယာသ- အသံမထွက်ပဲ အလွန်ပင်ပမ်း ဆင်းရဲခြင်း
( ဒေါသမူဒွေ ၌ ရှိသော ဒေါသ)
ဤ (၅) မျိုးတို့သည် ဇာတိ၏ အကျိုးဆက်များ ဖြစ်ပါသည် ၊
(က)အဓွန့် ကာလ (၃) ပါးဖြင့် ပိုင်းခြားပုံ
၁၊ အဝိဇ္ဈာ၊ သင်္ခါရတို့သည် အတိတ်အဓွန့်မှာ ဖြစ်ကြ၏၊
၂၊ ဝိညာဉ်၊ နာမ်ရုပ်၊ သဠါယတန၊ ဖဿ၊ ဝေဒနာ၊
တဏှာ၊ ဥပါဒါန်၊ ဘဝ (ကမ္မဘဝ) (၈) ပါးတို့သည် ပစ္စုပ္ပန် အဓွန့်မှာ ဖြစ်ကြ၏၊
၃၊ ဇာတိ ( ဥပပတ္တိဘဝ) ၊ ဇရာ မရဏ သည် အနာဂတ် အဓွန်မှာ ဖြစ်ကြ၏၊
(ခ) အလွှာ (၄) ပါး
၁၊ အတိတ် အကြောင်းလွှာ - အဝိဇ္ဇာ၊ သင်္ခါရ၊
၂၊ ပစ္စုပ္ပန် အကျိုးလွှာ - ဝိညာဉ်၊ နာမ်ရုပ်၊ သဠါယတန၊
ဖဿ၊ ဝေဒနာ၊
၃၊ ပစ္စုပ္ပန် အကြောင်းလွှာ - တဏှာ၊ ဥပါဒါန်၊ဘဝ၊
၄၊ အနာဂတ် အကျိုးလွှာ - ဇာတိ၊ ဇရာ မရဏ
မှတ်ချက်
အလွှာ (၄) ခုကို ပြည့်စုံအောင်ယူရာ၌
(က) အတိတ်အကြောင်း နှင့် ပစ္စုပ္ပန်အကြောင်းပေါင်းယူရမည်၊
(ခ) အနာဂတ်အကျိုး ဇာတိ၊ဇရာမရဏ သည်
ပစ္စုပ္ပန် အကျိုး ဝိညာဉ် စသည်တို့နှင့် အတူတူဖြစ်၏၊
သို့ဖြင့် အလွှာ (၄) ခု၌ အခြင်းအရာ (၂၀) အပြည့်အစုံ ဖြစ်၏၊
၁၊ အတိတ် အကြောင်းအလွှာ (၅) ပါး
အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊
၂၊ ပစ္စုပ္ပန် အကျိုး အလွှာ (၅) ပါး
ဝိညာဉ်၊ နာမ်ရုပ်၊ သဠါယတန၊ ဖဿ၊ ဝေဒနာ၊
၃၊ ပစ္စုပ္ပန် အကြောင်း အလွှာ (၅) ပါး
တဏှာ၊ ဥပါဒါန်၊ ဘဝ၊ အဝိဇ္ဇာ၊ သင်္ခါရာ၊
၄၊ အနာဂတ် အကျိုး အလွှာ (၅) ပါး
ဝိညာဉ်၊ နာမ်ရုပ်၊ သဠါယတန၊ ဖဿ ၊ဝေဒနာ၊
အစပ် (၃) ပါး
အလွှာ (၄) ခု ကို အဆုံးနှင့်အစ စပ်လိုက်သောအခါ
အောက်ပါအတိုင်း (၃) နေရာ ရ၏၊
၁၊ ကြောင်းကျိုး တစ်စပ် - ကမ္မဘဝ- ဝိညာဉ်
၂၊ ကျိုး ကြောင်း တစ်စပ် - ဝေဒနာ- တဏှာ
၃၊ ကြောင်း ကျိုး တစ်စပ် - သင်္ခါရ- ဝိညာဉ်
ဝဋ် (၃) ပါး
၁၊ ရချင်တော့ ပြုလုပ်၊ ပြုလုပ်တော့ ရ၊ ရတော့ ထပ်ရချင် ဤသို့ အကြောင်းအကျိုး လည်ပတ်နေခြင်းကို ဝဋ်လည်သည်-ဟု ခေါ်၏၊
၁၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ကား ကိလေသာဝဋ်၊
၂၊ သင်္ခါရ နှင့် ကမ္မဘဝ ကား ကမ္မဝဋ်၊
၃၊ ဝိညာဉ်၊နာမ်ရုပ်၊သဠါယတန၊ဖဿ၊ဝေဒနာ၊
ဇာတိ၊ ဇရာ မရဏ၊
ဝဋ်မြစ် (၂) ပါး
၁၊ အတိတ် အကြောင်း၏ အမြစ်သည် - အဝိဇ္ဇာ
၂၊ ပစ္စုပ္ပန် အကြောင်း၏ အမြစ်သည် - တဏှာ
အဝိဇ္ဇာ၏ အကြောင်း
ဝိညာဉ် နာမ် ရုပ်စသော ဝိပါကဝဋ် ဖြစ်နေချိန်တွင် လောဘ ဒိဌိ မောဟ ဟူသော အာသဝေါ တို့ဖြစ်ပွါး၏၊
ယင်းအာသဝေါတို့ကြောင့် အဝိဇ္ဇာဖြစ်၏၊ အဝိဇ္ဇာ ကြောင့် သင်္ခါရဖြစ်၏ စသဖြင့် ဝဋ်မြစ် (၂) ပါးမဖြတ်နိုင်သေးသရွေ့ ဘဝ အမျိုးမျိုးတွင် လည်ပတ်နေမည်သာ၊ ဤသည်ကား သတ္တဝါ အများ လူ နတ် ဗဟာ တိရစ္ဆာန် ဘဝအမျိုးမျိုး တို့၌ မပြတ်ဒလစပ် လည်ပတ်နေခြင်းသည် တစုံတယောက်သော ဖန်ဆင်းရှင်က ဖန်ဆင်းထားခြင်းမဟုတ်၊ မိမိတို့ကိုယ်တိုင် ပြုလုပ်သောကြောင့်သာ လည်ပတ်နေကြခြင်း ဖြစ်သည် ဟု ပြသည်၊
ပဋိစ္စသမုပ္ပါဒ် ဖြတ်ပုံ
ဘဝ သံသရာဒုက္ခကို မြင်၍ ထိန်လန့် ကြောက်ရွံ့သော သူသည် ဝိပဿနာ ဘာဝနာကို ပွါးများပြီး အရိယာမဂ်တို့ဖြင့် အဆင့်ဆင့် အာသဝေါ တရားများကို ဖြတ်တောက်လျှက် အဆုံးစွန် အရဟတ္တမဂ်ဖြင့် ဝဋ်မြစ် (၂) ပါးကို အပြီးတိုင် ဖြတ်တောက်နိုင်သည့်အချိန် မှာ
ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် ပြတ်တော့သည်သာ။
ဤကား သတ္တဝါများ ကြောင်းကျိုးဆက် လည်ပတ်ပုံ
ပြသော ပဋိစ္စသမုပ္ပါဒ် နည်း ဖြစ်၏
လေ့ကျင့်ခန်း ပုစ္ဆာများ
၁၊ ကြောင်းကျိုးဆက်ကို ပြရာ၌ နည်းလမ်း နှစ်မျိုးတို့၏ ထူးခြားချက် ကို ဖြေဆိုပါ၊
၂၊ ပဋိစ္စသမုပ္ပါဒ်နည်းတွင် ဥပါဒါန ပစ္စယာ ဘဝေါ နှင့် ဘဝ ပစ္စယာ ဇာတိ တို့၏ ဘဝ အရ တို့ကို အသီးသီး ဖြေဆိုပါ၊
၃၊ ပဋိစ္စသမုပ္ပါဒ် ကို အလွှာ (၄) ခု နှင့် အစပ် (၃) ပါး တို့ကို ဖြေဆိုပါ၊
၄၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂) ပါးမှ ခြင်းရာ (၂၀) ကောက်ယူရပုံကို ရှင်းပြပါ၊
၅၊ အဝိဇ္ဇာ ၏ ဖြစ်ကြောင်းတရားကား အဘယ်နည်း ဖြေဆိုပါ၊
ပဌါန်း နည်း
သတ္တဝါများ ရှင်သန် လည်ပတ်နေရာ၌ အကြောင်း အကျိုး နှင့် ပါဝင်နိုင်သော သတ္တိ- ပစ္စည်း၊ ပစ္စယုပ္ပန်၊ ပစ္စယသတ္တိ တို့ဖြင့် ပြသော နည်းသည် ပဌါန်းနည်း ဖြစ်၏၊ ထို ပဌါန်းပစ္စည်း တို့သည် (၂၄) ပစ္စည်းဖြစ်၏၊
၁၊ ဟေတုပစ္စည်း - ဟိတ် (၆) ပါးအကြောင်းတရား၊
၂၊ အာရမ္မဏပစ္စည်း - အာရုံ ၆ ပါးအကြောင်းတရား
၃၊ အဓိပတိပစ္စည်း - အဓိပတိ ၄ ပါးအကြောင်းတရား
၄၊ အနန္တရပစ္စည်း - မပြတ်ဖြစ် ဝီထိစိတ်အစဉ် အကြောင်းတရား၊
၅၊ သမနန္တရပစ္စည်း - ကောင်းစွာ အဆက်မပြတ်ဖြစ် ဝီထိစိတ်အစဉ် အကြောင်းတရား၊
၆၊ သဟဇာတပစ္စည်း - အတူတကွဖြစ်ကာ အကြောင်းတရား၊
၇၊ အညမညပစ္စည်း - အချင်းချင်း အကြောင်းတရား၊
၈၊ နိဿယ ပစ္စည်း - မှီရာ ဖြစ်ပြီး အကြောင်းတရား
၉၊ ဥပနိဿယ ပစ္စည်း - အားကြီးသော မှီရာဖြစ်ကာ အကြောင်းတရား၊
၁၀၊ ပုရေဇာတပစ္စည်း - ရှေ့ဖြစ် အကြောင်းတရား၊
၁၁၊ ပစ္ဆာဇာတပစ္စည်း - နောက်ဖြစ် အကြောင်းတရား
၁၂၊ အာသေဝန ပစ္စည်း - အဖန်ဖန်လုပ် အကြောင်းတရား၊
၁၃၊ ကမ္မပစ္စည်း - ကုသိုလ် အကုသိုလ်ကံ အကြောင်းတရား၊
၁၄၊ ဝိပါက ပစ္စည်း - အကျိုးဖြစ် အကြောင်းတရား၊
၁၅၊ အာဟာရပစ္စည်း - အာဟာရ-၄ ပါး အကြောင်းတရား
၁၆၊ ဣန္ဒြိယ ပစ္စည်း-
၁၇၊ စျာန ပစ္စည်း - စျာန် (၅) ပါး အကြောင်းတရား၊
၁၈၊ မဂ္ဂပစ္စည်း - မဂ္ဂင် (၁၂) ပါး အကြောင်းတရား၊
၁၉၊ သမ္ပယုတ္တပစ္စည်း - ယှဉ်စပ်ပြီး အကြောင်းတရား
၂၀၊ ဝိပ္ပယုတ္တပစ္စည်း - မယှဉ်စပ်ပဲ အကြောင်းတရား
၂၁၊ အတ္ထိပစ္စည်း - အတူရှိ အကြောင်းတရား
၂၂၊ နတ္ထိပစ္စည်း - အတူမရှိ အကြောင်းတရား၊
၂၃၊ ဝိဂတ ပစ္စည်း - ကင်းကွာလျှက် အကြောင်းတရား
၂၄၊ အဝိဂတ ပစ္စည်း - မကင်းမကွာ အကြောင်းတရား
(က) နာမ်သည် နာမ်အား (၆) ပစ္စည်း
နာမ်ပစ္စည်းတရားက နာမ်ပစ္စယုပ္ပန်တရားအား ကျေးဇူးပြုတတ်သော ပစ္စည်း (၆) မျိုး
၁၊ အနန္တရပစ္စည်း၊ ၂၊ အနန္တရပစ္စည်း
၃၊ အာသေဝန ပစ္စည်း၊ ၄၊ သမ္ပယုတ္တ ပစ္စည်း
၅၊ နတ္ထိ ပစ္စည်း၊ ၅၊ ဝိဂတ ပစ္စည်း
(၁) အနန္တရ ပစ္စည်း
အကြားမရှိ ကျေးဇူးပြုတတ်သော ပစ္စည်းသည် အနန္တရပစ္စည်း မည်၏၊
ဖခင် စကြာဝတေးမင်း နတ်ရွာစံခြင်းသည် သားကြီးအိမ်ရှေ့စံ မင်းအဖြစ်ရစေသကဲ့သို့တည်း၊
ပစ္စည်း - ရဟန္တာတို့၏ စုတိကြဉ်သော ရှေးရှေးသော စိတ် ၈၉ ခု၊ စေတသိက် ၅၂၊ ခု၊
ပစ္စယုပ္ပန် - ရဟန္တာတို့၏ စုတိနှင့် တကွ နောက်နောက်သော စိတ် ၈၉ ခု၊ စေတသိက် ၅၂ ခု၊
(၂) သမနန္တရ ပစ္စည်း
ကောင်းစွာ အကြားမရှိ ကျေးဇူးပြတတ်သော ပစ္စည်း၊
( ပစ္စည်း၊ ပစ္စယုပ္ပန် အနန္တရ နှင့် လုံးဝ တူ၏)
(၃) အာသေဝန ပစ္စည်း
ထပ်ကာထပ်ကာ အဖန်ဖန်ဖြစ်၍ ကျေးဇူးပြုတတ်သော သဘောတရား၊
ဥပမာ - ရှေ့၌ အထပ်ထပ် ထုံမွမ်းအပ်သော နံ့သာသည်
နောက်နောက် နံ့သာအား တိုးပွါးစေသကဲ့သို့တည်း၊
ပစ္စည်း - အဆုံးဇော ကြဉ်သော ရှေးရှေးသော လောကီဇော ၄၇၊ ပါး၊ စေတသိက် ၅၂ ပါး၊
ပစ္စယုပ္ပန် - ပထမဇော ဖိုလ်ဇော ကြဉ်သော နောက်နောက်သော ၅၁ ပါး၊ စေတသိက် ၅၂ ပါး၊
(၄) သမ္ပယုတ္တပစ္စည်း
အတူယှဉ်လျှက် ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - ပျားရည်၊ ထောပတ်၊ သကာ၊ ဆီ ဟူသော စတုမဓူသည် အချင်းချင်း ရောစပ် အရသာထူးကို ဖြစ်စေ သကဲ့သို့တည်း၊
ပစ္စည်း - အချင်းချင်းအား တပ်သော ပဝတ္တိ၊ ပဋိသန္ဓေ နာမက္ခန္ဓာ (၄) ပါး ဟုဆိုအပ်သော စိတ် ၈၉၊ စေတသိက် ၅၂ ခု၊
ပစ္စယုပ္ပန် - အချင်းချင်းမှ ထောက်အပ်သော။ ။
(၅) နတ္ထိ ပစ္စည်း
မရှိသည် ဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - အနားယူသဖြင့်ဝန်ကြီးမရှိခြင်းသည် ဒုတိယဝန်ကြီး ဝန်ကြီးဖြစ်ရန် ကျေးဇူးပြုသကဲ့သို့ တည်း၊
( ပစ္စည်း၊ ပစ္စယုပ္ပန် အားလုံး အနန္တရပစ္စည်းနှင့်တူ၏)
(၆) ဝိဂတ ပစ္စည်း
ကင်းကွာသည်ဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - နေဝင်ခြင်းသည် လထွက်ရန် ကျေးဇူးပြုသကဲ့သို့တည်း၊
( ပစ္စည်း၊ ပစ္စယုပ္ပန် အားလုံးသည် အနန္တရပစ္စည်း နှင့် တူ၏)
(ခ) နာမ်သည် နာမ်ရုပ်အား (၅) ပစ္စည်း
