အဓိကအကြောင်းအရာသို့ ကျော်ရန်
အဘိဓမ္မဓရ အကြိုစာမေးပွဲ

အဘိဓမ္မဓရ အကြိုစာမေးပွဲ သင်ရိုးညွှန်းတမ်း

အဘိဓမ္မဓရ အကြိုစာမေးပွဲ — အဆင့် (၂)

ပကိဏ်းပိုင်း၊ ဝီထိပိုင်း၊ ဝီထိမုတ်ပိုင်း

သင်ရိုးကဏ္ဍ

ပကိဏ်းပိုင်း

နာမတေပညာသ

စိတ်သည် အာရမ္မဏဝိဇာနန - အာရုံကိုသိခြင်းလက္ခဏာ အားဖြင့် ၁ ပါး၊လက္ခဏာ ကိုယ်စီ ရှိကြသော စေတသိက် ၅၂၊ အားဖြင့် ၅၃၊ပါးကို နာမတေပညာသ ဟုဆိုသည်၊

ထိုနာမတေပညာသ ဖြစ်သော စိတ် စေတသိက် တို့ကို ဝေဒနာသင်္ဂဟ စသော သင်္ဂဟ (၆) မျိုးဖြင့် ဝေဖန်ရောပြွမ်းပြသော အပိုင်းသည် ပကိဏ်းပိုင်းဖြစ်သည်၊

ထိုပကိဏ်းပိုင်း၌ ပြသော သင်္ဂဟ (၆) မျိုး

၁၊ ဝေဒနာသင်္ဂဟ

၂၊ ဟေတုသင်္ဂဟ

၃၊ကိစ္စသင်္ဂဟ

၄၊ဒွါရသင်္ဂဟ

၅၊အာရမ္မဏ သင်္ဂဟ

၆၊ ဝတ္ထု သင်္ဂဟ

၁၊ ဝေဒနာသင်္ဂဟ

ဝေဒနာ အားဖြင့် စိတ် စေတသိက်တို့ကို ဝေဖန်ပိုင်းခြားပြရာ အခန်းသည် ဝေဒနာသင်္ဂဟမည်၏၊ ထိုဝေဒနာသည်

(က) ဣန္ဒြိယဘေဒနည်း- ဣန္ဒြေအပြားအားဖြင့် (၅) ပါး

(ခ) အာရမ္မဏာနုဘဝနနည်း-အာရုံခံစားခြင်းအပြားအားဖြင့် (၃) ပါး၊

(က) ဣန္ဒြိဘေဒနည်း

၁၊ သုခိန္ဒြေ - ကိုယ်ချမ်းသာမှု၊ သုခသဟဂုတ် ကာယဝိညာဉ်၌ ရှိသော ဝေဒနာ

၂၊ ဒုက္ခိန္ဒြေ - ကိုယ်ဆင်းရဲမှု၊ ဒုက္ခသဟဂုတ်ကာယ ဝိညာဉ် ၌ ရှိသော ဝေဒနာ

၃၊ သောမနဿိန္ဒြေ - စိတ်ချမ်းသာမှု၊ သောမနဿ သဟဂုတ်စိတ် (၆၂) ပါး ၌ ရှိသော ဝေဒနာ

၄၊ ဒေါမနဿိန္ဒြေ၊ စိတ်ဆင်းရဲမှု၊ ဒေါသမူဒွေး၌ ရှိသော ဝေဒနာ

၅၊ ဥပေက္ခိန္ဒြေ - ဥပေက္ခာသဟဂုတ်စိတ် ၅၅ ပါး၌ ရှိသော ဝေဒနာ

၁၊သုခဝေဒနာနှင့် ယှဉ်နိုင်သောစိတ် ၁၊ ပါး

သုခသဟဂုတ် ကာယဝိညာဉ်စိတ် ၁ ပါးဖြစ်ပါသည်၊

၂၊ ဒုက္ခဝေဒနာ နည်းတူဆိုပါ၊

၃၊ သောမနဿဝေဒနာ နှင့် ယှဉ်သောစိတ် (၆၂) ပါး

အကုသိုလ် သောမနဿ ၄ ပါး၊

အဟိတ်သောမနဿ။ ၂ ပါး

ကာမသောဘနသောမနဿ ၁၂ ပါး

မဟဂ္ဂုတ်သောမနဿ ၁၂ ပါး

လောကုတ္တရာသောမနဿ။ ၃၂ ပါးအားဖြင့် ၆၂ ပါး။

၄၊ ဒေါမနဿဝေဒနာ နှင့် ယှဉ်နိုင်သောစိတ် (၂)

ဒေါသမူဒွေးဖြစ်ပါသည်၊

၅၊ ဥပေက္ခာဝေဒနာ နှင့် ယှဉ်သောစိတ် ၅၅ ပါး

အကုသိုလ် ဥပေက္ခာ။ ၆ ပါး

အဟိတ် ဥပေက္ခာ။ ၁၄ ပါး

ကာမသောဘနဥပေက္ခာ။ ၁၂ ပါး

မဟဂ္ဂုတ် ဥပေက္ခာ။ ၁၅ ပါး

လောကုတ္တရာ ဥပေက္ခာ။ ၈ ပါးအားဖြင့် (၅၅) ပါး

(ခ) အာရမ္မဏာနုဘဝန နည်းအားဖြင့် (၃) ပါး

၁၊ သုခဝေဒနာ - ယှဉ်နိုင်သောစိတ် (၆၃) ပါး

(၁ နှင့် ၃ ပေါင်းဆို၊

၂၊ ဒုက္ခဝေဒနာ- ယှဉ်နိုင်သောစိတ် (၃) ပါး

( ၂ နှင့် ၄ ပေါင်းဆို)

၃၊ အဒုက္ခမသုခဝေဒနာ- ယှဉ်နိုင်သောစိတ် ၅၅ ပါး

( ၅ ကိုဆို အတူတူပဲ)

(၂) ဟေတုသင်္ဂဟ

ဟိတ်အားဖြင့် စိတ်စေတသိက်တို့ကို ဝေဖန်ပိုင်းခြားပြရာ အခန်းသည် ဟေတုသင်္ဂဟ မည်၏၊

ဟိတ် (၆) ပါး

လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ အားဖြင့် (၆) ပါး၊

၁၊ ဟိတ် တစ်ပါးနှင့်မျှ မယှဉ်သောစိတ် (၁၈) ပါး

အဟိတ်စိတ် (၁၈) ပါး၊

၂၊ ဟိတ် တစ်ပါးနှင့် ယှဉ်သောစိတ် (၂) ပါး

မောဟမူဒွေး၊(ဧကဟိတ်စိတ်)(မောဟဟိတ်)

၃၊ ဟိတ် နှစ်ပါးနှင့် ယှဉ်သောစိတ် (၂၂) ပါး

လောဘမူစိတ် ၈ ပါး၊ ဒေါသမူစိတ် ၂ ပါး၊ ကာမသောဘန ဉာဏဝိပ္ပယုတ်စိတ် (၁၂) ပါး အားဖြင့် (၂၂) ပါး။( ဒွိဟိတ်စိတ်)

သက်ဆိုင်ရာ ဟိတ်များနှင့် တွဲစပ်ပုံ

လောဘမူစိတ် ၈ ခုမှာ လောဘစိတ်၊ မောဟဟိတ်၊

ဒေါသမူစိတ် ၂ ခုမှာ ဒေါသဟိတ်၊ မောဟဟိတ်၊

ကာမသောဘန ဉာဏဝိပ္ပယုတ်မှာ အလောဘဟိတ်၊ အဒေါသဟိတ် တို့အသီးအသီး ယှဉ်ကြပါသည်။

၄၊ ဟိတ် သုံးပါးနှင့် ယှဉ်သော စိတ် (၄၇) ပါး

ကာမသောဘန ဉာဏသမ္ပယုတ်စိတ် (၁၂) ပါး၊

မဟဂ္ဂုတ် လောကုတ္တရာစိတ် (၃၅) ပါး အားဖြင့် (၄၇) ပါး ( တိဟိတ်စိတ်)