နာမ် ပစ္စည်းတရားက နာမ်ရုပ် ပစ္စယုပ္ပန် တရားကို ကျေးဇူးပြုတတ်သော ပစ္စည်း (၅) မျိုး
၁၊ ဟေတု ပစ္စည်း ၂၊ ကမ္မ ပစ္စည်း ၃၊ ဝိပါက ပစ္စည်း
၄၊ စျာန ပစ္စည်း၊ ၅၊ မဂ္ဂပစ္စည်း
(၁) ဟေတု ပစ္စည်း
အကြောင်းဟိတ် ဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း
၊ ဥပမာ သစ်ပင် အမြစ်ရင်း ရေသောက်မြစ်သည် ပင်စည်ကြီး တစ်ခုလုံးကို ကျေးဇူးပြုတတ်သကဲ့သို့တည်း၊
ပစ္စည်း - လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ- ဟူသော ဟိတ်(၆) ပါး၊
ပစ္စယုပ္ပန် - သဟိတ်စိတ် ၇၁၊ မောဟမူဒွေ၌ မောဟ ကြဉ်သော စေတသိက် ၅၂၊ သဟိတ် စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်၊
(ခ) ကမ္မပစ္စည်း
အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - မျိုးစေ့ သည် အကြောင်းညီညွတ်သော် အညွန့် အညှောက်သစ်ပင်ကို ဖြစ်စေသကဲ့သို့တည်း၊
(၁) သဟဇာတ ကမ္မ - အတူဖြစ်၍ ကျေးဇူးပြုတတ်သော ကံ၊
(၂) နာနာက္ခဏိက ကမ္မ - တစ်ခြားစီ ဖြစ်၍ ကျေးဇူးပြုတတ်သော ကံ၊
(၁) သဟဇာတကမ္မ
ကံ စေတနာ ဖြစ်ပေါ်ချိန် နှင့် အကျိုးဖြစ်ထွန်းချိန် အတူဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - အသီးအပွင့် ပါလာသော ကိုင်းကို ကူး၍ စိုက်ပျိုးသကဲ့သို့တည်း၊
ပစ္စည်း - စိတ် ၈၉ ခု၌ ရှိသော စေတနာ၊
ပစ္စယုပ္ပန် - စိတ် ၈၉ ခု၊ စေတနာကြဉ်သော စေတသိက် ၅၁ ခု၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်၊
(၂) နာနာက္ခဏိက ကမ္မ
ကံ ပြုလုပ်ချိန် ခဏ နှင့် အကျိုးဖြစ်ထွန်းချိန် ခဏ မတူ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - မျိုးစေ့ စိုက်ပျိုး ချိန်နှင့် အသီးအပွင့် ဖြစ်ထွန်းချိန် မတူးညီ သကဲ့သို့တည်း၊
ပစ္စည်း - အတိတ်ဖြစ်သော ကုသိုလ် အကုသိုလ်စေတနာ (၃၃) ခု၊
ပစ္စယုပ္ပန် - ဝိပါက်နာမက္ခန္ဓာ (၃၆) ပါး၊ စေတသိက်
၃၈၊ အလုံးစုံသော ကမ္မဇရုပ်၊
(၃) ဝိပါက ပစ္စည်း
လှုပ်ရှားမှု ဗျာပါရ မရှိ ငြိမ်သက်စွာ အကျိုးပေးတတ်သော ပစ္စည်း၊
ဥပမာ - တည်ငြိမ်းအေးချမ်းသည့် အရိပ်ကောင်းကောင်း သစ်ပင်အောက်မှာ ခိုနားရသကဲ့သို့တည်း၊
ပစ္စည်း - အလုံးစုံသော ဝိပါက်စိတ် (၃၆) ၊ စေတသိက် (၃၈) ပါး၊
ပစ္စယုပ္ပန် - အချင်းချင်း ထောက်အပ်သော ဝိပါက်စိတ် ၃၆၊ စေတသိက် ၃၈၊ ဝိညတ်ဒွေ ကြဉ်သော စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်၊
(၄) စျာန ပစ္စည်း
ကသိုဏ်းစသော အာရုံတို့ကို ကပ်၍ရှုတတ်၊ ဆန့်ကျင်ဘက် နီဝရဏ တရားတို့ကို လောင်မြိုက်စေ၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - မုဆိုးသည် မိမိပစ်လိုသော သားကောင်ကို စူးစူးစိုက်စိုက် ချိန်ရွယ်ပြီး ပစ်သကဲ့သို့တည်း၊
ပစ္စည်း - ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဧကဂ္ဂတာ ဝေဒနာ ဟူသော စျာနင်တရားကိုယ် (၅) ပါး၊
ပစ္စယုပ္ပန် - ဒွေပဉ္စဝိညာဉ် (၁၀) ကြဉ်သော စိတ် (၇၉) ပါး၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်၊
(၅) မဂ္ဂပစ္စည်း
သုဂတိ၊ ဒုဂ္ဂတိ၊ နိဗ္ဗာန်သို့ သွားရာ လမ်းခရီးသဖွယ် ကျေး ဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - လှေ သင်္ဘော တို့သည် မိမိပေါ်သို့ စီးနင်းလာသူတို့ကို လိုရာခရီးပန်းတိုင်သို့ ပို့ပေးသကဲသို့တည်း၊
ပစ္စည်း - ပညာ၊ ဝိတက်၊ ဝိရတီ ၃ ခု၊ ဝီရိယ ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဌိ ဟုဆိုအပ်သော မဂ္ဂင်တရားကိုယ် (၉) ပါး၊
ပစ္စယုပ္ပန် - သဟိတ်စိတ် ၇၁၊ စေတသိက် ၅၂ ပါး၊
သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်၊
(ဂ) နာမ်သည် ရုပ်အား (၁) ပစ္စည်း — ပစ္ဆာဇာတပစ္စည်း
နောက်ဖြစ်သော နာမ်တရားသည် ရှေ့ဖြစ်သော ရုပ်တရားအား ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - နောက်မှ ရွာသော မိုးရေ သည် ရှေ့ကစိုက်ပြီး သစ်ပင်ကို ကျေးဇူးပြုသကဲ့သို့တည်း၊
ပစ္စည်း - ပဉ္စဝေါကာရဘုံ၌ ဖြစ်သော အခါ အရူပဝိပါက် (၄) ခုကြဉ်သော ပထမဘဝင် အစရှိသော နောက်နောက်သော စိတ် (၈၅) ခု၊စေတသိက် ၅၂ ခု၊
ပစ္စယုပ္ပန် - ပဋိသန္ဓေ အစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ ဌီသို့ရောက်သော ဧကဇကာယ၊ ဒွိဇကာယ၊ တိဇကာယ၊ စတုဇကာယ၊
မှတ်ချက်
ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ ၌ ဖြစ်သောကမ္မဇရုပ်သည် ဧကဇကာယ၊ ပဋိသန္ဓေစိတ်၏ ဌီကာလ၌ ဖြစ်သော ကမ္မဇ၊ ဥတုဇရုပ်သည် ဒွီဇကာယ၊
ပဋိသန္ဓေ နောင် ပထမဘဝင်စိတ်၏ ဥပါဒ်ခဏ၌ ဖြစ်သော ကမ္မဇ၊ ဥတုဇ၊ စတ္တဇရုပ်သည် တိဇကာယ၊ အာဟာရဇရုပ် စတင် ပျံ့နှံ့ဖြစ်ပေါ်သော အခါသည် ကမ္မဇ၊ ဥတုဇ၊ စိတ္တဇ၊ အာဟာရဇရုပ်သည် စတုဇကာယ မည်၏၊
(ဃ) ရုပ်သည် နာမ်အား (၁) ပစ္စည်း — ပုရေဇာတ ပစ္စည်း
ရှေ့ဖြစ်သော ရုပ်တရားသည် နောက်ဖြစ်သော နာမ်တရားတို့အား ရှေ့ဖြစ်၍ ကျေးဇူးပြုသောပစ္စည်း၊
ဥပမာ - ကမ္ဘာဦးက ဖြစ်နှင့်ပြီးသော လ နေ နက္ခတ် စသည်သည် နောက်မှ ပေါက်ဖွားသော လူစသောသတ္တဝါများအား ကျေးဇူးပြုနေသကဲ့သို့တည်း၊
(၁) အာရမ္မဏ ပုရေဇာတ
ရှေ့ဖြစ်သော အာရုံ ရုပ်ပစ္စည်းက နောက်ဖြစ်သော နာမ်တရားအား ကျေးဇူးပြုသော ပစ္စည်း၊
ပစ္စည်း - ပစ္စုပ္ပန် နိပ္ဖန္နရုပ် (၁၈) ပါး
ပစ္စယုပ္ပန် - ပဉ္စဝေါကာ၌ ဖြစ်သောအခါ ကာမစိတ် ၅၄ ပါး၊ အပ္ပမညာ၊ အဘိညာဉ် ဒွေ ကြဉ်သော စေတသိက် ၅၀ ပါး၊
(၂) ဝတ္ထုပုရေဇာတ
ရှေ့ဖြစ်သော မှီရာဝတ္ထုရုပ်က နောက်ဖြစ်သော မှီတတ်သော နာမ်တရားတို့အား ကျေးဇူးပြုသော ပစ္စည်း၊
(က) ဆ ဝတ္ထု
ပစ္စည်း - ပဝတ္တိအခါ ရှေ့ဖြစ်သော ဝတ္ထုရုပ် (၆) ပါး၊
ပစ္စယုပ္ပန် - ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄ ခု ကြဉ်သော နောက်ဖြစ်သော သတ္တဝိညာဏဓာတ်၊
(ခ) ဟဒယဝတ္ထု
ပစ္စည်း - မရဏာသန္နအခါ စုတိစိတ်မှ ပြန်၍ ရေသော် (၁၇) ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု၊
ပစ္စယုပ္ပန် - မရဏာသန္နအခါ မနောဒွါရာဝဇ္ဇန်း ကာမဇော ၂၉၊ တဒါရုံ ၁၁၊ အဘိညာဉ်ဒွေ ၊
(င) ပညတ် နာမ် ရုပ်သည် နာမ်အား (၂) ပစ္စည်း
၁၊ အာရမ္မဏ ပစ္စည်း၊ ၂၊ ဥပနိဿယ ပစ္စည်း
(၁) အာရမ္မဏ ပစ္စည်း
အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော အာရုံပစ္စည်း၊
ဥပမာ - ကြိုး တောင်ဝှေး စသည်တို့သည် အားနည်းနေသူကို အထောက်အကူပြု သကဲ့သို့တည်း၊
ပစ္စည်း - အလုံးစုံသော စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ် ဟူသော အာရုံ (၆) ပါး၊
ပစ္စယုပ္ပန် - အလုံးစုံသော စိတ် ၈၉၊ စေတသိက် ၅၂၊
(၂) ဥပနိဿယ ပစ္စည်း
အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - မြေကြီး နှင့် မိုးရေ တို့သည် သတ္တဝါများ ရှင်သန် ဖြစ်ထွန်းရန် အားကောင်းသော မှီရာဖြစ်သကဲ့သို့တည်း၊
(က) အာရမ္မဏူပ နိဿယ
(ခ) အနန္တရူပ နိဿယ
(ဂ) ပကတူပ နိဿယ
(က) အာရမ္မဏူပနိဿယ ပစ္စည်း
( အာရမ္မဏာဓိပတိ ပစ္စည်းနှင့် တူ၏)
(ခ) အနန္တရူပ နဿယ)
( အနန္တရ ပစ္စည်း နှင့် တူ၏)
(ဂ) ပကတူပနိဿယ)
ပင်ကိုယ် ပကတိသဘာဝ အားကြီးသော အကြောင်းတရား ဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ပစ္စည်း - ရှေးရှေး ၌ ဖြစ်သော ဗလဝ ဖြစ်သော စိတ် ၈၉၊ ခု၊ စေတသိက်၅၂ ခု၊ ရုပ် (၂၈) ခု၊ ကလျာဏမိတ္တ၊ သေနာသန စသော ပညတ် တရားများ
ပစ္စယုပ္ပန် - နောက်နောက်၌ ဖြစ်သော စိတ် ၈၉ ခု၊ စေတသိက် ၅၂ ခု၊
(စ) နာမ်ရုပ်သည် နာမ်ရုပ်အား (၉) ပစ္စည်း၊
၁၊ အဓိပတိ ၊ ၂၊ သဟဇာတ ၃၊ အညမည၊
၄၊ နိဿယ၊ ၅၊ အာဟာရ ၊ ၆၊ ဣန္ဒြိယ၊
၇၊ ဝိပ္ပယုတ္တ ၊ ၈၊ အတ္ထိ ၉၊ အဝိဂတ၊
(၁) အဓိပတိ ပစ္စည်း
အကြီးအမှူးအဖြစ် လွှမ်းမိုး၍ ကျေးဇူးပြုသော ပစ္စည်း၊
ဥပမာ - စကြဝတေးမင်းသည် ပြိုင်ဘက်မရှိ အုပ်ချုပ်လွှမ်းမိုးသကဲ့သို့တည်း၊
(က) သဟဇာတာဓိပတိ၊ (ခ) အာရမ္မဏာဓိပတိ
(က) သဟဇာတာဓိပတိ
အတူတကွ ဖြစ်ကာ လွှမ်းမိုးလျှက် ကျေးဇူးပြုတတ်သော ပစ္စည်း၊
ပစ္စည်း - ဆန္ဒာဓိပတိ၊ ဝိရိယာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီမံသာဓိပတိ အဓိပတိ တရားကိုယ် ၃ ပါး/ ၄ ပါးတို့တွင်တစ်ပါပါး၊