အကုသိုလ်ဟိတ် ၃ ပါး၊ လော ၊ဒေါ၊ မော၊

ကုသိုလ်ဟိတ် (၃) ပါး၊ အလော၊ အဒေါ၊ အမော၊

အဗျာကတဟိတ် (၃) ပါး။ ။ ။

လေ့ကျင့်ခန်း ပုစ္ဆာများ

၁၊ ဣန္ဒြိဘေဒနည်း အားဖြင့် ဝေဒနာအပြားကိုဖြေပါ၊

၂၊ နာမတေပညာသကို ရေတွက်ပြပါ၊

၃၊ စိတ်ချမ်းသာမှု သောမနဿ ဝေဒနာနှင့်သောစိတ်ကို ရေတွက်ပြပါ၊

၄၊ ဟိတ် (၆) ပါးတို့တွင် အကုသိုလ်ဟိတ် နှင့် ကုသိုလ်ဟိတ်တို့ကို ခွဲခြားပြပါ၊

၅၊ ဒွိဟိတ်စိတ်တို့ကို သက်ဆိုင်ရာ ဟိတ်တို့နှင့် တွဲစပ်ပြပါ၊

ကိစ္စသင်္ဂဟ

ကိစ္စအားဖြင့် စိတ်စေတသိက်တို့ကို ဝေဖန်ပိုင်းခြားပြရာအခန်းသည် ကိစ္စသင်္ဂဟ မည်၏၊

ကိစ္စ ဟူသည် စိတ်တို့၏ လုပ်ငန်းဆောင်တာ ဖြစ်သည်၊ ထိုကိစ္စတို့သည် (၁၄) ပါး

၁၊ ပဋိသန္ဓေကိစ္စ - ဘဝနှစ်ခုဆက်စပ်ပေးအလုပ်

၂၊ ဘဝင်ကိစ္စ - နာမ်ခန္ဓာ အစဉ်မပျက်အောင် စိတ်အစဉ်ဖြည့်ဆည်းပေးခြင်း အလုပ်၊

၃၊ အာဝဇ္ဇန်းကိစ္စ - ဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်ပေးခြင်းအလုပ်

၄၊ ဒဿနကိစ္စ - အဆင်းကို မြင်ခြင်းအလုပ်၊

၅၊ သဝနကိစ္စ - အသံကို ကြားခြင်းအလုပ်၊

၆၊ ဃာယနကိစ္စ - အနံ့ကို နံခြင်းအလုပ်၊

၇၊ သာယနကိစ္စ - အရသာကို စားခြင်းအလုပ်၊

၈၊ ဖုသနကိစ္စ - အတွေ့ကို ထိခြင်းအလုပ်၊

၉၊ သမ္ပဋိစ္ဆိုင်းကိစ္စ - ပဉ္စဒွါရ၌ အာရုံကို လက်ခံခြင်းအလုပ်

၁၀၊ သန္တီရဏကိစ္စ - ပဉ္စဒွါရ၌ အာရုံကိုစုံစမ်းခြင်းအလုပ်

၁၁၊ ဝုဌေါကိစ္စ - ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်ခြင်းအလုပ်၊

၁၂၊ ဇောကိစ္စ - ဆုံးဖြတ်ချက်အတိုင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်းအလုပ်၊

၁၃၊ တဒါရုံကိစ္စ - ဇောဆောင်ရွက်ပြီးသည်ကိုမှတ်တမ်းတင်သည့်အလုပ်၊

၁၄၊ ဘဝ၏နောက်ဆုံး ရွေ့ရှားခြင်းအလုပ်၊

ဌါန ဟူသည် စိတ်တို့အလုပ်လုပ်ရာ နေရာ အလုပ်ရုံဖြစ်သည်၊ ထိုအလုပ်ရုံ ဌါန (၁၀) ပါး

၁၊ ပဋိသန္ဓေ ဌါန၊

၂၊ဘဝင်ဌါန၊

၃၊အာဝဇ္ဇန်းဌါန၊

၄၊ ပဉ္စဝိညာဉ်ဌါန၊

၅၊ သမ္ပဋိစ္ဆိုင်းဌါန၊

၆၊ သန္တီရဏဌါန၊

၇၊ ဝုဌေါဌါန၊

၈၊ ဇောဌါန၊

၉၊တဒါရုံဌါန၊

၁၀၊ စုတိဌါန၊

စိတ်တို့နှင့် လုပ်ငန်းများတွဲစပ်ပုံ

(က) ပဋိသန္ဓေ၊ ဘဝင်၊ စုတိ ကိစ္စတပ်သော (ဝါ) လုပ်ကိုင်ဆောင်ရွက်သော စိတ် (၁၉) ပါး

ဥပေက္ခာ သန္တီရဏ (၂) ပါး၊

မဟာဝိပါက်စိတ် (၈) ပါး၊

မဟဂ္ဂုတ် ဝိပါက်စိတ် (၉) ပါး အားဖြင့် (၁၉) ပါး၊

(ခ) အာဝဇ္ဇန်းကိစ္စတပ်သောစိတ် (၂) ပါး

အာဝဇ္ဇန်းဒွေး ဖြစ်ပါသည်၊

(ဂ) ဒဿနကိစ္စတပ်သောစိတ် (၂) ပါး

စက္ခုဝိညာဉ်ဒွေး ဖြစ်ပါသည်၊

(ဃ) သဝနကိစ္စ တပ်သောစိတ် (၂) ပါး

သောတဝိညာဉ်ဒွေး ဖြစ်ပါသည်၊

(င) ဃာယနကိစ္စတပ်သောစိတ် (၂) ပါး

ဃာနဝိညာဉ်ဒွေး ဖြစ်ပါသည်၊

(စ) သာယနကိစ္စတပ်သော စိတ် (၂) ပါး

ဇိဝှါဝိညာဉ်ဒွေး ဖြစ်ပါသည်၊

(ဆ) ဖုသနကိစ္စ တပ်သောစိတ် (၂) ပါး

ကာယဝိညာဉ်ဒွေး ဖြစ်ပါသည်၊

(ဇ) သမ္ပဋိစ္ဆိုင်းကိစ္စတပ်သောစိတ် (၂) ပါး

သမ္ပဋိစ္ဆိုင်းဒွေး ဖြစ်ပါသည်၊

(စျ)သန္တီရဏကိစ္စတပ်သော စိတ်

သန္တီရဏစိတ် (၃) ပါးဖြစ်ပါသည်၊

(ည) ဝုဌေါကိစ္စတပ်သောစိတ် (၁) ပါး

မနောဒွါရာဝဇ္ဇန်း ဖြစ်ပါသည်၊

(ဋ) ဇောကိစ္စတပ်သောစိတ် (၅၅) ပါး

ကာမဇော ၂၉ ပါး၊ အပ္ပနာဇော ၂၆ ပါးအားဖြင့် ၅၅ ပါး၊

ကာမဇော (၂၉) ပါး

အကုသိုလ် ဇော ၁၂၊

မဟာကုသိုလ်ဇော ၈၊

မဟာကြိယာဇော။ ၈၊

ဟသိတုပ္ပါဒ်။ ၁၊ အားဖြင့် ၂၉) ပါး

အပ္ပနာဇော/စျာန်ဇော (၂၆) ပါး

ရူပါဝစရ ကု၊ ကြိယာစိတ် ၁၀ ပါး

အရူပါဝစရ ကု၊ ကြိယာစိတ် ၈ ပါး

လောကုတ္တရာစိတ်။ ၈ ပါးအားဖြင့် (၂၆) ပါး။

(က) ၁ ကိစ္စ၊ ၁ ဌါန တပ်သောစိတ် (၆၈) ပါး

ဒွေပဉ္စဝိညာဉ် ၁၀၊

မနောဓာတ် ၃၊

ဇော။ ၅၅၊ အားဖြင့် (၆၈) ပါး

(ခ) ၂ ကိစ္စ၊ ၂ ဌါန တပ်သော စိတ် (၂) ပါး

၁၊ မနောဒွါရာဝဇ္ဇန်း ( အာဝဇ္ဇန်း နှင့် ဝုဌေါကိစ္စ)

၂၊ သောမနဿ သန္တီရဏ( သန္တီရဏ နှင့်တဒါရုံ)

(ဂ) ၃ ကိစ္စ၊ ၃ ဌါန တပ်သော စိတ် (၉) ပါး

မဟဂ္ဂုတ်ဝိပါက် (၉) ပါး ( ဋိ၊ ဘ၊ စု)

(ဃ) ၄ ကိစ္စ၊ ၄ ဌါန တပ်သော စိတ် (၈) ပါး

မဟာဝိပါက်စိတ် (၈)ပါး၊ ( ဋိ၊ ဘ၊ စု ၊ ရုံ)

(င) ၅ ကိစ္စ၊ ၅ ဌါန တပ်သော စိတ် (၂) ပါး

ဥပေက္ခာ သန္တီရဏ ဒွေး၊ ( ဋိ၊ ဘ၊ စု ၊ ဏီ၊ ရုံ )

ဒွါရသင်္ဂဟ

ဒွါရ အားဖြင့် စိတ် စေတသိက်တို့ကို ဝေဖန်ပိုင်းခြား ပြရာ အခန်းသည် ဒွါရ သင်္ဂဟ မည်၏၊

ဒွါရ ဟူသည် လူတို့ ဝင် ထွက်ရာကို တံခါးဟုခေါ်သကဲ့သို့ စိတ်စေတသိက်တို့၏ ဖြစ်ပေါ်ရာ ဝင်ရာ ထွက်ရာကိုလည်း ဒွါရ တံခါး ဟုခေါ်သည်၊ ထို ဒွါရ တံခါးသည် (၆) ပါးရှိသည်၊

၁၊ စက္ခုဒွါရ - မျက်စိတံခါး- စက္ခုပသာဒ

၂၊ သောတဒွါရ - နားတံခါး- သောတပသာဒ

၃၊ ဃာနဒွါရ - နှာခေါင်းတံခါး- ဃာနပသာဒ

၄၊ ဇိဝှါဒွါရ - လျှာတံခါး- ဇိဝှါပသာဒ

၅၊ ကာယဒွါရ - ကိုယ်တံခါး- ကာယပသာဒ

၆၊ မနောဒွါရ - စိတ်တံခါး- ဘဝင်္ဂုပစ္ဆေဒ (၁၉) ခု

( ရုပ် ဒွါရ ၅ ခု၊ နာမ် ဒွါရ ၁၊ ခု)

စက္ခုဒွါရ၌ ဖြစ်သောစိတ် (၄၆) ပါး

ပဉ္စဒွါရာဝဇ္ဇန်း ၁၊

စက္ခုဝိညာဉ်။ ၂၊

သမ္ပဋိစ္ဆိုင်း။ ၂၊

သန္တီရဏ။ ၃၊

ဝုဌေါ။ ၁၊

ကာမဇော။ ၂၉၊

တဒါရုံ( မဟာဝိပါက်)။ ၈၊ အားဖြင့် (၄၆) ပါး

မှတ်ချက်

သောတဒွါရ ၌ (၄၆)

ဃာနဒွါရ ၌ (၄၆)

ဇိဝှါဒွါရ၌။ (၄၆)

ကာယဒွါရ ၌။ (၄၆) ပါးတို့လည်း

နည်းတူဆိုပါ၊ စက္ခုဝိညာဉ် နေရာကို သောတဝိညာဉ် ၂၊ ဃာနဝိညာဉ် ၂ စသဖြင့် အစားထိုးဆိုရုံသာ၊ တဒါရုံ ၁၁ ပါးလုံးရ၏၊ စိတ်ရေတွက်ရာ၌ ရှေ့မှာ သန္တီရဏ ၃ ခု ယူပြီးဖြစ်သောကြောင့် မဟာဝိ (၈) ပါးကိုသာ ယူ၍ ရေတွက်သည်။

မနောဒွါရ၌ ဖြစ်နိုင်သောစိတ် (၆၇) ပါး

မနောဒွါရာဝဇ္ဇန်း ၁၊

ကာမဇော။ ၂၉၊

အပ္ပနာဇော။ ၂၆၊

တဒါရုံ။ ၁၁၊ ပါး အားဖြင့် (၆၇) ပါး၊

ဒွါရဝိမုတ်စိတ် (၁၉) ပါး

ပဋိသန္ဓေ၊ ဘဝင်၊ စုတိကိစ္စတပ်သော (၁၉) ပါးတို့သည်

အတိတ်ကံ အဟုန်ကြောင့် စိတ္တနိယာမအတိုင်း ဖြစ်ကြသဖြင့် မည်သည့်ဒွါရ၌ မျှဖြစ်စရာမလိုပဲ ဖြစ်ကြသောကြောင့် ဒွါရဝိမုတ်စိတ်များ ဖြစ်ကြသည်၊

၁၊ ဒွါရ ၌ ဖြစ်သောစိတ် ၃၆ ပါး

ဒွေပဉ္စဝိညာဉ် ၁၀၊ အပ္ပနာဇော ၂၆ ပါးအားဖြင့် ၃၆ ပါး

( စက္ခုဝိညာဉ်ဒွေသည် စက္ခုဒွါရ၌သာ စသည်ဖြစ်၍၊ အပ္ပနာဇော (၂၆) ပါးသည် မနောဒွါရ ၌ သာ ဖြစ်၏)

၅၊ ဒွါရ၌ အမြဲဖြစ်သောစိတ် ၃ ပါး

မနောဓာတ် (၃) ပါး ဖြစ်ပါသည်၊

၆ ၊ ဒွါရ ၌ အမြဲဖြစ်သောစိတ် (၃၁) ပါး

သောမနဿ သန္တီရဏ ၁၊

မနောဒွါရာဝဇ္ဇန်း။ ၁၊

ကာမဇော။ ၂၉၊ အားဖြင့် (၃၁) ပါး

ရံခါ ၆ ဒွါရ ၌ ဖြစ်၍ ရံခါ ၆ ဒွါရမှ လွတ်သောစိတ် (၁၀) ပါး

မဟာဝိပါက်စိတ် ၈ ပါး၊ ဥပေက္ခာသန္တီရဏ ဒွေ၊

( ဤ ၁၀ ပါးသည် တဒါရုံကိစ္စတပ်ခိုက် ၆ ဒွါရ၌ ဖြစ်၍၊ ဋိ၊ ဘ၊ စုတိကိစ္စတပ်ခိုက် ၆ ဒွါမှ လွတ်သည် )

အမြဲတန်း ၆ ဒွါရမှ လွတ်သောစိတ် (၉) ပါး

မဟဂ္ဂုတ် ဝိပါက်စိတ် (၉) ပါးဖြစ်ပါသည်၊

လေ့ကျင့်ခန်း ပုစ္ဆာများ

၁၊ စိတ် စေတသိက်တို့၏ လုပ်ငန်း ကိစ္စတို့ကို အဓိပ္ပါယ် နှင့် တကွ ဖြေဆိုပါ၊

၂၊ ဇောကိစ္စ အလုပ်ကို လုပ်ကိုင်သောစိတ်တို့ကို ရေတွက်ပြပါ၊

၃၊ အလုပ်ကိစ္စ ၅ ခုအထိ လုပ်နိုင်သောစိတ်တို့ကို အလုပ်နာမည်နှင့် တကွ ဖြေပါ၊

၄၊ မနောဒွါရ စိတ်တံခါးမှာ ဖြစ်သောစိတ်တို့ကို ရေတွက်ပြပါ၊

၅၊ မနောဒွါရ ၏ တရားကိုယ်ကို ဖြေဆိုပါ၊

၆၊ ဖော်ပြပါစိတ်တို့ကို ဖြေဆိုပါ၊

(က) အမြဲတန်း ၆ ဒွါရ၌ ဖြစ်သောစိတ်၊

(ခ) ရံခါ ၆ ဒွါရ၌ ဖြစ်သောစိတ်၊

(ဂ) အမြဲတန်း ၆ ဒွါရမှ လွတ်သောစိတ်၊

အာရမ္မဏ သင်္ဂဟ

အာရုံအားဖြင့် စိတ်စေတသိက်တို့ကို ဝေဖန်ပိုင်းခြားပြရာ အခန်းသည် အာရမ္မဏ သင်္ဂဟမည်၏၊

အာရုံဟူသည် စိတ်စေတသိက်တို့၏ စွဲကိုင်ရာ ညွတ်ကိုင်းရာ ဖြစ်သည်၊

အာရမ္မဏ - ဥယျာဉ် ပန်းခြံ ရေတံခွန်တို့သည် လူတို့၏ အပန်းဖြေရာ မွေ့လျော်ရာဖြစ်သကဲ့သို့ ရူပ သဒ္ဒ စသော အာရုံတို့သည်လည်း စိတ်စေတသိက်တို့၏ မွေ့လျော်ရာ အာရုံများဖြစ်သောကြောင့် အာရမ္မဏ အာရုံ ဟုခေါ်ပါသည်၊