ပစ္စယုပ္ပန် - အဓိပတိ တပ်ခိုက်တပ်နေ အဓိပတိ တရားကိုယ်ကြဉ်သော သာဓိပတိဇော ၅၂ ခု၊ ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၅၁ ခု၊ သာဓိပတိ စိတ္တဇရုပ်၊
(ခ) အာရမ္မဏာဓိပတိ
အာရုံဖြစ်ကာ လွှမ်းမိုးလျှက် ကျေးဇူးပြုတတ်သော ပစ္စည်း၊
ပစ္စည်း - အလေးအမြတ်ပြုအပ်သော ဣဌဖြစ်သော နိပ္ဖန္နရုပ် ၁၈၊ ခု၊ ဒေါသမူဒွေ၊ မောဟမူဒွေ၊ ဒုက္ခသဟဂုတ် ကာယဝိညာဉ် ကြဉ်သော စိတ် ၈၄ ခု၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ ကြဉ်သော စေ ၄၇၊ ပါး နိဗ္ဗာန် ပစ္စည်းတရား။
ပစ္စယုပ္ပန် - အလေးအမြတ်ပြုတတ်သော လောဘမူစိတ် ၈ ခု၊ မဟာကုသိုလ်စိတ် ၈ ခု၊ မဟာကြိယာဉာဏသမ္ပယုတ်စိတ် ၄ ခု၊ လောကုတ္တရာစိတ် ၈ ခု၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကစ္စ၊ ဝိစိကိစ္ဆာ၊ အပ္ပမညာကြဉ်သော စေတသိက် ၄၅ ခု ၊ပစ္စယုပ္ပန်တရား။
အာရမ္မဏာဓိပတိ ပစ္စည်း နှင့် ပစ္စယုပ္ပန် တွဲပုံ
ဆောင် — လောဘမူသည်၊ ဒေါသမူ မောဟ၊ ဒုက္ခကြဉ်ဖယ်၊ ခုနစ်ဆယ့်ခြောက်ခု၊ လောကီစုနှင့်၊ စတုဇိဌံ၊ ရုပ်နိပ္ဖန်ကို၊ကြည်ညိုသမှု၊ အလေးပြု၏၊ ကုသိုလ်ကာမ ၊ စိတ်ဝိပ္ပကား၊လောကခေါ်ဆို၊ ကုသိုလ်သတ္တရသ်၊ လွန်လေးမြတ်ရှင့်၊ နောက်ထပ်ကုသမ်၊ စိတ်လေးတန်မှာ၊အောက်ခံမဂ်ဖိုလ်၊ နိဗ္ဗာန်ပို၏၊ တဆို ကြိသမ်၊ စိတ်လေးတန်ကား၊နိဗ္ဗာန် မဂ်ဖိုလ်၊အဆုံးကိုလျှင်၊ လေးပြုချင်၏၊ရှစ်အင်လောစိတ်၊ အောင်မြိတ်နိဗ္ဗူ၊ အလေးမူသည်၊ ဘုန်းလူဇိနော် မော်ကွန်းတည်း။
အဓိပ္ပါယ် ရှင်းလင်းချက်
၁၊ အလေးအမြတ်ပြုအပ်သော ဣဌဖြစ်သောနိပ္ဖန္နရုပ်၁၈၊ မောဟမူဒွေ ဒေါသမူဒွေ၊ ဒုက္ခသဟဂုတ်ကာယဝိညာဉ်ကြဉ်သော လောကီစိတ် ၇၆၊ ဒေါစတုက်၄ ဝိစိကိစ္ဆာကြဉ်သော စေတသိက် ၄၇၊ ခု အာရုံပစ္စည်းတရားသည် အလေးအမြတ်ပြုတတ်သော လောဘမူစိတ် (၈) ခုပစ္စယုပ္ပန်တရားအား အာရမ္မဏာဓိပတိပစ္စည်းတပ်၏၊
၂၊ အလေးအမြတ်ပြုအပ်သော လောကီကုသိုလ်စိတ် (၁၇) ပါး ပစ္စည်းတရားသည် အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်ဉာဏဝိပ္ပယုတ်စိတ် (၄) ခု ပစ္စယုပ္ပန်တရားအား အာရမ္မဏာဓိပတိ ပစ္စည်းတပ်၏။
၃၊ အလေးအမြတ်ပြုအပ်သော လောကီကုသိုလ် ၁၇၊ အောက်မဂ် ၃ ခု၊ အောက်ဖိုလ် ၃ ခု၊ နိဗ္ဗာန် ပစ္စည်းတရားသည် အလေးအမြတ်ပြုတတ်သော မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ် (၄) ခု ပစ္စယုပ္ပန်တရားအား အာရမ္မဏာဓိပတိပစ္စည်းတပ်၏၊
၄၊ အလေးအမြတ်ပြုအပ်သော အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်ပစ္စည်းတရားသည် မဟာကြိယာဉာဏသမ္ပယုတ်စိတ် (၄) ခု ပစ္စယုပ္ပန်တရားအား အာရမ္မဏာဓိပတိပစ္စည်းတပ်၏၊
၅၊ အလေးအမြတ်ပြုအပ်သော နိဗ္ဗာန်ပစ္စည်းတရားသည် အလေးအမြတ်ပြုတတ်သော လောကုတ္တရာစိတ် (၈) ခု ပစ္စယုပ္ပန်တရားအား အာရမ္မဏာဓိပတိ ပစ္စည်းတပ်၏၊
(၂) သဟဇာတ ပစ္စည်း
အတူဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - ဆီးမီးရောင်သည် မိမိနှင့် ပတ်ဝန်းကျင် ရှိအရာအားလုံးကို ထင်ရှားပြသကဲ့သို့တည်း၊
ပစ္စည်း — -အလုံးစုံသော ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး၊ မဟာဘုတ် ၄ ပါး၊ ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် ၄ ခု၊ဒွေပဉ္စဝိညာဉ် ၁၀၊ ရဟန္တာတို့၏ စုတိကြဉ်သော စိတ် ၇၅ ပါး၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ ဟဒယဝတ္ထု၊
ပစ္စယုပ္ပန် — -အလုံးစုံသော ပဝတ္တိ ပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး၊ ရုပ် ၂၈ ပါး၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်၊
ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ၊ ဟဒယ ဝတ္ထု၊
(၃) အညမညပစ္စည်း
အချင်းချင်းအပြန်အလှန် ကျေးဇူးပြုတတ်သောပစ္စည်း၊
ဥပမာ - သုံးချောင်းဒေါက်သည် အချင်းချင်း မလဲ အောင် ထိန်းထားသကဲ့သို့တည်း၊
ပစ္စည်း — - အလုံးစုံသော ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ ၄ ပါး၊ မဟာဘုတ် ၄ ပါး၊ ပဉ္စဝေါကာရ ပဋိသန္ဓေ
နာမက္ခန္ဓာ ဟဒယဝတ္ထု၊
ပစ္စယုပ္ပန် — - အလုံးစုံသော ပဝတ္တိ ပဋိသန္ဓေနာမက္ခန္ဓာ ၄ ပါး၊ မဟာဘုတ် ၄ ပါး၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ ဟဒယဝတ္ထု၊
(၄) နိဿယ ပစ္စည်း
မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ — - မြေကြီးသည် သစ်ပင်စသည်၏ မှီရာဖြစ်သကဲ့သို့၊ ပန်းချီကားဘောင် အခံအဝတ်ထည်သည် ပန်းချီ၏ မှီရာဖြစ်သကဲ့သို့တည်း၊
(က) သဟဇာတနိဿယ၊(ခ) ပုရေဇာတနဿယ
မှတ်ချက်
သဟဇာတနိဿယ သည် သဟဇာတ နှင့် တူ၏၊ ပုရေဇာတ နိဿယ သည် ဝတ္ထုပုရေဇာတ နှင့် တူ၏၊
(၅) အာဟာရ ပစ္စည်း
ထောက်ပံ့ခြင်းအားဖြင့် ကျေးဇူးပြုသော ပစ္စည်း၊
ဥပမာ - အိမ်အို၊ ကျောင်းအို ကို ပြိုမကျအောင် ထော်ထားသော ဒေါက်တိုင်ကဲ့သို့တည်း၊
(က) ရုပ်အာဟာရ။ (ခ) နာမ်အဟာရ
(က) ရုပ်အာဟာရ
ပစ္စည်း - —စတုသမုဌါနိက ဩဇာ၊
ပစ္စယုပ္ပန် — - ကလာပ်တူ ကလာပ်ပြားဖြစ်သော စတုသမုဌါနိကရုပ်၊
(ခ) နာမ်အာဟာရ
ပစ္စည်း - ဖဿ၊ စေတနာ၊ ဝိညာဉ်
ပစ္စယုပ္ပန် - တကွဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊
ပဋိသန္ဓေ ကမ္မဇရုပ်၊
(၆) ဣန္ဒြိယ
အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
(က) ပုရဇာတိန္ဒြိယ
(ခ) ရူပဇီဝိတိန္ဒြိယ
(ဂ) သဟဇာတိန္ဒြိယ
(က) ပုရေဇာတိန္ဒြိယ
ပစ္စည်း - မဇ္ဈိမာယုက ဖြစ်၍ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ပဉ္စဝတ္ထု
ပစ္စယုပ္ပန် - ဒွေပဉ္စဝိညာဏ် ၁၀၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇) ပါး၊
(ခ) ရူပဇီဝိတိန္ဒြိယ
ပစ္စည်း - ရုပ်ဇီဝိတိန္ဒြေ၊
ပစ္စယုပ္ပန် - ရုပ်ဇီဝိတိန္ဒြေကြဉ်သော ကလာပ်တူ ကမ္မဇရုပ် (၉) ခု၊
(ဂ) သဟဇာတိန္ဒြိယ
ပစ္စည်း - —ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ဧကဂ္ဂတာ၊ ပညာ ဟူသော နာမ် ဣန္ဒြေ တရားကိုယ် ၈ ပါး၊
ပစ္စယုပ္ပန် — - တကွဖြစ်သော စိတ် ၈၉၊ စေတသိက် ၅၂၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်၊
(၇) ဝိပ္ပယုတ္တပစ္စည်း
အတူယှဉ်တွဲမှုမရှိပဲ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - ချို ချင် ငံ စပ် ပူ ဖန် ခါး ဟူသော အရသာ ၆ မျိုးတို့သည် တစ်ခုနှင့် တစ်ခု မပေါင်းစပ်ပဲ အရသာကောင်းကို ဖြစ်စေသကဲ့သို့တည်း၊
(က) သဟဇာတ ဝိပ္ပယုတ္တ၊
(ခ) ပုရေဇာတ ဝိပ္ပယုတ္တ၊
(ဂ) ပစ္ဆာဇာတ ဝိပ္ပယုတ္တ၊
(က) သဟဇာတ ဝိပ္ပယုတ္တ
ပစ္စည်း — - ပဉ္စဝေါကာရ ဘုံ၌ ဖြစ်သောအခါ အရူပဝိပါက် (၄) ခု၊ ဒွေပဉ္စဝိညာဉ် (၁၀)၊ ရဟန္တာတို့၏ စုတိကြဉ်သော စိတ် (၇၅) ခု၊ စေတသိက် (၅၂) ခု- ပဝတ္တိပဋိသန္ဓေ နာမက္ခန္ဓာ (၄) ပါး၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ ဟဒယဝတ္ထု၊
ပစ္စယုပ္ပန် — - စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာ ဟဒယဝတ္ထု၊
(ခ) ပုရေဇာတ ဝိပ္ပယုတ်သည် ပုရေဇာတ နှင့်တူ၏၊
(ဂ) ပစ္ဆာဇာတ ဝိပ္ပယုတ်သည် ပစ္ဆာဇာတ နှင့်တူ၏၊
(၈) အတ္ထိပစ္စည်း
အတူတည်ရှိသဖြင့် ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - မြေကြီးသည် မိမိအပေါ်တည်ရှိသော သက်ရှိ၊ သက်မဲ့ အားလုံးကို ရှင်သန် တည်ရှိစေသကဲ့သို့တည်း၊
အတ္ထိ (၆) မျိုး
(က) သဟဇာတတ္ထိ - သဟဇာတနှင့် တူ၏၊
(ခ) ပုရေဇာတတ္ထိ — ပုရေဇာတနှင့် တူ၏၊
(ဂ) ပစ္ဆာဇာတတ္ထိ — ပစ္ဆာဇာတနှင့် တူ၏၊
(ဃ) အာရမ္မဏတ္ထိ — အာရမ္မဏ နှင့် တူ၏၊
(စ) အာဟာရတ္ထိ - ရုပ်အာဟာရနှင့် တူ၏၊
(ဆ) ဣန္ဒြိယတ္ထိ - ရုပ်ဇီဝိတိန္ဒြေ နှင့် တူ၏၊
(၉) အဝိဂတ ပစ္စည်း
မကင်းကွာသည်ဖြစ်၍ ကျေးဇူးပြုတတ်သော ပစ္စည်း၊
ဥပမာ - မဟာသမုဒ္ဒရာ မိမိနှင့် မကင်းသော ငါးလိပ်စသည်တို့ကို အသက်ရှင်စေသကဲ့သို့တည်း၊
အဝိဂတ (၆) မျိုး
(က) သဟဇာတ အဝိဂတ — သဟဇာတနှင့် တူ၏၊
(ခ) ပုရေဇာတ အဝိဂတ — ပုရေဇာတနှင့် တူ၏၊
(ဂ) ပစ္ဆာဇာတ အဝိဂတ — ပစ္ဆာဇာတနှင့် တူ၏၊
(ဃ) အာရမ္မဏ အဝိဂတ — အာရမ္မဏနှင့် တူ၏၊
(င) အာဟာရ အဝိဂတ — ရုပ်အာဟာရနှင့် တူ၏၊
(စ) ဣန္ဒြိယ အဝိဂတ — ရုပ်ဇီဝိတိန္ဒြေနှင့် တူ၏၊
ဤသို့လျှင်