အာလမ္ဗဏ - တောင်ဝှေး ကြိုးတန်းသည် သက်ကြီးရွယ်အို မသန်စွမ်းသူတို့၏ ဆွဲကိုင်ရာ မှီခိုရာ ဖြစ်သကဲ့သို့ ရူပ သဒ္ဒစသော အာရုံတို့သည်လည်း စိတ်စေတသိက်တို့၏ ဆွဲကိုင်ရာဖြစ်သောကြောင့် အာလမ္ဗဏ အာရုံဟု ခေါ်ပါသည်၊

ထိုအာရုံသည် (၆) ပါး

၁၊ရူပါရုံ အဆင်း

၂၊ သဒ္ဒါရုံ - အသံ

၃၊ ဂန္ဓာရုံ - အနံံ့

၄၊ ရသာရုံ - အရသာ

၅၊ ဖောဌဗ္ဗာရုံ - အတွေ့

၆၊ ဓမ္မာရုံ - သဘောတရား

ဓမ္မာရုံ (၆) မျိုး

၁၊ စိတ် ဓမ္မာရုံ ၁၊

၂၊ စေတသိက်ဓမ္မာရုံ ၅၂

၃၊ ပသာဒ ဓမ္မာရုံ။ ၅

၄၊သုခုမရုပ် ဓမ္မာရုံ။ ၁၆

၅၊နိဗ္ဗာန် ဓမ္မာရုံ။ ၁၊

၆၊ ပညတ် ဓမ္မာရုံ။ ၁၊ အားဖြင့် (၇၆) ပါး၊

ထို ၆ မျိုးတို့တွင် နိဗ္ဗာန် နှင့် ပညတ်သည် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဟူသော ကာလသုံးပါးမှ လွတ်သောကြောင့် ကာလဝိမုတ် ဖြစ်ပါသည်၊

ဒွါရဝိမုတ် စိတ်တို့၏ အာရုံ

ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်သော စိတ် (၁၉) ပါးတို့သည် များသောအားဖြင့် အခြားမဲ့ အတိတ်ဘဝမှ မရဏာသန္နဇော၏ အာရုံဖြစ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် တို့တွင် တစ်ခုခုကို အာရုံပြုကြ၏၊

ကံဟူသည် ပြုစဉ်ကဖြစ်သော စေတနာအဟုန်အာရုံ

ကမ္မနိမိတ်ဟူသည် ကံပြုခဲ့စဉ်က ဖြစ်ပေါ်သော အခြင်းအရာ အရိပ်နိမိတ် အာရုံ

ဂတိနိမိတ် ဟူသည် ဆိုက်ရောက်ရမည့် ဘဝသစ်

ပုံသဏ္ဌာန် အရိပ်နိမိတ် အာရုံ တို့တည်း၊

ထိုအာရုံတို့သည် တချို့ ပစ္စုပ္ပန် တချို့ အတိတ် တချို့ ကာလဝိမုတ် ဖြစ်သော အာရုံ (၆) ပါး တို့ဖြစ်သည်၊

၁၊ ကာမကိုသာ အာရုံပြုသောစိတ် (၂၅) ပါး

(က)ပစ္စုပ္ပန်ကာမအာရုံ တစ်ပါးစီကိုသာ အာရုံပြုသောစိတ် ၁၀၊ ပါး၊

ဒွေပဉ္စဝိညာဉ် (၁၀) ဖြစ်ပါသည်၊

တစ်ပါးစီ အာရုံပြုပုံ

စက္ခုဝိညာဉ်ဒွေသည် ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၏

သောတဝိညာဉ်ဒွေသည် ပစ္စုပ္ပန် သဒ္ဒါရုံကိုအာရုံပြု၏

ဃာနဝိညာဉ်ဒွေသည် ပစ္စုပ္ပန် ဂန္ဓာရုံကို အာရုံပြု၏

ကာယဝိညာဉ်ဒွေသည် ပစ္စုပ္ပန် ဖောဌဗ္ဗာရုံကိုအာရုံပြု၏

(ခ) ပစ္စုပ္ပန် ကာမပဉ္စာရုံကို အာရုံပြုသောစိတ် ၃ ၊ ပါး

မနောဓာတ် (၃) ပါး၊

(ဂ) ကာလ ၃ ပါးဖြစ်သော ကာမအာရုံ (၆) ပါးကို အာရုံပြုသော စိတ် (၁၂) ပါး

တဒါရုံ ၁၁ ပါ၊ ဟသိတုပ္ပါဒ် ၁၊ ဤ ၁၂ ပါးသော စိတ်တို့သည် ကာလ ၃ ပါး၌ ဖြစ်သော ကာမစိတ် ၅၄၊စေတသိက် ၅၂၊ ရုပ် ၂၈၊ ပါးဟူသော ကာမအာရုံ ၆၊ ပါးကို အာရုံ ပြုပါသည်၊

ပေါင်း ကာမကို ဧကန် အာရုံပြုသောစိတ် (၂၅) ပါး။

၁၊ ပညတ်ကို ဧကန်အာရုံပြုသော စိတ် (၂၁) ပါး

အဘိညာဉ်ဒွေ ကြဉ်သော ရူပစိတ် (၁၅) ပါး၊ အာကာသာနဉ္စာယတနစိတ် ၃ ပါး၊ အာကိဉ္စညာယတနစိတ် ၃ ပါး အားဖြင့် (၂၁) ပါး

၃၊ မဟဂ္ဂုတ်ကို ဧကန် အာရုံပြုသောစိတ် (၆) ပါး

ဝိညာဏဉ္စာယတနစိတ် ၃ ပါ၊ နေဝသညာ နာသညာယတနစိတ် ၃ ပါး အားဖြင့် (၆) ပါး၊

၄၊ နိဗ္ဗာန်ကို ဧကန်အာရုံ ပြုသော စိတ် (၈) ပါး၊

လောကုတ္တရာစိတ် (၈) ပါး၊

ဧကန်အာရုံပြုလင်္ကာ

ပဉ္စဝီကာမ၊ ဆ မဟဂ္ဂါ၊ ရှစ်ဖြာနိဗ္ဗာန်၊ နာမ် တစ်ဆယ့်လေး၊ တေရသ ရုပ်၊ ပစ္စုပ် ထို့တူ၊ တိတ်မူ ဆမှတ်၊ နာဂတ်မရှိ၊ ဝိမုတ် နှစ်ဆယ့်ကိုး၊ ရှေးရိုးကျမ်းညီ၊ ဧကဝီ ပညတ်၊ ပရမတ္ထ နဝတိံသ၊ ဆဓာ အဇ္ဈတ်၊ ဗာဟျတ် ဆဗ္ဗီ၊ နှစ်စီ ပဉ္စ၊ ဓမ္မ သုံးဆယ့်ငါး၊ တစ်ပါး ဌဝီ၊ ဒွေနှစ်လီတည်း၊ ငါးလီမှာ သုံး၊ ဆယ့်နှစ်သုံးပင်၊ သီကုံးချိုအေး၊ ဆယ့်လေးကိုးလီ၊ ပဉ္စဝီသုံးတန်၊ ဧကန်ရှေးရှု၊ အာရုံပြုသည်၊ သောတု နောင်လာ မခဲတည်း၊

အနေကန် အာရုံပြုလင်္ကာ

မခဲစေရန်၊ အနေကန်ကို၊ အကျဉ်းဆိုအံ့၊ ပိုယိုကင်းပ၊ ကာမ မဟဂ္ဂုတ်၊ ဝိမုတ် ပညတ်၊ ပရမတ်ဟု၊ ငါးရပ်တူလစ်၊ သုံးဆယ့်တစ်စီ၊ ပစ္စုပ်တီတ၊ နာဂတနှင့်၊ ဓမ္မ ရုပ် နာမ်၊ ခြောက်တန်ပေါင်းရုံး၊ လေးဆယ့်သုံးစီ၊ သုံးလီ အဇ္ဈတ်၊ စွဲလတ်မှီရောက်၊ ငါးဆယ့်ခြောက်မှန်၊နိဗ္ဗာန် ဧက်ဒဿ၊ ပဉ္စ၌ဝယ်၊ လေးဆယ်နှင့်ခြောက်၊ ရွေးကောက်စေမှု၊ ဥဒါန်းပြုသည်၊ စေငု ဖန်လာထပ်လဲတည်း။ ( အခြေပြု)

၁၊ ကာမကို ဧကန်အာရုံပြုစိတ် ၂၅၊

( ဒွေပဉ္စဝိညာဏ် ၁၀၊ မနောဓာတ်၃ ခု၊ဟသိတုပ္ပါဒ်၊ တဒါရုံ ၁၁၊-၂၅)

အနေကန် အာရုံပြု ၃၁၊

( လောကီအာရုံပြု - ၂၀၊ အရဟတ္တမဂ် ဖိုလ်ကြဉ် အလုံးစုံ အာရုံပြု ၅၊ အလုံးစုံ အာရုံပြု ၆၊ ပေါင်း ၃၁)

၂၊မဟဂ္ဂုတ်ကို ဧကန်အာရုံပြု ၆၊

( ဝိညာ ၃၊ နေဝ ၃)

အနေကန်အာရုံပြု။ ၃၁၊

၃၊ နိဗ္ဗာန်ကို ဧကန် အာရုံပြုစိတ် ၈၊လောကုတ်(၈)၊

အနေကန်အာရုံပြုသောစိတ် (၁၁) ပါး

( အရဟတ္တမဂ် ဖိုလ်ကြဉ်သော အလုံစုံအာရုံပြုသောစိတ် ၅၊ အလုံးစုံကို အာရုံပြုသောစိတ် ၆၊ အားဖြင့် ၁၁၊ပါး)

၄၊ နာမ်တရားကို ဧကန်အာရုံပြု ၁၄၊

( လောကုတ် ၈၊ ဝိညာ ၃၊ နေဝ ၃၊-၁၄)

အနေကန်အာရုံပြု ၄၃၊

( အထက်ပါ ၃၁ မှာ တဒါရုံ ၁၁၊ ဟသိတုပ္ပါဒ် ၁၊

အားဖြင့် ၄၃)

၅၊ ရုပ်တရားကို ဧကန်အာရုံပြု ၁၃၊

( ဒွေပဉ္စ ၁၀၊ မနောဓာတ်၃)

အနေကန် အာရုံပြု။ ၄၃၊

၆၊ပစ္စုပ္ပန်ကို ဧကန်အာရုံပြု။ ၁၃၊

အနေကန်အာရုံပြု။ ၄၃၊

၇၊အတိတ်ကို ဧကန်အာရုံပြု။ ၆၊

အနေကန်အာရုံပြု။ ၄၃၊

၈၊ပညတ်ကို ဧကန်အာရုံပြု။ ၂၁၊

( အဘိညာဉ်ဒွေမှတပါး ရူပစိတ် ၁၅၊

အာကာ ၃၊ အာကိံ ၃ )

အနေကန်အာရုံပြု။ ၃၁၊

၉၊ ပရမတ်ကို ဧကန်အာရုံပြု ၃၉၊

( ကာမ ဧကန် ၂၅၊ နာမ် ဧကန် ၁၄–၃၉)

အနေကန် အာရုံပြု ၃၁၊

၁၀၊အဇ္ဈတ္တတရားကို ဧကန်အာရုံပြု ၆၊

( ဝိညာ ၃၊ နေဝ ၃)

အနေကန် အာရုံပြု။ ၅၆၊

( ကာမစိတ် ၅၄၊ အဘိညာဉ်ဒွေ)

၁၁၊ ဗဟိဒ္ဓကို ဧကန်အာရုံပြု - ၂၆၊

( ရူပ ၁၅၊ အာကာ-၃၊ လောကုတ် ၈-၂၆)

(အဇ္ဈတ္တဗဟိဒ္ဓ ကို အာရုံပြုသောစိတ်လည်း (၅၆)ပင်တည်း)

၁၁၊ ကာလဝိမုတ်ကို ဧကန်အာရုံပြု (၂၉)ပါး၊

( ပညတ်ကိုအာရုံပြု ၂၁၊ နိဗ္ဗာန်ကိုအာရုံပြု ၈-၂၉)

အနေကန်အာရုံပြု - ၃၁)

၁၂၊ နှစ်ပါးစီ အာရုံပြုသောစိတ် ၁၀၊

( ဒွေပဉ္စဝိညာဏ်၁၀)

၁၃၊ ဓမ္မာရုံကို ဧကန် - ၃၅၊

( မဟဂ္ဂုတ် ၂၇၊ လောကုတ် ၈-၃၅)

အနေကန် ၄၃၊

၁၄၊ အာရုံ တစ်ပါးကိုသာ ဧကန် - ၂၈၊

( ဒွေပဉ္စ - ၁၀၊အာကာ ၃၊ အာကိံ ၃၊ ဝိညာ၊ နေဝ ကု၊ ဝိပါက် ၄၊လောကုတ် ၈–၂၈)

၁၅၊ အာရုံ နှစ်ပါးစီကို ဧကန်အာရုံပြု- ၂ ပါး၊

( အာကာကာသာနဉ္စ ကု၊ ကြိယာ ၂ပါးကို အာရုံပြုသော ဝိညာဏဉ္စာယတန ကြိယာ ၁၊ နှင့် အာကိဉ္စညာယတန ကု၊ ကြိယာ ၂ပါးကို အာရုံပြုသော နေဝသညာနာသညာ ကြိယာ ၁ ပါး —၂ ပါး)

၁၆၊ အာရုံ ငါးပါးကို အာရုံပြု (၃)၊

( မနောဓာတ် ၃ ပါး)

၁၇၊ အာရုံ ၁၂ ပါးကို အာရုံပြု ၃၊ ပါး

( ရူပဉ္စမစျာန် ၃၊)

၁၈၊ အာရုံ ၁၄ ပါးကို အာရုံပြု (၉) ပါး

( ရူပ ဒု ၃၊ တတိ ၃၊ စတုတ္ထ ၃)

၁၉၊ အာရုံ ၂၅ ပါးကို အာရုံပြုစိတ် ၃ ပါး၊

( ရူပ ပထမစျာန် ၃ ပါး)

မှတ်ချက်

အာရုံ ၁၂၊ ၁၄၊ ၂၅ တို့သည် ကမ္မဌါန်းပိုင်း၌ ပြလတံ့သော ကမ္မဌါန်းအာရုံများဖြစ်သည်။

စေတသိက် အာရုံပြုလင်္ကာ

ငါးဆဲ့နှစ်ခု၊ စေတသိက်စုတွင်၊ အကုသလာ၊ လောကီသာတည်း၊ ဣဿာ ပမဉ်၊ ပယ်ကြဉ်အဇ္ဈ၊ လောကဖြစ်ဘိ၊ ဝိရတိမူ၊ဝိတိက္ကမိတဗ္ဗ၊ သမုတ်ရသည့်၊ကာမ နာမ်ရုပ်၊ ပစ္စုပ်မြဲကပ်၊ စွဲမှီကပ်၏၊နောက်ထပ်ဝိရတီ၊ လောကုတ်သည်ကား၊ ရွှေပြည်ခေမာ၊အပ္ပမာဏ၊ ကာလဝိမုတ်၊ ဖွင့်ထုတ်လေအပ်၊ပညတ် ပမညာ၊ ဝိမုတ္တာဟု၊ အာရုံပြုလျှင်း၊ ကြွင်းလေသမျှ၊ တေတ္တိံသမှာ၊ ဘယ်ဟာတစ်ခု၊ အာရုံစုကို၊ မပြုမရှိ လေဘူးတည်း၊(အခြေပြု)

၁၊ စေတသိက် ၅၂ ပါးတွင် အကုသိုလ်စေတသိက်တို့သည် လောကီအာရုံကိုသာ အာရုံပြုပါသည်၊

၂၊ ဣဿာ နှင့် အပ္ပမညာတို့သည် အဇ္ဈတ္တကိုအာရုံမပြုပါ၊

၃၊ လောကီ ဝိရတီသည် ဝိတိက္ကမိတဗ္ဗဝတ္ထု ဟုသမုတ်အပ်သော ပစ္စုပ္ပန် ကာမနာမ်ရုပ်ကိုအာရုံပြုပါသည်၊