(က) နာမ်သည် နာမ်အား (၆) ပစ္စည်း
(ခ) နာမ်သည် နာမ်ရုပ်အား။ (၅) ပစ္စည်း
(ဂ) ရုပ်သည် နာမ်အား (၁) ပစ္စည်း
(ဃ) နာမ်သည် ရုပ်အား (၁) ပစ္စည်း
(င) ပညတ် နာမ် ရုပ်သည် နာမ်ရုပ်အား (၂) ပစ္စည်း၊
(စ) နာမ်ရုပ်သည် နာမ်ရုပ်အား (၉) ပစ္စည်း
အားဖြင့် (၂၄) ပစ္စည်း ဖြစ်၏၊
(၂၄) ပစ္စည်းကို ကာလ(၃) ပါးဝေဖန်ခြင်း
ပစ္စုပ္ပန် (၁၅) ပစ္စည်း - ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ ပုရေဇာတ၊ ပစ္ဆာဇာတ၊ ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ စျာန၊ မဂ္ဂ၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊အတ္ထိ၊အဝိဂတ၊
အတိတ် ၅ ပစ္စည်း - အနန္တရ၊ သမနန္တရ၊ အာသေဝန၊
နတ္ထိ၊ ဝိဂတ၊
ပစ္စုပ္ပန် - အတိတ်- ဒွေကာလိက ပစ္စည်း- (၁) ပစ္စည်း
ကမ္မ ပစ္စည်း - ( သဟဇာတ ကမ္မသည်- ပစ္စုပ္ပန်၊ နာနာက္ခဏိက ကမ္မသည် အတိတ်)
တေကာလိက နှင့် ကာလဝိမုတ္တ ပစ္စည်း (၃)ပစ္စည်း
အာရမ္မဏ၊ အဓိပတိ၊ ဥပနိဿယ၊
ပဌါန်းကျမ်း နှင့် ပတ်သက်၍
သိမှတ်ဖွယ် အနည်းငယ်
(၈) ပစ္စည်း (၉) မျိုး ဖြစ်လာပုံ
ပဌါန်း (၂၄) ပစ္စည်းသည် အကျဉ်းဆုံးအားဖြင့် (၄) ပစ္စည်းသာရှိ၏၊ ဤ (၄) ပစ္စည်း၌ အကျုံးဝင်၏၊
အာရမ္မဏ၊ ဥပနိဿယ၊ ကမ္မ၊ အတ္ထိ၊(၄) ပစ္စည်း၊
ဤ (၄) ပစ္စည်း အနက် အတ္ထိပစ္စည်းသည် (၅) မျိုးထပ်ပြား၏၊ ၁၊ သဟဇာတတ္ထိ၊
၂၊ ပုရေဇာတတ္ထိ၊
၃၊ ပစ္ဆာဇာတတ္ထိ၊
၄၊ ရုပ်အဟာရတ္ထိ၊
၅၊ ရူပဇီတိတိန္ဒြိယတ္ထိ၊
ထို့ကြောင့် (၈) ပစ္စည်း ဖြစ်၏၊
အာရမ္မဏ၊ ဥပနိဿယ၊ ကမ္မ၊ သဟဇာတ၊ ပုရေဇာတ၊
ပစ္ဆာဇာတ၊ အာဟာရ၊ ဣန္ဒြိယ၊(၈) ပစ္စည်းတည်း၊
ထို(၈) ပစ္စည်းတို့တွင် ဥပနဿယသည် အနန္တရူပနိဿယ နှင့် ပကတူပနိဿယ (၂) မျိုးပြားသောကြောင့် (၉) မျိုးဖြစ်လာ၏၊
၁၊ အာရမ္မဏမျိုး ၂၊ သဟဇာတမျိုး ၃၊ အနန္တရူပနိဿယမျိုး၊ ၄၊ ပကတူပ နိဿယမျိုး၊ ၅၊ ကမ္မမျိုး
၆၊ ပုရေဇာတမျိုး ၇၊ ပစ္ဆာဇာတမျိုး ၈၊ ရုပ်အာဟာရမျိုး (၉) ရူပဇီဝိတိန္ဒြိယမျိုး အားဖြင့် (၉) မျိုး
ဆောင်ပုဒ်၊
၁၊အာ၊ သ၊ ဥ၊ရေ၊စ္ဆာ၊ ကမ္မေ၊ ဟာရေ၊ ဣန္ဒြိ၊ ရှစ်ပါးရှိ၊
၂၊ထို ရှစ်ရပ်မှ၊ ဥ နှစ်ဝ၊ ကွဲ ထမှတ်ဘိ၊ ကိုးမျိုးသိ၊
၃၊ ဆယ့်ငါးသဟ၊ ရှစ်ဝအာနှင့်၊ ခုနစ်ဖြာနန်၊ ခြောက်တနဝတ္ထု၊ လေးခု ပစ္ဆာ၊ သုံးဖြာဟာရော၊
တယော ဣန္ဒြိ၊ ဒွိပကတူ၊ တစ်ခု ယူကမ်၊ မျိုး(၉) တန်၊ ဆောင်ရန် နှုတ်တက် အာဂုံတည်း၊
ရုပ် နာမ် ပညတ် ဝေဖန်ခြင်း
ရုပ် (၂၈) ပါးသည် ရုပ်၊
စိတ် ၈၉၊ စေတသိက် ၅၂၊ နိဗ္ဗာန် သည် နာမ်၊
၎င်း ရုပ် နာမ်တို့ကို အများစု သုံးစွဲ အခေါ်အဝေါ်
နာမည် တို့သည် ပညတ်၊
ပညတ် (၂) ပါး
သဒ္ဒပညတ် - နာမည် အခေါ်အဝေါ် အသုံးအစွဲ အသံသည်- အနက်ကို အပြားအားဖြင့် သိစေတတ်သောကြောင့် သဒ္ဒပညတ် မည်၏၊
အတ္ထပညတ် - အကောင် အထည် ဒြဗ်ဝတ္ထု အမျိုးမျိုးသည် အပြားအားဖြင့် သိစေအပ်သောကြောင့် အတ္ထပညတ် မည်၏၊
အတ္ထပညတ်အမျိုးမျိုး
—တဇ္ဇာပညတ်— ပရမတ္ထအားဖြင့် ထင်ရှားရှိသော မာခြင်း ပျော့ခြင်း ပူခြင်း အေးခြင်း ထိခြင်း ခံစားခြင်း စသော အမှန်တကယ် တည်ရှိသော အနက်သဘောသည် တဇ္ဇာပညတ်၊
—ဥပါဒါပညတ်— ပရမတ္ထတရားအပေါ် စွဲ၍ အများစု ခေါ်ဝေါ် ယောင်္ကျား မိန်းမ စသော ပညတ်သည် ဥပါဒါပညတ်၊
— သမူဟပညတ်— အများစု စုပေါင်းပြုလုပ်ထားသော အိမ် လှည်း ကား စသော ပညတ်များသည် သမူဟ ပညတ်၊
— သဏ္ဌာနပညတ်— အလုံး၊ အဝိုင်း၊ လေးထောင့် စသည့် အခေါ်အဝေါ်သည် သဏ္ဌာနပညတ်၊
—သန္တတိပညတ်—ရှေ့ နောက်ဖြစ်ပျက် အစဉ်ကို သန္တတိ ပညတ်၊
—ကာလပညတ်— နံနက် နေ့လည် ညနေ စသည့်အခေါ်အဝေါ်သည် ကာလပညတ်၊
—ဒိသာ— အရှေ့ အနောက် တောင် မြောက်စသည့် အခေါ်အဝေါ်သည် ဒိသာပညတ်၊
—အဒ္ဓါပညတ်— လက်သစ် ထွာ တောင် ဂိုက် ယူဇနာ မိုင် တိုင် စသည့် အရှည်၊ အတို အတိုင်းအတာ အခေါ်အဝေါ်သည် အဒ္ဓါပညတ်၊
— အာကာသပညတ်— ဟင်းလင်း လေဟာပြင် အကြား အခေါ်အဝေါ်သည် အာကာသပညတ်၊
— ဒေသပညတ်—ရေ မြေ တော တောင် မြို့ ရွာ နိုင်ငံ စသော အခေါ်အဝေါ် သည် ဒေသပညတ်၊
— ပထဝီ ကသိုဏ်း အာပေါကသိုဏ်း စသော အခေါ်အဝေါ်သည် ကသိုဏ်းပညတ် စသည်တို့ တည်း၊
သဒ္ဒပညတ် အမျိုးမျိုး
နာမ၊ နာမကမ္မ၊ နာမဓေယျ၊ နာမနိရုတ္တိ၊
နာမဗျဉ္ဇန၊ နာမ အဘိလာပ၊
၁၊ အမည် နာမတို့သည် အနက်ကိုညွတ်တတ်သောကြောင့် နာမ မည်၏၊
၂၊အနက်သို့ ညွတ်သည်ဖြစ်၍ ခေါ်ဝေါ်အပ်သောကြောင့် နာမကမ္မ မည်၏၊
၃၊ အမည်နာမ တို့သည် ရှေ့လူကြီးများ မှည့်ထားအပ် ဆောင်ထားအပ်သောကြောင့် နာမဓေယျ မည်၏၊
၄၊ အနက်ကို ထင်ရှားပြတတ်သောကြောင့် နာမဗျဉ္ဇန မည်၏၊
၅၊ မှတ်ထားသည့်အတိုင်း ထုတ်ဖော်ရွတ်ဆိုအပ်သောကြောင့် နာမနိရုတ္တိ မည်၏၊
၆၊ အနက်သို့ ရှေ့ရှု ပြောဆိုအပ်သောကြောင့် နာမအဘိလာပ မည်၏၊
သဒ္ဒပညတ် (၆) မျိုး
၁၊ ဝိဇ္ဇမာနပညတ် ၂၊ အဝိဇ္ဇမာနပညတ်
၃၊ ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ် ၊
၄၊ အဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်၊
၅၊ ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်၊
၆၊ အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်၊
၁၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ပညတ်သည် ဝိဇ္ဇမာနပညတ် မည်၏၊( စိတ်၊ ဖဿ၊ ဝေဒနာ၊ စသည်)
၂၊ပရမတ္ထအားဖြင့် ထင်ရှား မရှိသောပညတ်သည်၊ အဝိဇ္ဇမာန ပညတ် မည်၏၊( ယောင်္ကျား၊ မိန်းမ၊ ရေ၊မြေစသည်၊)
၃၊ပရမတ္ထအားဖြင့် ထင်ရှားရှိခြင်းနှင့် ထင်ရှားမရှိခြင်းကို ပေါင်းစပ်အခေါ်အဝေါ်ပညတ်သည် ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ်၊(တဏှာကွန်ရက်၊ဒေါသစွန်းရောက်သူ)
၄၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိခြင်းနှင့် ထင်ရှားရှိခြင်းကို ပေါင်းစပ်ခေါ်ဝေါ်ပညတ်သည် အဝိဇ္ဇမနေန ဝိဇ္ဇမာနပညတ်မည်၏၊(မိန်းမ၏အသံ၊ ယောင်္ကျား၏အနံ့၊)
၅၊ ပရမတ္ထအားဖြင့် ထင်ရှားရှိခြင်းနှင့် ထင်ရှားရှိခြင်းကို ပေါင်းစပ်၍ အခေါ်အဝေါ်ပညတ်သည် ဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်မည်၏၊ ( စက္ခုဝိညာဏ်စိတ်)
၆၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိခြင်းနှင့် ထင်ရှားမရှိခြင်းကို ပေါင်းစပ် ခေါ်ဝေါ်ခြင်းသည် အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ် မည်၏၊ ( ဇနီးမောင်နှံ၊ ညီအကို)
ပညတ်အနက်ထိ သိပုံ မနောဒွါရဝီထိ
သဒ္ဒံ ပထမစိတ္တေန၊ တီတံ ဒုတိယ စေတသာ၊
နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထ စေတသာ။
ဥပမာ - ဂေါ- နွား ဟူသော အသံကို ကြားရာ၌
၁၊ ဂေါ ဟူသော ပစ္စုပ္ပန် သဒ္ဒါရုံ အသံကို အာရုံပြု၍ သောတဒွါရိက ဝီထိ ပထမ ဖြစ်၏၊
၂၊ ဂေါဟူသော အတိတ် သဒ္ဒါရုံကို အာရုံပြု၍ ဒုတိယ တဒနုဝတ္တက မနောဒွါရဝီထိ ဖြစ်၏၊
၃၊ ဂေါဟူသော နာမည်ပညတ်ကို အာရုံပြု၍ တတိယ သုဒ္ဓမနောဒွါရိက ဝီထိဖြစ်၏၊
၄၊ နာမည်ပညတ်၏ အထည်ကိုယ်ဒြဗ်ကို အာရုံပြု၍ စတုတ္ထ သုဒ္ဓမနောဒွါရိက ဝီထိဖြစ်၏၊
ဤသို့ ပဉ္စဒွါရိကဝီထိစိတ် ဖြစ်တိုင်း နောက်မှ ကပ်လျှက် တဒနုဝတ္တက မနောဒွါရ လေးဝီထိ လိုက်ရသည်၊
(၄) ဝီထိကျ အဆုံးမှ လိုအပ်သော အနက်အဓိပ္ပါယ် ပြီးပြည့်စုံသည်၊
ဤကား အက္ခရာ တစ်လုံးအတွက် ဝီထိ ဖြစ်သည်၊ (၂) လုံး ဖြစ်လျှင် (၆) ဝီထိ၊ (၃) လုံးဖြစ်လျှင် (၈) ဝီထိစသဖြင့် တိုးတိုးပြီး ယူရသည်။
လေ့ကျင့်ခန်း ပုစ္ဆာများ
၁၊ ပဌါန်း (၂၄) ပစ္စည်းတွင် နာနာက္ခဏိက ကမ္မ ပစ္စည်း၏ ပစ္စည်း၊ ပစ္စယုပ္ပန်တို့ကို ဖြေဆိုပါ၊
၂၊ အာရမ္မဏာဓိပတိ ပစ္စည်း၏ ပစ္စယုပ္ပန် တရားတို့ကို ဖြေဆိုပါ၊
၃၊ အနန္တရ ပစ္စည်း ၏ ပစ္စယုပ္ပန်တရားများအား ကျေးဇူးပြုပုံကို ဥပမာဆောင်၍ ဖြေပြပါ၊
၄၊ အောက်ပါ ပစ္စည်းတို့၏ အကြောင်း/ အကျိုး တရားတို့ကို ဖြေပြပါ၊
(က) ရုပ်အာဟာရ ပစ္စည်း၊ (ခ) ရုပ်ဇီဝိတိန္ဒြေ ပစ္စည်း
၅၊ (၂၄) ပစ္စည်း တို့ကို ကာလတို့ဖြင့် ဝေဖန်ပြပါ၊
၆၊ မျိုးမနိုင်ရင် ပဌါန်းမကိုင်နှင့် ဆိုရိုးအရ
(၈) ပစ္စည်း (၉) မျိုး ဖြစ်လာပုံကို ရှင်းပြပါ၊
၇၊ (က) သဒ္ဒပညတ်၊ (ခ) အတ္ထပညတ် အဓိပ္ပါယ်တို့ကို ဖြေဆိုပါ၊
သင်ရိုးကဏ္ဍ
ကမ္မဌာန်းပိုင်း