၄၊ လောကုတ္တရာဝိရတီသည် နိဗ္ဗာန်ကို အာရုံပြုပါသည်၊

၅၊ အပ္ပမညာ စေ ၂ ပါးသည် - ကာလဝိမုတ်ဖြစ်သော ပညတ်ကိုအာရုံပြုပါသည်၊

၆၊ ကြွင်း အညသမာန်း ၁၃၊ သောဘနသာဓာရဏ ၁၉၊ ပညိန္ဒြေ ၁– ၃၃ ပါးသော စေတသိက်တို့သည် အလုံးစုံကို အာရုံပြုနိုင်၏။

ဝတ္ထုသင်္ဂဟ

မှီရာဝတ္ထုအားဖြင့် စိတ် စေတသိက်တို့ကို ဝေဖန်ပိုင်းခြား ပြရာ အခန်းသည် ဝတ္ထုသင်္ဂဟမည်၏၊

ထိုဝတ္ထုတို့သည် ၆၊ ပါး

၁၊ စက္ခုဝတ္ထု - စက္ခုပသာဒ

၂၊ သောတဝတ္ထု - သောတပသာဒ

၃၊ ဃာနဝတ္ထု - ဃာနပသာဒ

၄၊ ဇိဝှါဝတ္ထု - ဇိဝှါပသာဒ

၅၊ ကာယဝတ္ထု - ကာယပသာဒ

၆၊ ဟဒယဝတ္ထု - ဟဒယဝတ္ထု

ဘုံ တို့ဖြင့် ဝေဖန်ခြင်း

၁၊ ကာမဘုံ၌ ဝတ္ထုရုပ် (၆) ပါးလုံးရ၏၊

၂၊ အသညသတ်ကြဉ် ရူပ ၁၅ ဘုံ၌ စက္ခု၊သောတ၊ ဟဒယဝတ္ထု ၃ ပါးရ၏၊

မှတ်ချက်

ကာမစိတ်ဓာတ်ကို တိုးပွါးစေတတ်သောကြောင့် ရူပဘုံတို့၌ ဃာန၊ ဇိဝှါ၊ ကာယဝတ္ထုတို့မရပါ၊

၃၊ အရူပဘုံ၌ ဝတ္ထုရုပ် (၆) ပါးလုံး မရ၊

စိတ်တို့ဖြင့် ဝေဖန်ခြင်း

၁၊ စက္ခုဝိညာဉ်ဒွေသည် စက္ခုဝတ္ထုကိုမှီ၏၊

၂၊ သောတဝိညာဉ်ဒွေသည် သောတဝတ္ထုကိုမှီ၏၊

၃၊ ဃာနဝိညာဉ်ဒွေသည် ဃာနဝတ္ထုကိုမှီ၏၊

၄၊ ဇိဝှါဝိညာဉ်ဒွေသည် ဇိဝှါဝတ္ထုကို မှီ၏၊

၅၊ ကာယဝိညာဉ်ဒွေသည် ကာယဝတ္ထုကို မှီ၏၊

၆၊ မနောဓာတ် ၃ ခုသည် ပဉ္စဝတ္ထုကို မှီ၏၊

၇၊ မနောဝိညာဏ ဓာတ် (၇၆) ပါးတို့တွင်

(က) ဟဒယဝတ္ထုကို အမြဲမှီသောစိတ် (၃၀)ပါး

ဒေါသမူစိတ် ၂၊ သန္တီရဏ ၃၊ ဟသိတုပ္ပါဒ်။ ၁၊

မဟာဝိပါက်စိတ် ၈၊ ရူပစိတ် ၁၅၊ သောတာပတ္တိမဂ် ၁၊

ဤ(၃၀) သော မနောဝိညာဏဓာတ်သည် ဟဒယ ဝတ္ထုကို အမြဲမှီ၏၊

(ခ) ဟဒယဝတ္ထုကို ရံခါမှီသော စိတ် (၄၂) ပါး

လောဘမူ ၈၊

မောဟမူ။ ၂၊

မနောဒွါရာဝဇ္ဇန်း။ ၁၊

မဟာကုသိုလ်။ ၈၊

မဟာကြိယာ။ ၈၊

အရူပကုသိုလ်။ ၄၊

အရူပကြိယာ။ ၄၊

သောတာပတ္တိမဂ်စိတ်ကြဉ်သော

လောကုတ္တရာစိတ်။ ၇၊ အားဖြင့် (၄၂) ပါးဖြစ်၏၊

ဤ (၄၂) သော မနောဝိညာဏဓာတ်တို့သည်

ပဉ္စဝေါကာရဘုံ၌ ဖြစ်သောအခါ ဟဒယဝတ္ထုကို မှီကြ၍၊ အရူပဘုံ၌ ဖြစ်သောအခါ မမှီကြပါ၊

(ဂ) ဟဒယဝတ္ထုကို လုံးဝ မမှီသောစိတ် ၄ ပါး၊

အရူပဝိပါက် (၄) ပါး ဖြစ်ပါသည်၊

ဝတ္ထုရုပ်ကို အမြဲမှီသောစိတ် ၄၃ ပါး

ဝတ္ထုရုပ်ကို ရံခါ မှီသောစိတ်။ ၄၂ ပါး

ဝတ္ထုရုပ်ကို လုံးဝ မမှီသောစိတ်။ ၄—၈၉ ပါးဖြစ်ပါသည်။

လေ့ကျင့်ခန်း မေးခွန်းများ

၁၊ အာရမ္မဏ၊ အာလမ္ဗဏ တို့မှ အာရုံ ခေါ်ဆိုရပုံကို ရှင်းပြပါ၊

၂၊ ဓမ္မာရုံ အမျိုးအစား (၆) ခုကို ဖြေဆိုပါ၊

၃၊ မနောဓာတ် (၃) ခုနှင့် ဟသိတုပ္ပါဒ်စိတ်၏ အာရုံကိုဖြေဆိုပါ၊

၄၊ ပညတ်ကို ဧကန်အာရုံပြုသောစိတ်ကို ရေတွက်ပြပါ၊

၅၊ ရူပဘုံ၌ ဃာနဝတ္ထု စသည် မရခြင်းအကြောင်းကို ရှင်းပြပါ၊

၆၊ ဟဒယ ဝတ္ထုကို ရံခါမှီ၊ ရံခါမမှီသောစိတ်တို့ကို ရေတွက်ပြပါ၊

၇၊ နိဗ္ဗာန်ကို အာရုံပြုနိုင်သော ကာမစိတ်များရှိပါက ရေတွက်ပြပါ။

၈၊ တစ်ပါးဌဝီ အရ အာရုံတစ်ပါးတည်းကိုသာ အာရုံပြုသောစိတ် တို့ကို ရေတွက်ပြပါ။

သင်ရိုးကဏ္ဍ

ဝီထိပိုင်း

လူတို့သွားလာရာ ဝီထိခေါ်သော လမ်းခရီးသည် ရွာစဉ်မကျော်ပဲ အစဉ်အတိုင်း သွားသကဲ့သို့ ထို့အတူ သတ္တဝါတို့ သန္တာန်မှာ ဖြစ်ပေါ်နေသော စိတ်အစဉ်ကိုလည်းစိတ္တနိယာမအတိုင်း အစဉ်ကို မကျော်ပဲ ဖြစ်နေခြင်းကြောင့် ဝီထိ ဟုခေါ်သည်၊

စိတ်အစဉ်ပြရာ ဝီထိပိုင်းကို လေ့လာရာ၌ ရှေ့ဦးစွာ ဆ ဆက္က (၆) မျိုးကို သိထားရမည်၊

သတ္တဝါတို့ သန္တာန်မှာ အဆက်မပြတ်ဖြစ်နေသော စိတ်အစဉ် တို့သည်

၁၊ ဆ ဝတ္ထု - မည်သည့်ဝတ္ထုရုပ်ကို မှီ၍ဖြစ်သည်၊

၂၊ ဆ ဒွါရ - မည်သည့် ဒွါရ၌ ဖြစ်သည်၊

၃၊ ဆ အာရမ္မဏ - မည်သည့်အာရုံကို အာရုံပြသည်၊

၄၊ ဆ ဝိညာဏ - မည်သည့် ဝိညာဏ ဖြစ်သည်၊

၅၊ ဆ ဝီထိ - မည်သည့် ဝီထိ မည်သည်၊

၆၊ ဆ ဝိသယပ္ပဝတ္တိ - မည်သို့ အာရုံ ၌ ထင်လာသည်၊

တို့ကို မဖြစ်မနေ သိထားရပေမည်၊

ထို (၆) မျိုးတို့တွင် ဆ ဒွါရ၊ ဆ အာရမ္မဏ နှင့် ဆ ဝတ္ထုတို့ကို ပကိဏ်းပိုင်းမှာ ပြပြီးပြီ၊