သမထဘာဝနာ ဝိပဿနာဘာဝနာတို့ကို ပြဆိုရာ အပိုင်းသည် ကမ္မဌာန်းပိုင်းဖြစ်သည်၊
သမထဘာဝနာ - ကသိုဏ်းစသော ပညတ်အာရုံကို
အာရုံပြုလျှက် သမာဓိကို ပွါးများအားထုတ်ခြင်း၊
ဝိပဿနာ ဘာဝနာ - တေဘူမက သင်္ခါရ ရုပ်နာမ်တို့ကို အာရုံပြု၍ အနိစ္စ၊ ဒုက္ခ၊အနတ္တ ဟူသော လက္ခဏာ ၃ ပါးတို့ဖြင့် သုံးသပ် ဆင်ခြင် ပွါးများခြင်း
စရိုက် (၆) ပါး
အလေ့အလာများပြီး ဝါသနာထုံလာသောအလေ့ အကျင့်သည် စရိုက်မည်၏၊လူများသဏ္ဌာန်မှာ ကွဲပြားနေသော စရိုက်သည် (၆) ပါး၊
၁၊ ရာဂစရိုက် - တပ်မက်မှု တဏှာရာဂစိတ်များသူ၊
၂၊ ဒေါသစရိုက် - စိတ်တို ဒေါသထွက်လေ့ရှိသူ၊
၃၊ မောဟစရိုက် - မသိမမြင် ထုံထိုင်းဖျင်းအသူ၊
၄၊ ဝိတက်စရိုက် - စိတ်ထွေပြားအကြံအစီများသူ
၅၊ သဒ္ဓါစရိုက် - ရတနာ၃ပါးအား ယုံကြည်မှုများသူ၊
၆၊ ဗုဒ္ဓိစရိုက် - အရာအားလုံးကို ပညာအဆင်အခြင်များသူ၊
ကမ္မဌာန်း (၄၀)
(က) ကသိုဏ်းပညတ် (၁၀)
(ခ) အသုဘ ပညတ် (၁၀)
(ဂ) အနုဿတိ (၁၀)
(ဃ) အပ္ပမညာတရား ( ၄)
(င) အာဟာရေ ပဋိကူသညာ ( ၁)
(စ) စတုဓာတု ဝဝတ္ထာန် ( ၁)
(ဆ) အရူပ ကမ္မဌာန်း ( ၄)=== (၄၀) ပါး၊
(က) ကသိုဏ်း ပညတ် (၁၀) ပါး
ကသိဏ - ကသိုဏ်းဟူသည် အလုံးစုံ တပြိုင်နက် ထင်မြင် ရှုအပ်သော အာရုံတည်း၊
၁၊ ပထဝီကသိဏ - မြေကသိုဏ်း
၂၊ အာပေါကသိဏ - ရေကသိုဏ်း
၃၊ တေဇောကသိဏ - မီးကသိုဏ်း
၄၊ ဝါယောကသိဏ - လေကသိုဏ်း၊
၅၊ နီလကသိဏ - အညိုရောင်ကသိုဏ်း၊
၆၊ ပီတကသိဏ - အရွှေရောင် ကသိုဏ်း၊
၇၊ လောဟိတ ကသိဏ - အနီရောင် ကသိုဏ်း၊
၈၊ ဩဒါတ ကသိဏ - အဖြူရောင် ကသိုဏ်း၊
၉၊ အာကာသ ကသိဏ - အပေါက် အကြား ကသိုဏ်း
၁၀၊ အာလောက ကသိဏ - အလင်းရောင် ကသိုဏ်း၊
(ခ) အသုဘ ပညတ် (၁၀) ပါး
မတင့်မတယ် ရွံရှာဖွယ် ဟုရှုမြင်အပ်သောအာရုံ
၁၊ ဥဒ္ဓုမာတက - ဖူးဖူးရောင် သူသေကောင် အသုဘ၊
၂၊ ဝိနီလက - ညိုမဲမဲ အဆင်းရှိသူသေကောင်အသုဘ၊
၃၊ ဝိပုဗ္ဗက - ယိုစီးသော ပြည်သွေးရှိ သူသေကောင်အသုဘ၊
၄၊ ဝိစ္ဆိဒ္ဒက - အလယ် ပြတ်တောက်နေသော သူသေကောင် အသုဘ၊
၅၊ ဝိက္ခာယိတက - ကျီးလင်းတ စသည်တို့ ခဲစားအပ်သော သူသေကောင် အသုဘ၊
၆၊ ဝိက္ခိတ္တက - ကျီး လင်းတ စသည်တို့ ခဲစားအပ်ပြီး ဖရို ဖရဲ ပြန့်ကြဲလျှက်ရှိသော သူသေကောင်အသုဘ၊
၇၊ ဟတဝိက္ခိတ္တက - ဒါးလှန် စသည်ဖြင့် နှိပ်စက်မွှေနှောက် ပစ်ချထားအပ်သောသူသေ အသုဘ၊
၈၊ လောဟိတက - ယိုစီးသော သွေးရှိသော သူသေကောင် အသုဘ၊
၉၊ ပုဠုဝက - ပိုးလောက်တို့ဖြင့်ပြည့်သော သူသေကောင် အသုဘ၊
၁၀၊ အဌိက - အရိုးစုသာ ဖြစ်သော သူသေကောင်အသုဘ၊
(ဂ) အနုဿတိ (၁၀) ပါး
အဖန်ဖန် အထပ်ထပ် အောက်မေ့သတိရပွါးများအပ်သော အာရုံ၊
၁၊ ဗုဒ္ဓါနုဿတိ - ဘုရား၏ ဂုဏ်တော် ဉာဏ်တော်ကို အထပ်ထပ် သတိရ ပွါးများခြင်း၊
၂၊ ဓမ္မာနုဿတိ - တရားတော်၏ ဂုဏ်တော်ကို အဖန်ဖန် သတိရ ပွါးများခြင်း၊
၃၊ သံဃာနုဿတိ - အရိယာသံဃာတော်တို့၏ ဂုဏ်တော်ကို အဖန်ဖန် သတိရ ပွါးများခြင်း၊
၄၊ သီလာနုဿတိ - မိမိ၏ စင်ကြယ်သော သီလဂုဏ်ကို အဖန်ဖန် သတိရ ပွါးများခြင်း၊
၅၊ စာဂါနုဿတိ - မိမိ ဒါန၏ စင်ကြယ်မှု ဂုဏ်ကို အဖန်ဖန် သတိရ ပွါးများခြင်း၊
၆၊ ဒေဝတာနုဿတိ - သူတော်ကောင်းနတ်များ၌ ရှိသော သဒ္ဓါ စသည်နည်းတူ ငါ့မှာလည်းရှိသည်ဟု နတ်တို့ကို သက်သေအရာ၌ ထား၍ မိမိ၏ သဒ္ဓါစသည်ကို အဖန်ဖန် သတိရ ပွါးများခြင်း၊
၇၊ ဥပသမာနုဿတိ - နိဗ္ဗာန်၏ အေးငြိမ်းမှုချမ်းသာကို အဖန်ဖန် သတိရ ပွါးများမှု၊
၈၊ မရဏာနုဿတိ - မိမိ၏ သေခြင်းတရားကို အဖန်ဖန် သတိရပွါးများခြင်း၊
၉၊ ကာယဂတာသတိ - ကိုယ်၌ရှိသော ဆံပင် စသည်ကို ရွံရှာဖွယ် ဟု သတိရ ပွါးများခြင်း၊
၁၀၊ အာနာပါနဿတိ - ဝင်လေ ထွက်လေကို ထိတိုင်း သိအောင် အဖန်ဖန် သတိရ ပွါးများခြင်း၊
(ဃ) အပ္ပမညာ (၄) ပါး
အတိုင်းအတာ ပမာဏ၊ အကန့်အသတ် မရှိပဲ ပွါးများအပ်သော တရားသည် အပ္ပမညာမည်၏၊ အပ္ပမညာ (၄) ပါး၊
၁၊ မေတ္တာ - သူ့အကျိုး သူ့ချမ်းသာမှု လိုလားသည့်စိတ်ဖြင့် ပွါးများ နေထိုင်ခြင်း၊
၂၊ ကရုဏာ - ကျရှုံး အားနည်း ဒုက္ခရောက်သည့် သတ္တဝါကို သူ့ဒုက္ခဖယ်ရှား ပေးလိုသောစိတ်ဖြင့် ပွါးများနေထိုင်ခြင်း
၃၊ မုဒိတာ - အောင်မြင် အားရှိ ချမ်းသာသည့် သတ္တဝါကို ဝမ်းမြောက်ဝမ်းသာ စိတ်ဖြင့် ပွါးများ နေထိုင်ခြင်း
၄၊ ဥပေက္ခာ - ကောင်း ဆိုးနှစ်ခု အပေါ် အမှတ်မထားပဲ တပြေးညီ ထားခြင်းဖြင့် ပွါးများနေထိုင်ခြင်း
ဤ တရားလေးပါးကို ဗြဟဝိဟာရ - ဗြဟာကြီးများ နေထိုင်ခြင်းကဲ့သို့ နေထိုင်ခြင်း တရားလေးပါး ဟူ၍လည်းကောင်း၊
ဗြဟစာရ - ဗြဟာကြီးတို့ အကျင့် ဗြဟစိုရ် လေးပါး ဟူ၍လည်းကောင်း ဆိုကြသည်၊
(င) အာဟာရေ ပဋိကူလသညာ
အစာ စားနေစဉ် အစားအစာအပေါ် တပ်မက်မှုအာသာတဏှာ လျှော့ကျစေရန် စက်ဆုပ် ရွံရှာဖွယ် ဟု ရှုမှတ် သုံးဆောင်ခြင်း ဘာဝနာ။
(စ) စတုဓာတုဝဝတ္ထာန
မိမိကိုယ် အပါအဝင် အရာအားလုံးဟာ သူငါတပါး မရှိ ဓာတ်ကြီးလေးပါး၏ အမူအယာထူးများသာဖြစ်သည်၊ ဟု ဆင်ခြင် ပွါးများသော ဘာဝနာ။
(ဆ) အရူပ အာရမ္မဏဘာဝနာ
အရူပဘာဝနာဟူသည်၊နာမ်တရား ပညတ်တရားတို့ကို အာရုံပြု ပွါးများသော ဘာဝနာ ဖြစ်သည်၊
၁၊ အာကာသာနဉ္စာယတန ဘာဝနာ - အဆုံးမရှိ ကောင်းကင်ပညတ်ကို အာရုံပြုပွါးများသော ဘာဝနာ၊
၂၊ ဝိညာဏဉ္စာယတန ဘာဝနာ - ပထမအရူပစိတ်ကို အာရုံပြု၍ ပွါးများသော ဘာဝနာ၊
၃၊ အာကိဉ္စညာယတန ဘာဝနာ - ပထမာရုပ္ပဝိညာဉ် မရှိခြင်း နတ္ထိဘော ပညတ်ကို အာရုံပြု ပွါးများသောဘာဝနာ၊
၄၊ နေဝသညာ နာသညာယတန ဘာဝနာ - တတိယအရူပစိတ်ကို အာရုံပြု၍ ပွါးများသော ဘာဝနာ၊
လေ့ကျင့်ခန်းပုစ္ဆာများ
၁၊ သမထ နှင့် ဝိပဿနာ ဘာဝနာနှစ်ပါး အဓိပ္ပါယ်ကို ဖြေဆိုပါ၊
၂၊ စရိုက် (၆) ပါး အနက် (က) သဒ္ဓါစရိုက် (ခ) ဗုဒ္ဓိစရိုက် အဓိပ္ပါယ်တို့ကို ဖြေပါ၊
၃၊ ကမ္မဌာန်း (၄၀) တို့တွင် ဒေဝတာနုဿတိ နှင့် ဥပသမာနုဿတိ တို့၏ အဓိပ္ပါယ်ကိုဖြေပါ၊
၄၊စတုဓာတု ဝဝတ္ထာန ကမ္မဌာန်း အဓိပ္ပါယ်ကို ဖြေပြပါ၊
စရိုက် နှင့် ကမ္မဌာန်း (၄၀) တွဲစပ်ပုံ
၁၊ ရာဂစရိုက် ရှိသူသည် - အသုဘ (၁၀) ပါး၊ ကာယဂတာသတိ ၁ ပါး- (၁၁) ပါး သော ကမ္မဌာန်းနှင့် သင့်လျော်၏၊
၂၊ ဒေါသ စရိုက်ရှိသူအား အပ္ပမညာ ၄ ပါး၊ နီလ ပီတ လောဟိတ၊ ဩဒါတ ကသိုဏ်း ၄ ပါး— (၈) ပါးသော ကမ္မဌာန်း နှင့် သင့်လျော်၏၊
၃၊ မောဟ စရိုက်၊ ဝိတက်စရိုက် ရှိသူတို့အား အာနာပါန ကမ္မဌာန်း ပွါးများရန် သင့်လျော်၏၊
၄၊ သဒ္ဓါစရိုက် ရှိသူအား - ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေဝတာနုဿတိ ၊ ဤအနုဿတိ (၆) ပါး ပွါးများရန် သင့်တော်၏၊
၅၊ ဗုဒ္ဓိ စရိုက်ရှိသူအား ဥပသမာနုဿတိ၊ မရဏဿတိ၊ အာဟာရေ ပဋိကူလသညာ၊ စတုဓာတု ဝဝတ္ထာန၊
ဤ ကမ္မဌာန်း (၄) မျိုး ပွါးများရန် သင့်လျော်၏၊
၆၊ စရိုက်အားလုံးနှင့် သင့်လျော်သော ကမ္မဌာန်းများ၊
ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ အာလောက ကသိုဏ်း (၆) ပါးနှင့် အရူပ ကမ္မဌာန်း ၄ပါး၊
ဤ (၁၀) ပါးတို့သည် စရိုက်အားလုံး နှင့် ပွါးများရန် သင့်လျော်ပါသည်။
မှတ်ချက်၊ ဤ ကသိုဏ်း (၆) ပါးတွင် ပထဝီကသိုဏ်း ပွါးများရာ၌ မောဟစရိုက်ရှိသူအား စိတ်တွေဝေမှု များသောကြောင့် အလွန်ဆုံး ကောက်နယ် တလင်းခန့်သာ ကျယ်ရမည်၊ ထို့ထက် ကျယ်လျှင် မကောင်း၊
ဝိတက်စရိုက်ရှိသူအား စိတ်ပျံ့လွှင့်မှု လွယ်ကူသောကြောင့် အနည်းဆုံး အိုးဝ၊ အိုးခွက်ခန့်သာရှိသော ကမ္မဌာန်း သင့်လျော်၏၊ ထို့ထက်ကျဉ်းလျှင် မကောင်း။
ဘာဝနာ (၃) ပါး
အဖန်ဖန် မပြတ်ဒလစပ် ပွါးရခြင်း
၁၊ ပရိကမ္မဘာဝနာ - စျာန် မဂ် ဖိုလ်ရရန် ကြိုတင် ပြင်ဆင်ပွါးများရသော ဘာဝနာ၊
၂၊ ဥပစာရ ဘာဝနာ - စျာန် မဂ် ဖိုလ် အနီး ပွါးများရသောဘာဝနာ၊
၃၊ အပ္ပနာဘာဝနာ - စျာန် မဂ် ဖိုလ် ဘာဝနာ
ဘာဝနာ နှင့် ကမ္မဌာန်း
၁၊ ပရိကမ္မဘာဝနာ အဆင့်၌ ကမ္မဌာန်း (၄၀) ရ၏၊
၂၊ ဥပစာရဘာဝနာ အဆင့်၌ လည်း ကမ္မဌာန်း ၄၀ ရ၏
၃၊ အပ္ပနာဘာဝနာ အဆင့်၌ ကမ္မဌာန်း (၃၀) သာရ၏၊
အပ္ပနာဘာဝနာ အဆင့်၌ မရနိုင်သော ဘာဝနာ (၁၀) ပါး
ဗုဒ္ဓါနုဿတိ မှ မရဏာနုဿတိ အထိ (၈) ပါး၊
အာဟာရေ ပဋိကူလသညာ ၁ ပါး၊ စတုဓာတုဝဝတ္ထာန် ၁ ပါး၊ ပေါင်း (၁၀) ပါး။
စျာန် နှင့် ကမ္မဌာန်း