ဆ ဝိညာဏ

၁၊ စက္ခု ဝိညာဏ။ ၂၊ သောတဝိညာဏ

၃၊ ဃာနဝိညာဏ။ ၄၊ ဇိဝှါဝိညာဏ

၅၊ကာယဝိညာဏ။ ၆၊ မနောဝိညာဏ

ဆ ဝီထိ

၁၊စက္ခုဒွါရ ဝီထိ။ ၂၊သောတ ဒွါရဝီထိ

၃၊ ဃာန ဒွါရဝီထိ။ ၄၊ ဇိဝှါ ဒွါရဝီထိ

၅၊ ကာယဒွါရဝီထိ။ ၆၊ မနောဒွါရဝီထိ၊

ဆ ဝိသယပ္ပဝတ္တိ

၁၊ အတိမဟန္တာရုံ။ ၂၊ မဟန္တာရုံ

၂၊ ပရိတ္တာရုံ။ ၄၊ အတိပရိတ္တာရုံ

၅၊ ဝိဘူတာရုံ။ ၆၊ အဝိဘူတာရုံ

မှတ်ချက်

ဤကား ရှုထောင့် ၃ မျိုးမှ ဝီထိ နာမည် ခေါ်နိုင်ပုံကို ပြသည်၊ စက္ခုဝိညာဏ ဝီထိ၊ စက္ခုဒွါရဝီထိ၊ အတိမဟန္တာရုံ ဝီထိ စသည်ဖြင့် အမျိုးမျိုး ခေါ်နိုင်သည် ။

စိတ်သက်

စိတ်တစ်ခုတစ်ခု၏ သက်တမ်းသည် ဥပ္ပါဒ - ဥပါဒ် ဖြစ်ခြင်းခဏ၊ ဌိတိ- ဌီ-တည်ခြင်းခဏ၊ ဘင်္ဂ-ဘင်- ပျက်ခြင်းခဏ သာ အသက်ရှိ၏၊ ဥပါဒ် ဌီ ဘင် - ဖြစ် တည် ပျက် ဟူသော ခဏငယ် သုံးချက်သာရှိ၏၊ ထိုသုံးချက်အပေါင်းကို စိတ္တက္ခဏ တစ်ချက်၊ ခဏကြီးတစ်ချက် ဟုဆိုသည်၊

ရုပ်သက်

ထိုစိတ္တက္ခဏ ခဏကြီး (၁၇) ချက်သည် ရုပ်တစ်ခု၏သက်တမ်းဖြစ်၏၊

ဘဝင်စိတ် နှင့် ဝီထိစိတ်

သတ္တဝါတို့ သန္တာန်မှာ စိတ်အစဉ်မပြတ်အောင် ဝီထိစိတ် နှင့် ဘဝင်စိတ် တစ်ခုခု ဖြစ်နေ၏၊

ဝီထိစိတ် မဖြစ်သောအခါ ဘဝင်စိတ်က ဝင်ဖြည့်ပေးရ၏၊ဥပမာ သတ္တဝါများ အိပ်ပျော်နေချိန်တွင် ဘဝင်စိတ် ဖြစ်နေ၏၊ ဘဝင်စိတ်သည် ငြိမ်သက်၏၊ မလှုပ်ရှား၊ အာရုံနောက်သို့ မလိုက်၊ဝီထိစိတ်သည် တက်ကြွ၏၊ လှုပ်ရှား၏၊အာရုံနောက်သို့ လိုက်၏၊ အိပ်ရာထမှ အိပ်ရာဝင်သည့် တိုင်အောင် ဝီထိစိတ် အဖြစ်များ၏၊

ထိုဝီထိတို့သည် (က) ကာမဇောဝါရ ဝီထိ

(ခ) အပ္ပနာ ဇောဝါရ ဝီထိ ဟု (၂) မျိုးပြား၏၊

(က) ကာမဇောဝါရ ၌လည်း

၁၊ ပဉ္စဒွါရ ဝီထိ၊ ၂၊ မနောဒွါရ ဝီထိ ဟု (၂) ပြား၏၊

ပဉ္စဒွါရဝီထိ ၌

၁၊ အတိမဟန္တာရုံဝီထိ - အလွန်များသော စိတ္တက္ခဏရှိသော အာရုံ

၂၊ မဟန္တာရုံဝီထိ - များသောစိတ္တက္ခဏ ရှိသောအာရုံ

၃၊ ပရိတ္တာရုံဝီထိ - နည်းသောစိတ္တက္ခဏ ရှိသော အာရုံ

၄၊ အတိပရိတ္တာရုံ ဝီထိ - အလွန်နည်းသော စိတ္တက္ခဏရှိသော အာရုံ

ဘဝင်စိတ်

ဘဝင်စိတ် ဟူသည် ဝီထိစိတ် မဖြစ်တဲ့ အချိန်မှာ ဖြစ်ရသော စိတ်ဖြစ်သည်၊

ဘဝင်္ဂစလန - ဒွါရ နှင့် အာရုံ ထိသဖြင့် လှုပ်သွားသော ဘဝင်ကို ဘဝင်္ဂစလန ဟုဆိုသည်၊

ဘဝင်္ဂုပစ္ဆေဒ - နောက်ဆုံးပြတ်သွားသော ဘဝင်ကို ဘဝင်္ဂုပစ္ဆေဒ ဟု ဆိုသည်၊

သို့ဖြင့် ငြိမ်ဘဝင်၊ လှုပ်ဘဝင်၊ ပြတ်ဘဝင် ဟု သုံးမျိုးမှတ်ထားပါ၊

ဝီထိဆိုရိုး

ကာမဇောဝါရ စက္ခုဒွါရိက အတိမဟန္တာရုံ ဝီထိ

ဖြစ်ဟန်ကား ရူပါရုံ နှင့် စက္ခုပသာဒတို့ ရှေးရှုအတူ ဥပါဒ်ကြသည်မှ စ၍ အတီတ ဘဝင် တစ်ကြိမ်အလွန်တွင် စက္ခုပသာဒ ၌ ရူပါရုံ ထင်ခြင်းသို့ ရောက်သဖြင့် အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဉ် သမ္ပဋိစ္ဆိုင်း သန္တီရဏ ဝုဌေါ ဇော ခုနှစ်ကြိမ် တဒါရုံ နှစ်ကြိမ် ဖြစ်ပြီးလျှင် ရူပါရုံ နှင့် စက္ခုပသာဒ တို့ တစ်ဆယ့်ခုနှစ်ချက် ရုပ်သက်စေ့ရကား ဒုတိယ တဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်ခြင်းရှိသော ဝီထိသည် တဒါရမ္မဏဝါရ စက္ခုဒွါရိက အတိမဟန္တာရုံ ဝီထိမည်၏၊

၁၊တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ဇ ဇ ရုံ ရုံ

မှတ်ချက်

ဤဝါရကို တဒါရုံ အဆုံးရှိသဖြင့် တဒါရမ္မဏ ဝါရ ဟုဆိုသည်၊ သောတဒွါရဝီထိ စသည်တို့၌လည်း သောတပသာဒ ၌ သဒ္ဒါရုံ