၁၊ အသုဘ (၁၀) ပါး၊ ကာယဂတာသတိ - ဤ (၁၁) ပါးတစ်ပါးပါးကို ပွါးများလျှင် ပထမစျာန် ရ၏၊
၂၊ ကသိုဏ်း ၁၀၊ အာနာပါနဿတိ- ဤ (၁၁) ပါး၊ တစ်ပါးပါးကို ပွါးများလျှင် စျာန် (၅) ပါးလုံး ရနိုင်၏၊
၃၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ကို ပွါးများလျှင် စတုတ္ထစျာန်အထိ စျာန် (၄) ပါး ရနိုင်၏၊
၄၊ ဥပေက္ခာ ဘာဝနာ ကို ပွါးများလျှင် ပဉ္စမစျာန်ကို ရနိုင်၏၊
၅၊ အရူပ ဘာဝနာကို ပွါးများလျှင် အရူပစျာန် (၄) မျိုးကို ရနိုင်၏၊
ထို့ကြောင့် (က) ရူပပထမစျာန် (၃)ရနိုင်သော ကမ္မဌာန်းများ
အသုဘ (၁၀) ပါး၊ ကာယဂတာသတိ၊
ကသိုဏ် (၁၀) ပါး၊ အာနာပါနဿတိ၊မေတ္တာ၊ကရုဏာ၊ မုဒိတာ- အားဖြင့် (၂၅) ပါး၊ (ပဉ္စဝီ- သုံးတန်)
(ခ) ရူပ ဒု ၃၊တ ၃၊ စ ၃- (၉) ပါးရနိုင်သောကမ္မဌာန်း၊၁၄
ကသိုဏ်း ၁၀၊ ပါး၊ အာနာပါနဿတိ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ— (၁၄) ပါး၊(ဆယ့်လေး ကိုးလီ)
(ဂ) ရူပ ပဉ္စမစျာန် ၃ ပါး ရနိုင်သော ကမ္မဌာန်း (၁၂)
ကသိုဏ်း ၁၀၊ အာနာပါနဿတိ၊ ဥပေက္ခာ— ပေါင်း ၁၂ ပါး၊ ( ဆယ့်နှစ် သုံးပင်)
ရူပစျာန် ရနိုင်သော ကမ္မဌာန်း—၃၀၊
ကသိုဏ်းပညတ် (၁၀)၊အသုဘပညတ် (၁၀) ပါး၊
အာနာပါနဿတိ၊ ကာယဂတာသတိ၊
အပ္ပမညာ ၄ ပါး — ပေါင်း (၂၆ ) ပါး
အရူပစျာန် ရနိုင်သော ကမ္မဌာန်း (၄) ပါး
အရူပဘာဝနာ (၄) ပါး= (၃၀) ပါး။
စျာန်မရနိုင်သောဘာဝနာ(၁၀) ပါး၊
ဗုဒ္ဓါနုဿတိမှ မရဏာနုဿတိ အထိ (၈) ပါး၊
အာဟာရေပဋိကူလသညာ၊ စတုဓာတုဝဝတ္ထာန်၊
လေ့ကျင့်ခန်းပုစ္ဆာများ
၁၊ ထစ်ကနဲဆို စိတ်ဆိုးတတ်သူအား ပေးရမည့်ကမ္မဌာန်းကို ဖြေဆိုပါ၊
၂၊ ရာဂစရိုက် အားကြီးသူအား အဘယ်ကမ္မဌာန်း ပေးရမည်နည်း ၊ ဖြေပါ၊
၃၊ ပထမစျာန်ကို ရလိုသော် အားထုတ်ရမည့် ကမ္မဌာန်းကို ဖြေဆိုပါ၊
၄၊ ဥပေက္ခာ ဘာဝနာ ပွါးများခဲ့သော် ရနိုင်သော ရူပစျာန်တို့ကို ဖြေဆိုပါ၊
၅၊ ကမ္မဌာန်း(၄၀) တွင် စျာန်အထိ မတက်ရောက်နိုင်သော ကမ္မဌာန်းများရှိပါသလော၊ ဖြေဆိုပါ၊
နိမိတ် (၃) ပါး
ဘာဝနာသုံးပါးဖြင့် ပွါးများအပ်သော အာရုံကို နိမိတ်ဟုခေါ်သည်၊
၁၊ ပရိကမ္မနိမိတ် - ယောဂီပုဂ္ဂိုလ်သည် ပထမဆုံးကမ္မဌာန်းအာရုံကို ပကတိမျက်စိဖြင့် ကြည့်ရှုလျှက် (ပထဝီ ပထဝီ) စသည်ဖြင့် အထပ်ထပ်ပွါးများရသော အာရုံသည် ပရိကမ္မနိမိတ်မည်၏၊
၂၊ ဥဂ္ဂဟနိမိတ် - ပကတိမျက်စိဖြင့် ယူလာသော အာရုံကို မျက်စိမှိတ်၍ ( ပထဝီ ပထဝီ) စသဖြင့် ပွါးများလာကာ စိတ်ထဲမှာ ပကတိမျက်စိဖြင့် မြင်သိအတိုင်း ထင်လာသော အာရုံသည် ဥဂ္ဂဟနိမိတ်မည်၏၊
၃၊ ပဋိဘာဂ နိမိတ် - ဥဂ္ဂဟနိမိတ် ကိုပင် တည်ကြည်ငြိမ်သက် နီဝရဏကင်းစင်သော သမာဓိဖြင့် အထပ်ထပ် ဆက်လက်ပွါးများလာရာ ပိုမိုကြည်လင် ပြတ်ပြတ်သားသား ထင်လာသော အာရုံသည် ပဋိဘာဂနိမိတ် မည်၏၊
နိမိတ် နှင့် ကမ္မဌာန်း (၄၀) — ပရိကမ္မနိမိတ် နှင့် ဥဂ္ဂဟနိမိတ် ကိုသာ
ရနိုင်သည့်ကမ္မဌာန်း (၁၈) ပါး
ဗုဒ္ဓါနုဿတိ (ပ) မရဏာနုဿတိ — (၈) ပါး
အပ္ပမညာ ၄ ပါး၊ အာဟာရေပဋိကူ (၁) ပါး
စတုဓာတု ၁ ပါး၊ အရူပကမ္မဌာန်း (၄) ပါး==၁၈ ပါး။
နိမိတ် (၃) ပါးလုံးရနိုင်သည့် ကမ္မဌာန်း (၂၂) ပါး
ကသိုဏ်းပညတ် (၁၀) ပါး
အသုဘပညတ် (၁၀) ပါး
ကာယဂတာသတိ ( ၁) ပါး
အာနာပါနဿတိ ( ၁) ပါး== (၂၂) ပါး
ဘာဝနာ ၃ ပါး နှင့် နိမိတ် ၃ ပါး တွဲစပ်ပုံ
၁၊ ပရိကမ္မဘာဝနာ — ၁၊ ပရိကမ္မနိမိတ်
၂၊ ဥဂ္ဂဟနိမိတ်
၂၊ဥပစာရ ဘာဝနာ
၃၊ အပ္ပနာ ဘာဝနာ — -၃၊ ပဋိဘာဂနိမိတ်
(က) ပရိကမ္မဘာဝနာ နှင့် ပရိကမ္မနိမိတ်
ယောဂီပုဂ္ဂိုလ်သည် ပထမဆုံး ပြင်ဆင်ပြီးသော ကမ္မဌာန်းအာရုံကို ပကတိမျက်စိဖြင့် ကြည့်ရှုလျှက် ( ပထဝီ ပထဝီ) စသဖြင့် ပွါးများရာ၌
ပွါးများသော စိတ်သည် ပရိကမ္မဘာဝနာ၊
ပထဝီ ကသိုဏ်းအာရုံသည် ပရိကမ္မနိမိတ်၊
(ခ) ပရိကမ္မဘာဝနာ နှင့် ဥဂ္ဂဟနိမိတ်
ပကတိမျက်စိဖြင့် ယူလာသော အာရုံကို မျက်စိမှိတ်ကာ ( ပထဝီ ပထဝီ) စသဖြင့် စိတ်ထဲမှာ အဖန်ဖန် သမာဓိစိတ်ဖြင့် ဆက်လက်ပွါးများရာ ပကတိမျက်စိဖြင့် မြင်သိအတိုင်း အာရုံ ထင်လာရာ၌
ပွါးများသောသမာဓိစိတ်သည် ပရိကမ္မဘာဝနာ၊
ထင်လာသော အာရုံသည် ဥဂ္ဂဟနိမိတ်၊
(ဂ) ဥပစာရဘာဝနာ နှင့် ပဋိဘာဂနိမိတ်
ဥဂ္ဂဟနိမိတ်ကိုပင် တည်ကြည်ငြိမ်သက် သမာဓိဖြင့် အထပ်ထပ် ဆက်လက်ပွါးများလာရာ ပိုမိုကြည်လင် ပြတ်ပြတ်သားသား အာရုံ ထင်လာရာ၌
ပွါးများသော သမာဓိစိတ်သည် ဥပစာရဘာဝနာ၊
ရှင်းလင်းပြတ်သားစွာထင်လာသော အာရုံသည် ပဋိဘာဂနိမိတ်၊
(ဃ) အပ္ပနာဘာဝနာ နှင့် ပဋိဘာဂနိမိတ်
တည်ကြည်ငြိမ်သက် နီဝရဏ ကင်းစင်သော သမာဓိဖြင့် ပွါးများကာ ကြည်လင်ပြတ်သားသောအာရုံ ထင်လာရာ၌
နီဝရဏ ကင်းစင် သမာဓိစိတ်သည် အပ္ပနာဘာဝနာ၊
ကြည်လင်ပြတ်သားသော ပထမစျာန်အာရုံသည် ပဋိဘာဂ နိမိတ်။
ဝသီဘာဝ- ဝသီဘော် (၅) ပါး
ပဋိပတ္တိအကျင့်သည်လည်း ပရိယတ္တိသမားများလို ကျင့်ရသည်၊ ပရိယတ္တိ သင်ယူနေသောသူတို့သည် မိမိတို့ ရရှိထားသော အဆင့်ကို မကျအောင် ညစဉ်ရွတ်ဖတ် အဖန်ဖန် စာပြန်နေရသကဲ့သို့ ပဋိပတ္တိအားထုတ်သော သူတို့သည်လည်း မိမိတို့ ရရှိထားသော စျာန်သမာဓိကို မကျအောင် မပျောက်အောင် အဖန်ဖန် ဝင်စားထားရသည်၊ ထိုသို့ ကြိမ်ဖန်များစွာ သမာဓိ လေ့ကျင့်ခြင်းကို ဝသီဘာဝ- ဝသီဘော်ဟုခေါ်၏၊ ထိုဝသီဘောသည် (၅) မျိုးရှိ၏၊
၁၊ အာဝဇ္ဇနဝသီဘော် - ရရှိထားသော ပထမစျာန်ရှိ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ငါးပါးတို့ကို အသီးအသီး တစ်ခုစီ ဆင်ခြင်သုံးသပ် ဝင်စားခြင်း၊
၂၊ သမာပဇ္ဇန ဝသီဘော် - ရထားသော ပထမစျာန်ကို လျှင်မြန်စွာ အထပ်ထပ် ဝင်စားနိုင်ခြင်း
၃၊ အဓိဌါနဝသီဘော် - အလိုရှိသလို စျာန်အာရုံကို ခိုင်ခိုင် မာမာ တာရှည်စွာ ဝင်စားနိုင်ခြင်း
၄၊ ဝုဌါနဝသီဘော် - အလိုရှိသောအခါ စျာန်မှ အတိအကျ လျှင်မြန်စွာ ထနိုင်ခြင်း
၅၊ ပစ္စဝေက္ခဏာ ဝသီဘော် - စျာန်အင်္ဂါငါးပါးတို့ကို ခုံကျော်၍ လျှင်မြန်စွာ ဝင်စားနိုင်ခြင်း
အရေးတကြီး ဒုတိယစျာန်သို့ မတက်သေးပဲ ရရှိထားသော ပထမစျာန်ကိုပင် ဤဝသီဘော်ငါးပါးတို့ဖြင့် အပြန်ပြန် အလှန်လှန် သမာဓိ တည်ငြိမ်ရင့်ကျက်လာရန်ပွါးများရပေမည်၊ သို့မှသာ အထက်ထက်စျာန်သို့ လွယ်စွာ တက်ရောက်နိုင်ပေမည်၊
ဒုတိယစျာန် စသည်သို့ တက်ရောက်ခြင်း
ဒုတိယစျာန် သို့ တက်ရောက်လိုသော ယောဂီပုဂ္ဂိုလ်သည် ရထားသော ပထမစျာန် ၌ ဝိတက်သည် အကြံများသည်ဖြစ်၍ ကာမဂုဏ်ကြံမိသောအခါ ကာမစ္ဆန္ဒနီဝရဏကြောင့် စျာန်မှ လျှောကျနိုင်၏၊ ဝိတက်မရှိမှ ကောင်းမည်ဟု ဝိတက်အပြစ်မြင်၍ ပဋိဘာဂနိမိတ်ကိုပင် ဆက်လက်ပွါးများရာ ဝိတက်မပါသော ဒုတိယ စျာန် ရ၏၊ ထို့အတူ ဤနည်းဖြင့် သက်ဆိုင်ရာ စျာန်အင်္ဂါများ အပြစ်မြင် ရှုမှတ်ပွါးများလျှင် တတိယစျာန်၊စတုတ္ထစျာန်၊ ပဉ္စမစျာန် အထိ တက်ရောက်နိုင်ပေသည်၊
အရူပစျာန်သို့ တက်ရောက်ပုံ
၁၊ရူပပဉ္စမစျာန်ရပြီး အရူပစျာန်သို့ တက်ရောက်သော ယောဂီပုဂ္ဂိုလ်သည် ရုပ်ကို အပြစ်မြင်သဖြင့် နာမ်ရှိမှုကိုသာ နှစ်သက်သောကြောင့် အာကာသမှ တပါး ကသိုဏ်း (၉) ပါးတို့တွင် တပါးပါးကို ခွါသဖြင့် ရအပ်သော အဆုံးမရှိ ကောင်းကင်ပညတ်ကို အာရုံပြု၍ “ အနန္တော အာကာသော၊ အနန္တော အာကာသော” ဟုရှုမှတ် ပွါးများရမည်၊ အဆုံးမရှိ ကောင်းကင်ပညတ်ကို အာရုံပြုလျှက် “ အာကာသာနဉ္စာယတန စျာန်” သို့ရောက်၏၊
၂၊ ဒုတိယ ဝိညာဏဉ္စညာယတန စျာန်ကို ရလိုသော ယောဂီပုဂ္ဂိုလ်သည်
(က) အာကာသာနဉ္စာယတနစျာန်ကို အပြစ်မြင်
(ခ) ပထမာရုပ္ပဝိညာဉ် ကို အာရုံပြု
(ဂ) “ အနန္တံ ဝိညာဏံ ၊ အနန္တံ ဝိညာဏံ” ဟုပွါးများ
(ဃ) ဝိညာနဉ္စာယတန စျာန်သို့ ရောက်၏၊
၃၊ တတိယ အာကိဉ္စညာယတန စျာန်ကို ရလိုသော ယောဂီပုဂ္ဂိုလ်သည်
(က) ဝိညာဏဉ္စာယတန စျာန်ကို အပြစ်မြင်
(ခ) ပထမာရုပ္ပဝိညာဉ်၏ မရှိခြင်း “ နတ္ထိဘော ပညတ်” ကို အာရုံပြု၊
(ဂ) “ နတ္ထိ ကိဉ္စိ ဝိညာဏံ ၊နတ္ထိ ကိဉ္စိ ဝိညာဏံ” ဟု ပွါးများ၊
(ဃ) အာကိဉ္စညာယတန စျာန်သို့ ရောက်၏၊
၄၊ နေဝသညာ နာသညာယတန စျာန်ကို ရလိုသော ယောဂီပုဂ္ဂိုလ်သည်
(က) အာကိဉ္စညာယတန စျာန်ကို အပြစ်မြင်
(ခ) တတိယာရုပ္ပဝိညာဏ်ကို အာရုံပြု၊
(ဂ) “ သန္တ မေတံ၊ ပဏီတ မေတံ” ဟုပွါးများ၊
(ဃ) နေဝသညာ နာသညာယတန စျာန်သို့ ရောက်၏၊
ဘုံ နှင့် ကမ္မဌာန်း
ကာမ - လူ့ဘုံ ၌ ကမ္မဌာန်း (၄၀) ရ၏
ကာမ - နတ်ပြည်၌ အသုဘ (၁၀)၊ ကာယဂတာ-၁၊
အာဟာရေ - ၁၊ မှ ကြွင်း (၂၈)ပါးရ၏၊
အသညသတ်ကြဉ်
ရူပ (၁၅) ဘုံ ၌။ အထက်ပါ(၁၂+အာနာပါန-၁၃ မှ
တပါး ကြွင်း (၂၇) ပါးရ၏
အရူပ ၄ ဘုံ၌။ အရူပကမ္မဌာန်း (၄) ပါးရ၏
အဘိညာဉ်
သမာပတ် ၈/၉ပါးရရှိထားသော ပုဂ္ဂိုလ်သည် ရူပါဝစရ ပဉ္စမစျာန်ကို အခြေခံ၍ ဝင်စားပြီးလျှင် စျာန်မှ ထ၍ အဓိဌါန် ပရိကံ တို့ပြုပြီး မိမိနှစ်သက်ရာ ဝင်စားလိုသော အဘိညာဉ်ဆိုင်ရာကို အာရုံပြုလျှက် ဝင်စားနိုင်သည်၊
( ရူပစျာန်ကို စတုက္ကနည်းဖြင့် ယူခဲ့သော် သမာပတ် ၈ ပါး၊ ပဉ္စကနည်းဖြင့် ယူခဲ့သော် သမာပတ် ၉ ပါးဟုဆို)
အဘိညာဉ်၏ တရားကိုယ်သည်
ရူပကုသိုလ် ပဉ္စမစျာန် နှင့် ရူပကြိယာပဉ္စမစျာန်
တိဟိတ်ပုထုဇဉ် နှင့် သေက္ခပုဂ္ဂိုလ် တို့သည်
ရူပကုသိုလ် ပဉ္စမစျာန်ကို အခြေခံသည်၊
ဘုရား၊ ရဟန္တာ အရှင်မြတ်တို့သည်
ရူပကြိယာပဉ္စမစျာန်ကို အခြေခံသည်။
စိတ္တဝိသုဒ္ဓိ၏ အထွတ်အထိပ်စွမ်းအားဟု ခေါ်ဆိုနိုင်သော အဘိညာဉ်ဟူသည် ထူးခြားပြီး သိသောဉာဏ်
အဘိညာဉ် (၇)ပါး
၁၊ ဣဒ္ဓိဝိဓ အဘိညာဉ် - တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော အဘိညာဉ်၊
၂၊ ဒိဗ္ဗစက္ခု အဘိညာဉ် - နတ်၏ မျက်စိကဲ့သို့ အရာအားလုံးကို မြင်နိုင်သော အဘိညာဉ်၊
၃၊ ဒိဗ္ဗသောတ အဘိညာဉ် - နတ်၏ နားကဲ့သို့ အသံအားလုံးကို ကြားနိုင်သော အဘိညာဉ်၊
၄၊ ပရစိတ္တဝိဇာနန အဘိညာဉ် - သူတပါး၏ စိတ်အကြံကို သိနိုင်သော အဘိညာဉ်၊( စေတောပရိယ )
၅၊ ပုဗ္ဗနိဝါသာနုဿတိ အဘိညာဉ် - ရှေးက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော အဘိညာဉ်၊
၆၊ ယထာကမ္မူပဂ အဘိညာဉ် - ကံ အားလျော်စွာ ရောက်သွားသူများကို မြင်နိုင်သော အဘိညာဉ်၊
၇၊ အနာဂတံသ အဘိညာဉ် - အနာဂတ် ဖြစ်လာမည့် အကြောင်းအရာတို့ကို သိမြင်နိုင်သော အဘိညာဉ်၊
မှတ်ချက်
အာသဝက္ခယ ဉာဏ်ကို လောကုတ္တရာ အဘိညာဉ် ဟု တချို့ သုံးကြ၏၊
လေ့ကျင့်ခန်း ပုစ္ဆာများ
၁၊ တရားထိုင်ရာမှာ တွေ့ရသော နိမိတ်ဟူသည် အဘယ်နည်း၊ ဖြေဆိုပါ၊
၂၊ ဘာဝနာ ၃ ပါးနှင့် နိမိတ် ၃ ပါး တွဲစပ်ပြပါ၊
၃၊ ပဋိဘာဂ နိမိတ် မရနိုင်သော ကမ္မဌာန်းတို့ကို ဖြေဆိုပါ၊
၄၊ ဝသီဘော် (၅) ပါးကို အဓိပ္ပါယ် နှင့် တကွ ဖြေပါ၊
၅၊ အဘိညာဉ် (၇) ပါးတို့တွင် (က) ယထာကမ္မူပဂ အဘိညာဉ် (ခ) စေတောပရိယ အဘိညာဉ် အဓိပ္ပါယ်တို့ကို ဖြေဆိုပါ၊
ဝိပဿနာ ဘာဝနာ
သင်္ခတရုပ်နာမ် တို့၏ ဖြစ်မှု ပျက်မှု တို့အပေါ် လက္ခဏာရေးသုံးပါးတို့ဖြင့် ဆင်ခြင်သုံးသပ် ပွါးများခြင်းကို ဝိပဿနာ ဘာဝနာ ဟုခေါ်သည်၊
(က) နာမရူပ ပရိစ္ဆေဒ ဉာဏ်
(ခ) ပစ္စယ ပရိဂ္ဂဟ ဉာဏ်
(ဂ) လက္ခဏာ (၃) ပါး
(ဃ) အနုပဿနာ (၃) ပါး
(င) ဝိသုဒ္ဓိ (၇) ပါး
(စ) ဝိပဿနာ ဉာဏ် (၁၀) ပါး
(ဆ) ဝိမောက္ခ (၃) ပါး
(ဇ) ဝိမောက္ခမုခ (၃) ပါး
(က) နာမရူပ ပရိစ္ဆေဒဉာဏ်
ဝိပဿနာ ဉာဏ်၏ အာရုံသည် ပရမတ္ထ ရုပ် နာမ် တို့ဖြစ်သည်၊ ရုပ် နှင့် နာမ် ပိုင်းခြားသိရသော ဉာဏ်သည် မဖြစ်မနေ ရှေ့ဆုံးက လိုအပ်သည်၊
၁၊ ရုပ် - အအေး အပူစသော ဆန့်ကျင်ဘက်အကြောင်းတို့ကြောင့် ဖောက်ပြန်ပြောင်းလဲတတ်သော သဘောတရားသည် ရုပ်မည်၏၊
၂၊ နာမ် - စိတ် စေတသိက်တို့သည် အာရုံသို့ ညွတ်တတ်၊ ညွတ်စေတတ်သောကြောင့် နာမ် မည်၏၊
(ခ) ပစ္စယ ပရိဂ္ဂဟဉာဏ်
ရုပ် နာမ်တို့၏ ဖြစ်ကြောင်းကို ပိုင်နိုင်စွာ သိသောဉာဏ် သည် ပစ္စယပရိဂ္ဂဟ ဉာဏ်မည်၏၊
ရုပ်ဖြစ်ကြောင်းတရားကား — ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ ဖြစ်သည်၊
နာမ်ဖြစ်ကြောင်းကား — ဒွါရ နှင့် အာရုံ ပေါင်းဆုံခြင်းကြောင့်ဖြစ်တယ်၊
(ဂ) လက္ခဏာ (၃) ပါး
သင်္ခါရ ရုပ်နာမ် တရားတို့၏ သဘာဝလက္ခဏာ တို့သည် ၃ ပါး ဖြစ်ကုန်၏
၁၊ အနိစ္စလက္ခဏာ - ဟုတွာ အဘာဝတော အနိစ္စာ- ရုပ်နာမ်သဘောတရား အားလုံးသည် ဖြစ်ပေါ်ပြီး မရှိတော့သောကြောင့် အနိစ္စ၊
၂၊ ဒုက္ခလက္ခဏာ - ဥဒယဗ္ဗယ ပဋိပီဠတ္တတ္တာ ဒုက္ခာ-
သင်္ခတ ရုပ်နာမ်သဘောတရားအားလုံးသည် ဖြစ်ခြင်း ပျက်ခြင်းသည် မရပ်မနား အဖန်ဖန် ဖြစ်နေသော ကြောင့် ဒုက္ခ၊
၃၊ အနတ္တလက္ခဏာ - အဝသဝတ္တိတ္တာ အနတ္တာ- ရုပ်နာမ် သဘောတရား အားလုံးသည် ကိုယ့်အလိုသို့ မလိုက် အစိုးမရသည်၏ အဖြစ်ကြောင့် အနတ္တ၊
(ဃ) အနုပဿနာ (၃) ပါး
၁၊ အနိစ္စာနုပဿနာ - အနိစ္စဟု ရှုသောဉာဏ်၊
၂၊ ဒုက္ခာနုပဿနာ - ဒုက္ခဟု ရှုသော ဉာဏ်၊
၃၊ အနတ္တာနုပဿနာ - အနတ္တဟု ရှုသောဉာဏ်၊
(င) ဝိသုဒ္ဓိ (၇) ပါး
၁၊သီလဝိသုဒ္ဓိ
၂၊စိတ္တဝိသုဒ္ဓိ
၃၊ဒိဌိဝိသုဒ္ဓိ
၄၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ
၅၊မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
၆၊ ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ
၇၊ ဉာဏဒဿန ဝိသုဒ္ဓိ
(၁) သီလဝိသုဒ္ဓိ
မိမိတို့ကိုယ်စီ တာဝန်ယူ စေါင့်ထိန်းထားသော ရဟန်းတို့အား စတုပါရိသုဒ္ဓိသီလ၊ သာမဏေတို့အား ဆယ်ပါးသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ၊ သေခိယ- စာရိတ္တသီလ ၊ လူပုဂ္ဂိုလ်တို့အား အာဇီဝပါရိသုဒ္ဓိသီလ၊ ငါးပါးသီလ တို့နှင့် ပြည့်စုံရခြင်း ကို သီလဝိသုဒ္ဓိဟုခေါ်သည်၊
(၂) စိတ္တဝိသုဒ္ဓိ
နီဝရဏကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်၍ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတို့နှင့် ပြည့်စုံခြင်းကို စိတ္တဝိသုဒ္ဓိဟု ဆိုသည်၊
(၃) ဒိဌိဝိသုဒ္ဓိ
ရုပ် နာမ် သင်္ခါရဓမ္မတို့၏ လက္ခဏ၊ ရသ၊ ပစ္စုပဌါန်၊ ပဒဌါန် တို့ကို ပိုင်းခြားသိမြင်၍ နာမရူပ ပရိစ္ဆေဒဉာဏ် ဖြစ်ပေါ်ပြီး ငါ၊ အတ္တ ဇီဝမှ ကင်းဆိပ်ကာ ရှုမြင်သောဉာဏ်ကို ဒိဌိဝိသုဒ္ဓိ ဟုဆိုသည်၊
(၄) ကင်္ခါဝိတရဏဝိသုဒ္ဓိ
ရုပ်နာမ် သင်္ခါရတို့၏ ဖြစ်ကြောင်းကို ယထာဘူတဉာဏ်ဖြင့်သိလျှက် ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် အဟေတုကဒိဌိ၊ ဝိသမဟေတုကဒိဌိ တို့မှ လွန်မြောက် ယုံမှားမှုများကင်းစင်သော ဉာဏ်ကို ကင်္ခါဝိတရဏဝိသုဒ္ဓိ ဟုဆိုသည်၊
မှတ်ချက်
ဤ အဆင့်သို့ ရောက်လာသူကို ဒိဌိဝိသုဒ္ဓိဖြင့် ဒိဌိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိဖြင့် ဝိစိကိစ္ဆာယုံမှားခြင်းများကို တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်တို့ဖြင့် ပယ်သတ်နိုင်သဖြင့် ဘဝကူးသွားခဲ့သော် အပါယ်မကျနိုင်သောကြောင့် စူဠသောတာပန် ဟု ခေါ်ဆိုပါသည်၊
ဝိစိကိစ္ဆာ (၈) မျိုး
၁၊ သတ္ထရိ ကင်္ခတိ၊ ဘုရား၌ ယုံမှား၏၊
၂၊ ဓမ္မေ ကင်္ခတိ - တရား၌ ယုံမှား၏၊
၃၊ သံဃေ ကင်္ခတိ - သံဃာ၌ ယုံမှား၏၊
၄၊ သိက္ခာယ ကင်္ခတိ - အကျင့်၌ ယုံမှား၏၊
၅၊ ပုဗ္ဗန္တေ ကင်္ခတိ - အတိတ်ဘဝ၌ ယုံမှား၏၊
၆၊ အပရန္တေ ကင်္ခတိ၊ နောက်ဘဝ ၌ ယုံမှား၏၊
၇၊ ပုဗ္ဗန္တအပရန္တေ - ရှေ့နောက် ဘဝနှစ်ခုလုံး၌ ယုံမှား၏
၈၊ ဣဒပ္ပစ္စယတာ ပဋိစ္စသမုပ္ပန္နေသု ဓမ္မေသု ကင်္ခတိ-
ပဋိစ္စသမုပ္ပါဒ်၌ ယုံမှား၏
ယုံမှားခြင်း (၁၆) ပါး
(က) အတိတ် ဘဝ ၌ ယုံမှားခြင်း (၅) ပါး
(ခ) အနာဂတ် ဘဝ၌ ယုံမှားခြင်း (၅) ပါး
(ဂ) ပစ္စုပ္ပန် ဘဝ ၌ ယုံမှားခြင်း (၆) ပါး
(က) အတိတ်ဘဝ၌ ယုံမှားခြင်း (၅) ပါး
၁၊ ငါသည် အတိတ်ဘဝ၌ ဖြစ်ခဲ့ဘူးသလား?
၂၊ ငါသည် အတိတ်ဘဝ၌ မဖြစ်ခဲ့ဘူးသလား?
၃၊ ငါသည် အတိတ်ဘဝ၌ ဘယ်အမျိုးမှာဖြစ်ခဲ့သလဲ?
၄၊ ငါသည် အတိတ်ဘဝ၌ ဘယ်ပုံစံ ဖြစ်ခဲ့သလဲ?
၅၊ငါသည် အတိတ်ဘဝ ၌ ဤအမျိုးမှာ ဖြစ်ပြီး၊
တဖန် ထိုအမျိုးမှာ ပြောင်းဖြစ်ခဲ့သလား?
(ခ) အနာဂတ်ဘဝ၌ ယုံမှားခြင်း (၅) ပါး
၁၊ ငါသည် နောင်ဘဝ၌ ဖြစ်အုံးမှာလား?
၂၊ ငါသည် နောင်ဘဝ၌ မဖြစ်တော့ဘူးလား?
၃၊ ငါသည် နောင်ဘဝ၌ ဘယ်အမျိုးမှာဖြစ်မည်လဲ?
၄၊ ငါသည် နောင်ဘဝ၌ ဘယ်ပုံစံ ဖြစ်မည်လဲ?
၅၊ ငါသည် နောင်ဘဝ၌ ဤအမျိုးမှာ ဖြစ်ပြီး တဖန် ထိုအမျိုးမှာ ပြောင်းဖြစ်လိမ့်မည်နည်း?
(ဂ) ပစ္စုပ္ပန်ဘဝ၌ ယုံမှားခြင်း (၆) ပါး
၁၊ ယခု ဖြစ်နေတာ ငါဟုတ်သလား?
၂၊ ယခု ဖြစ်နေတာ ငါမဟုတ်ဘူးလား?
၃၊ ယခု ငါဘယ်အမျိုးမှာ ဖြစ်နေသလဲ?
၄၊ ယခု ငါ ဘယ်ပုံစံ ဖြစ်နေသလဲ?
၅၊ ငါ ဘယ်ဘဝ မှ လာခဲ့သလဲ?
၆၊ ငါ ဘယ် ဘဝကို သွားလိမ့်မည်လဲ?
ဤ ကင်္ခါဝိတရဏဝိသုဒ္ဓိ အဆင့်မှာ ဝိစိကိစ္ဆာ ယုံမှားခြင်း (၈)မျိုး နှင့် (၁၆) မျိုးတို့ကို ကျော်လွှားနိုင်သည်၊
(၅)မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
ဝိပဿနာဉာဏ် ထက်သန်လာပြီး သမ္မသနဉာဏ်၊ ဥဒဗ္ဗယဉာဏ် တို့ ဖြစ်ပေါ်ပြီးနောက် ဖော်ပြပါ ဝိပဿနာအစွမ်းကြောင့် ဝိပဿနာကို ညစ်နွမ်းစေသော အနှောင့်အယှက် (၁၀) မျိုး ဖြစ်လာတတ်သည်၊
၁၊ ဩဘာသ - မိမိကိုယ်မှ အရောင်များ ထွက်လာတတ်ခြင်း
၂၊ ပီတိ - လွန်စွာ နှစ်သက်ခြင်း
၃၊ ပဿဒ္ဓိ - ကိုယ် စိတ် နှစ်ပါး လွန်စွာ ငြိမ်သက်ခြင်း
၄၊ အဓိမောက္ခ - အားကြီးသော သဒ္ဓါတရား ဖြစ်ပေါ်ခြင်း
၅၊ ပဂ္ဂဟ - နောက်ပြန်မကျအောင် သမ္မမ္ပဓာန်အားကောင်း လာခြင်း
၆၊ သုခ - မွန်မြတ်သော ချမ်းသာသုခဖြစ်ခြင်း
၇၊ ဉာဏ - အမြင်သန်သော ဖြစ်ပျက်မြင်သော ဉာဏ်ဖြစ်ပေါ်ခြင်း
၈၊ ဥပဌါန - ကမ္မဌာန်းအာရုံ၌ ခိုင်မြဲသော သတိဖြစ်ပေါ်လာခြင်း
၉၊ ဥပေက္ခာ - ဖြစ်မှု ပျက်မှုသည် လွန်စွာ နုညံ့ သိမ်မွေ့ငြိမ်သက်လာခြင်း၊
၁၀၊ နိကန္တိ - သိမ်မွေ့ နုညံ့သော နှစ်သက်မှု တဏှာဖြစ် ပေါ်ခြင်း၊
ဤ (၁၀) ပါးဖြစ်ပေါ်လာသော အခါ မဂ်ဉာဏ်မဟုတ်သေးဟု ဆုံးဖြတ်နိုင်သဖြင့် မဂ်ဟုတ်သည်၊ မဟုတ်သည်ကို သိမြင်သော စင်ကြယ်သော ဉာဏ်၊
(၆) ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ
ဥဒယဗ္ဗယ ဉာဏ် နောက်ပိုင်းမှ စ၍ ဘင်္ဂဉာဏ် — - ဝုဌါနဂါမိနီ ဝိပဿနာ ခေါ်သော သင်္ခါရုပေက္ခာဉာဏ်၊ အနုလောမဉာဏ်တိုင်အောင် ဉာဏ်စဉ်ကို မြင်သောဉာဏ်၊
(၇) ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ
ဝိပဿနာဉာဏ်မှထပြီး နိဗ္ဗာန်ကို အာရုံပြုလျှက်
ဂေါတြဘူဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ပစ္စဝေက္ခဏဉာဏ်တို့ ဖြစ်ပေါ်လာသော အထူးစင်ကြယ်သည့်ဉာဏ်အမြင်၊
(စ) ဝိပဿနာ ဉာဏ် (၁၀) ပါး
၁၊ သမ္မသနဉာဏ် - ရုပ် နာမ် တို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ဖြင့် ရှုတတ်သောဉာဏ်၊
၂၊ ဥဒယဗ္ဗယဉာဏ် - ရုပ် နာမ် သင်္ခါရတရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်ဖန် ရှုတတ်သောဉာဏ်၊
၃၊ ဘင်္ဂဉာဏ် - ရုပ်နာမ် သင်္ခါရတရားတို့၏ ပျက်ခြင်းကိုသာ ရှုသောဉာဏ်၊
၄၊ ဘယဉာဏ် - ရုပ်နာမ်သင်္ခါရတရားတို့ကို ကြောက်စရာဘေး ဟု ရှုမြင်သောဉာဏ်၊
၅၊ အာဒီနဝ ဉာဏ် - ရုပ်နာမ် သင်္ခါရတရားတို့ကို အပြစ်အားဖြင့် ရှုမြင်သောဉာဏ်၊
၆၊ နိဗ္ဗိဒါဉာဏ် - ရုပ်နာမ် သင်္ခါရတရားတို့အပေါ် ငြီးငွေ့လာသော ဉာဏ်၊
၇၊ မုစ္စိတုကမျတာဉာဏ် - ရုပ်နာမ် သင်္ခါရ တရားတို့မှ လွတ်မြောက်လိုသော ဉာဏ်၊
၈၊ ပဋိသင်္ခါဉာဏ် - ရုပ်နာမ် သင်္ခါရတရားတို့ကို လက္ခဏာ သုံးပါးဖြင့် ထပ်ပြီးသုံးသပ် ဆင်ခြင်သောဉာဏ်၊
၉၊ သင်္ခါရုပေက္ခာဉာဏ် - ရုပ်နာမ် သင်္ခါရတရားတို့ကို ကြောက်ခြင်း နှစ်သက်ခြင်း မရှိ၊ အလယ်အလတ်အားဖြင့် ရှုသောဉာဏ်၊
၁၀၊ အနုလောမဉာဏ် - ရုပ်နာမ်သင်္ခါရ တရားတို့ကို လက္ခဏာ သုံးပါးတို့ဖြင့် ဆင်ခြင်သုံးသပ်ရာမှာ
ရှေ့သင်္ခါရုပေက္ခာဉာဏ်နှင့်လည်း မဆန့်ကျင် နောက် ဂေါတြဘူဉာဏ်ဖြစ်ပေါ်လာရန် လည်း လျော်သောဉာဏ်၊
ဝိသုဒ္ဓိ (၇) ပါးနှင့် ဉာဏ်စဉ် (၁၆)ပါးတွဲစပ်ပုံ
(၁–၄)သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ ဤ ဝိသုဒ္ဓိလေးပါးကား ပစ္စယပရိဂ္ဂဟ ဉာဏ်အဆင့်ထိသာ ရှိသေးသည်၊ ဝိပဿနာဉာဏ်စဉ် စမဖြစ်သေး၊
(၅) မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ မှာ ဝိပဿနာဉာဏ်စဖြစ်၏၊ သမ္မသနဉာဏ်၊ ဥဒဗ္ဗယဉာဏ် ရှေ့ပိုင်းအထိ၊
(၆) ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မှာ ဥဒဗ္ဗယနောက်ပိုင်းမှ အနုလောမဉာဏ်တိုင်အောင်အထိ၊
(၇) ဉာဏဒဿန ဝိသုဒ္ဓိ အဆင့်မှာ ဖြူစင်သန့်ရှင်းဆုံးဖြစ်သောဉာဏ်အမြင်ဖြင့် နိဗ္ဗာန်ကို အာရုံပြုလျှက်
— ဂေါတြဘူဉာဏ်
—မဂ်ဉာဏ်
—ဖိုလ်ဉာဏ်
— ပစ္စဝေက္ခဏာဉာဏ်တို့ ဖြစ်ပါသည်။
ဉာဏ်စဉ် (၁၆) ပါး
(က) ဝိပဿနာဉာဏ် မရမီ ဉာဏ် (၂) ပါး၊
( နာမရူပ နှင့် ပစ္စယ) (ဉာတပရိညာ)
(ခ) ဝိပဿနာဉာဏ်ရ ၊ (၁၀) ပါး၊
(သမ္မသနစသော (၁၀)ပါး၊( တီရဏပရိညာ)
(ဂ) ဝိပဿနာဉာဏ်အဆုံး (၄) ပါး
( ဂေါ၊မဂ်၊ဖိုလ်၊ပစ္စဝေက္ခဏာ(၄) ပါး( ပဟာနပရိညာ)
အားဖြင့် (၁၆) ပါး ဖြစ်ပါသည်။
ဆောင်ပုဒ်-
-သီ၊ စိတ်၊ ဒိဌ်၊ ကင်၊ ဤလေးအင်၊ဉာဏ်စဉ်မဆိုင်သင့်
-မဂ္ဂါမဂ္ဂ၊ စခန်းကျလျှင် ၊ သမ္မသန၊ ဉာဏ်အစနှင့်၊
ဥဒယဗ္ဗယံ၊ ရှေ့ပိုင်းဉာဏ်၊ အမှန်ပါသဖြင့်၊
ပဋိပဒါ၊ စခန်းကျသော်၊ ဥဒယလှိုင်း၊ နောက်အပိုင်းမှ၊ စ၍နုလုံ၊ တိုင်အောင်ခြုံ၊ ဉာဏ်ကုန် (၉) ပါးဆင့်။ (အခြေပြု)
ဉာဏဒဿန၊ အဆုံးကျမှာ၊ဂေါတ္တမဂ်ဖိုလ်၊ပစ္စဆိုဇော၊ လေးပိုစော၊ ဉာဏော ဝိနှင့် ချင့်၊
ပစ္စဝေက္ခဏာဇော (၁၉)
သောတာပတ္တိမဂ္ဂဝီထိနောင် (၅)ဝီထိ
သကဒါဂါမိမဂ္ဂဝီထိနောင် (၅) ဝီထိ
အနာဂါမိမဂ္ဂဝီထိနောင် (၅) ဝီထိ
အရဟတ္တမဂ္ဂဝီထိနောင် (၄) ဝီထိ
သောတာပတ္တိမဂ္ဂဝီထိနောင် (၅) ဝီထိကား
၁၊ မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ (၁) ဝီထိ
၂၊ ဖိုလ်ကိုဆင်ခြင်သောပစ္စဝေက္ခဏာ (၁)ဝီထိ
၃၊ နိဗ္ဗာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ (၁)ဝီထိ
၄၊ ပယ်ပြီး ကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ (၁) ဝီထိ၊
၅၊ ကျန်သောကိလေသာကို ဆင်ခြင်သော ပစ္စဝေက္ခဏာ (၁) ဝီထိ၊
ထို့အတူ သကဒါဂါမ် နောင် ၅၊အနာဂါမ်နောင် (၅) ဝီထိတို့ကိုလည်းသိပါ၊ အရဟတ္တမဂ္ဂဝီထိနောင်ကား ကျန်ကိလေသာကို ဆင်ခြင်သော ဝီထိ လျှော့သဖြင့် (၄) ဝီထိသာရှိ၏။
(ဆ) ဝိမောက္ခ (၃) ပါး
သံသရာ အနောင်အဖွဲ့ မှ လွတ်သော မဂ် ဖိုလ် တရား၊
၁၊ အနိမိတ္တာ ဝိမောက္ခ - အနိစ္စရှု၍ ဃနနိမိတ်မှလွတ်မြောက်သောမဂ် ဖိုလ်၊
၂၊ အပ္ပဏိဟိတာ ဝိမောက္ခ - ဒုက္ခရှု၍ သုခတောင့်တမှုမှ လွတ်မြောက်သော မဂ်ဖိုလ်၊
၃၊ သုညတာ ဝိမောက္ခ - အနတ္တရှု၍ အတ္တကင်းစင် လွတ်မြောက်သော မဂ်ဖိုလ်၊
(ဇ) ဝိမောက္ခမုခ (၃) ပါး
လက္ခဏာရေး (၃) ပါးဖြင့် အဖန်ဖန်တလဲလဲ ရှုခြင်းသည် သံသရာမှ လွတ်မြောက် ကြောင်းဖြစ်၏၊
၁၊ အနိမိတ္တာ နုပဿနာ - ဃနနိမိတ်မရှိအောင် အနိစ္စဟု အဖန်ဖန် ရှုခြင်းသည် အနိမိတ္တ ဝိမောက္ခမုခ မည်၏၊
၂၊ အပ္ပဏိဟိတာနုပဿနာ - တောင့်တမှု ကင်းအောင် ဒုက္ခဟု အဖန်ဖန် ရှုခြင်းသည် အပ္ပဏိဟိတ ဝိမောက္ခမုခမည်၏၊
၃၊ သုညတာနုပဿနာ - အတ္တကင်းဆိပ်အောင် အနတ္တဟု အဖန်ဖန် ရှုခြင်းသည် သုညတဝိမောက္ခမုခမည်၏၊
မှတ်ချက်
ဝုဌါနဂါမိနီ ဝိပဿနာ ခေါ်သော သင်္ခါရုပေက္ခာ ဉာဏ်နှင့် အနုလောမဉာဏ် တို့၏ အနိစ္စရှုခိုက်ကြုံ၊ ဒုက္ခရှုခိုက်၊အနတ္တရှုခိုက် ကို အနုပဿနာ ဉာဏ်၊ ဝိမောက္ခမုခ ဟုဆိုလိုပါသည်။
အရိယာ ပုဂ္ဂိုလ် (၈) ယောက်
၁၊ သောတာပတ္တိမဂ္ဂဌါန်ပုဂ္ဂိုလ်သည် ဒိဌိ၊ ဝိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်၏၊ အပါယ်သို့ရောက်စေသော ကျန်ကိလေသာများကိုလည်းပယ်၏၊
၁၊ သကဒါဂါမိမဂ္ဂဌါန်ပုဂ္ဂိုလ်သည် အကြွင်းမဲ့ပယ်သော ကိလေသာမရှိ၊ သောတာပတ္တိမဂ်ပုဂ္ဂိုလ်က မပယ်ပဲ ကျန်နေသောကိလေသာတို့ကို ခေါင်းပါးအောင်သာ ပြုနိုင်၏၊
၃၊ အနာဂါမိမဂ္ဂဌါန်ပုဂ္ဂိုလ်သည် ကာမရာဂ (လောဘ) နှင့် ဗျာပါဒ (ဒေါသ) တို့ကို အကြွင်းမဲ့ပယ်၏၊ ရူပဘုံ အရူပဘုံတို့ကို နှစ်သက်သော ဘဝရာဂ ကျန်သေး၏၊
၄၊ အရဟတ္တမဂ္ဂဌါန်ပုဂ္ဂိုလ်သည် ဘဝရာဂ နှင့် ကျန်ကိလေသာအားလုံးကို အကြွင်းမဲ့ ပယ်သတ်၏၊
ကျန်နေသော ကိလေသာ တစိုးတသိမျှ မရှိတော့ပါ။
သမာပတ် ဝင်စားခြင်း
၅- ၈၊ သောတာပတ္တိဖလဌါန် စသော ဖလဌါန် ၄ ယောက်တို့သည် မိမိရပြီးသော ဖိုလ်ကို စျာန်မရသော်လည်း ဝင်စားနိုင်ကြ၏၊ ဖလသမာပတ် ဝင်စားသည်ဟုခေါ်၏၊
နိရောဓသမာပတ်ကို ဝင်စားခြင်း
သမာပတ် ၈/၉ နှင့်ပြည့်စုံသော အနာဂါမ် ရဟန္တာ ပုဂ္ဂိုလ်တို့သည်သာ နိရောဓသမာပတ်ကို ဝင်စားနိုင်သည်၊ သောတာပန်၊ သကဒါဂါမ်ပုဂ္ဂိုလ်တို့ စျာန်သမာပတ် ပြည့်စုံသော်လည်း မဝင်စားနိုင်ပါ၊ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်များလည်း စျာန်သမာပတ် မပြည့်စုံပါ မဝင်စားနိုင်ပါ၊
နိရောဓသမာပတ် ဝင်စားရာ၌ ရှေ့ဦးပြုရမည့် အဓိဌါန်ချက် (၄) ချက်၊
၁၊ (၇) ရက်အတွင်း မိမိအသက်ရှိသည်ကို ဆင်ခြင်ခြင်း၊
၂၊ ဘုရားက မိမိကို အလိုရှိလျှင် ရုတ်တရက် နိရောဓသမာပတ်မှ ထနိုင်အောင် အဓိဌါန်ခြင်း၊
၃၊ သံဃာက မိမိကို အလိုရှိလျှင် နိရောဓ သမာပတ်မှ ရုတ်တရက် ထနိုင်အောင် အဓိဌါန်ခြင်း
၄၊ မိမိနှင့်မထိစပ်ပဲ သီးခြားရှိနေသော ပရိက္ခရာတို့ကို မီးစသော ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်အောင် အဓိဌါန်ခြင်း၊
ဤသို့ အဓိဌါန်ပြီးမှ စိတ် စေတသိက် စိတ္တဇရုပ်တို့ချုပ်ပြီး ကမ္မဇ၊ဥတုဇ၊ အာဟာရဇရုပ်တို့နှင့်သာ အသက်ရှင် နေနိုင်သော သမာပတ် ဝင်စားခြင်းကို နိရောဓ သမာပတ် ဝင်စားသည် ဟုဆို၏၊
အဓိဌါန်စေ့၍ စိတ် စေတသိက် စိတ္တဇရုပ်တို့ ပြန်ဖြစ်လာခြင်းကို နိရောဓသမာပတ်မှ ထသည်ဟု ဆိုသည်။
လေ့ကျင့်ခန်းပုစ္ဆာများ
၁၊ ဝိပဿနာ ဘာဝနာအဓိပ္ပါယ်ကို ရှင်းပြပါ၊
၂၊ဝိပဿနာ ဘာဝနာ လက္ခဏာ ကို ရှင်းလင်းဖြေဆိုပါ၊
၃၊ (က) ဒိဌိဝိသုဒ္ဓိ (ခ) နာမရူပပရိစ္ဆေဒ ဉာဏ်တို့ကို ရှင်းပြပါ၊
၄၊ သမ္မသန ဉာဏ် နှင့် ဥဒယဗ္ဗယ ဉာဏ် အဓိပ္ပါယ်တို့ကို ရေးပြပါ၊
၅၊ အပ္ပဏိဟိတ ဝိမောက္ခ နှင့် အပ္ပဏိဟိတ
ဝိမောက္ခမုခ အဓိပ္ပါယ် တူညီပါသလော၊ဖြေဆိုပါ။
၆၊ နိရောဓ သမာပတ် ဝင်စားနိုင်သော ပုဂ္ဂိုလ်တို့ကို ပြည့်စုံရမည့် အရည်အချင်းများနှင့် တကွ ဖြေဆိုပါ၊
၇၊ နိရောဓ သမာပတ်ဝင်စားခြင်းဟူသည် အဘယ်နည်း၊ ဖြေဆိုပါ။