တီ န ဒ ပ သော သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ဇ ဇ ရုံ ရုံ

ဃာနပသာဒ ၌ ဂန္ဓာရုံ

ဇိဝှါပသာဒ ၌ ရသာရုံ

ကာယပသာဒ ၌ ဖောဌဗ္ဗာရုံ ဟု အစားထိုးဆိုပါ၊

စက္ခုဝိညာဏ်မြင်သိစိတ်ဖြစ်ကြောင်း အင်္ဂါ (၄) ပါး

၁၊ စက္ခုပသာဒ မျက်စိ အကြည်ဓာတ်

၂၊ရူပါရုံ အဆင်း

၃၊အာလောက အလင်းရောင်

၄၊ မနသိကာရ နှစ်လုံးသွင်းမှု

ဆောင်ပုဒ်၊ စက္ခာလောက၊ ရူပထင်ပြီ၊ မနသီ၊လေးညီ မြင်သိကြောင်း၊

သောတဝိညာဏ်ကြားသိစိတ် ဖြစ်ကြောင်း

၁၊ သောတပသာဒ

၂၊ သဒ္ဒါရုံ

၃၊ အာကာသ - ကြာကာလ

၄၊ မနသိကာရ

ဆောင်ပုဒ်၊ သောတာကာသ၊ သဒ္ဒထင်ပြီ၊ မနသီ၊ လေးညီ ကြားသိကြောင်း၊

ဃာနဝိညာဏ် နံသိ စိတ်ဖြစ်ကြောင်း

၁၊ဃာနပသာဒ

၂၊ ဂန္ဓာရုံ

၃၊ဝါယောဓာတ်

၄၊ မနသိကာရ

ဆောင်ပုဒ်၊ ဂန္ဓ ဝါယ၊ဂန္ဓထင်ပြီ၊ မနသီ၊လေးညီ နံသိကြောင်း၊

ဇိဝှါဝိညာဏ် ရသာသိစိတ် ဖြစ်ကြောင်း

၁၊ ဇိဝှါပသာဒ

၂၊ ရသာရုံ၊

၃၊ အာပေါဓာတ်

၄၊ မနသိကာရ

ဆောင်ပုဒ် - ဇိဝှါ အာပ၊ ရသထင်ပြီ၊ မနသီ၊ လေးညီ ရသာသိကြောင်း၊

ကာယဝိညာဏ်တွေ့သိစိတ် ဖြစ်ကြောင်း

၁၊ ကာယပသာဒ၊

၂၊ ဖောဌဗ္ဗာရုံ

၃၊ ပထဝီဓာတ်

၄၊ မနသိကာရ

ဆောင်ပုဒ်၊ ကာယ ပထ၊ ဖောဌဗ်ထင်ပြီ၊ မနသီ၊ လေးညီ တွေ့သိ ကြောင်း၊

မဟန္တာရုံဝီထိ

မဟန္တာရုံ ဝီထိစိတ်တို့၏ များသောအာရုံရှိသောဝီထိ၊ထိုဝီထိသည်

၁၊ အတီတဘဝင် (၂) ကြိမ်အလွန်တွင် အာရုံထင်သောဝီထိ၊

၂၊ တီ တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ဇ ဇ ဘ

၂၊ အတီတဘဝင် (၃) ကြိမ်အလွန်တွင် အာရုံထင်သော ဝီထိ ဟု နှစ်မျိုးရှိ၏၊

၃၊ တီ တီ တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ဇ ဇ ဘ

ဤ (၂) ဝီထိသည် ဇောဆုံးသော ဝီထိစိတ်ရှိသောကြောင့် ဇဝနဝါရ မည်၏၊

ပရိတ္တာရုံဝီထိ

ပရိတ္တာရုံ ဝီထိသည် ဝီထိစိတ်တို့၏ အားနည်းသောအာရုံ ရှိသော ဝီထိ၊ ထိုဝီထိသည် အတီတဘဝင် (၄) ကြိမ် မှ (၉) ကြိမ် အထိ (၆) ဝီထိ ဖြစ်သည်၊

၄၊ တီ တီ တီ တီ န ဒ ပ စ သံ ဏ ဝု ဝု ဝု ဘ ဘ ဘ ဘ

၅၊ တီ တီ တီ တီ တီ န ဒ ပ စ သံ ဏ ဝု ဝု ဝု ဘ ဘ ဘ

၆၊ တီ တီ တီ တီ တီ တီ န ဒ ပ စ သံ ဏ ဝု ဝု ဝု ဘ ဘ

၇၊ တီ တီ တီ တီ တီ တီ တီ န ဒ ပ စ သံ ဏ ဝု ဝု ဝု ဘ

၈၊ တီ တီ တီ တီ တီ တီ တီ တီ န ဒ ပ စ သံ ဏ ဝု ဝု ဝု

၉၊ တီ တီ တီ တီ တီ တီ တီ တီ တီ န ဒ ပ စ သံ ဏ ဝုဝု

ဤ (၆) ဝီထိ တို့သည် ဝုဌေါ ဆုံးသော ဝီထိစိတ် ရှိသောကြောင့် ဝေါဌဗ္ဗနဝါရ မည်ကုန်၏၊

အတိပရိတ္တာရုံ ဝီထိ

အတိပရိတ္တာရုံ ဝီထိသည် အလွန်အားနည်းသော အာရုံရှိသော ဝီထိ ဖြစ်သည်၊ ထို ဝီထိသည် အတီတဘဝင် (၁၀) ကြိမ် အလွန် မှ (၁၅) ကြိမ်အလွန်ထိ (၆) ဝီထိဖြစ်သည်၊

၁၀၊ တီ - - - - - - - - တီ န န ဘ ဘ ဘ ဘ ဘ

၁၁၊ တီ - - - - - - - - - တီ န န ဘ ဘ ဘ ဘ

၁၂၊ တီ - - - - - - - - - - တီ န န ဘ ဘ ဘ

၁၃၊ တီ - - - - - - - - - - - တီ န န ဘ ဘ

၁၄၊ တီ - - - - - - - - - - - - တီ န န ဘ

၁၅၊ တီ - - - - - - - - - - - - - - တီ န န

ဤ ဝီထိတို့သည် ဝီထိစိတ် လုံးဝ မဖြစ်သောကြောင့် မောဃ ဝါရ မည်ကုန်၏

မှတ်ချက်

စိတ္တနိယာမ အရ တဒါရုံသည် ကာမဇော၊ ကာမသတ္တဝါ၊ ကာမအာရုံ တို့၌သာ ဖြစ်၏၊ ထိုသို့ဖြစ်ရာ၌ လည်း နှစ်ကြိမ်ဖြစ်၏ ၊ မဖြစ်လောက်ခဲ့သော် တစ်ကြိမ်မျှ မဖြစ်ပါ၊

ထို့အတူ ပရိတ္တာရုံ ဝီထိတွင် ဝုဌေါ ဖြစ်ရာ၌လည်း အနည်းဆုံး (၂) ကြိမ်၊ အများဆုံး (၃) ကြိမ် ဖြစ်ရ၏၊(၂) ကြိမ်အောက်၊ (၃) ကြိမ် အထက်မဖြစ်ပါ၊

ဝီထိစိတ် သရုပ်ကို ရေတွက်ခြင်း

စက္ခုဒွါရိက အတိမဟန္တာရုံဝီထိ ၌ စိတ်တို့သည်

(က) သာမည စိတ်အမျိုးအစားအားဖြင့် (၇) ပါး

( ပ၊ စ၊ သံ၊ ဏ၊ ဝု၊ ဇ၊ ရုံ)

(ခ) ဝိသေသ စိတ္တက္ခဏ အကြိမ်အားဖြင့် (၁၄) ပါး

( ပ၊စ၊ သံ၊ ဏ၊ ဝု၊ ဇ-၇၊ ရုံ-၂)

(ဂ) ဝိတ္ထာရ စိတ်သရုပ်အကျယ်အားဖြင့် (၄၆) ပါး

( ပ၊ စ-၂၊သံ-၂၊ ဏ-၃၊ ဝု-၁၊ ကာမဇော- ၂၉၊ ရုံ- မဟာဝိပါက်စိတ် ၈၊ အားဖြင့် (၄၆) ပါး)

ပဉ္စဒွါရိက ငါးဒွါရ ပေါင်းလျှင်

(က) သာမည အားဖြင့် (၇)

(ခ) ဝိသေသအားဖြင့် (၁၄)

(ဂ) ဝိတ္ထာရအားဖြင့် (၅၄) ( ကာမစိတ် ၅၄) ပါး။

ကာမဇောဝါရ မနောဒွါရ ဝီထိ

မနောဒွါရ ဟူသည် ဘဝင်္ဂုပစ္ဆေဒ ဖြစ်သည်၊

ထိုမနောဒွါရဝီထိသည် ပဉ္စဒွါရဝီထိ နောက်သို့ ကပ်လိုက်သော တဒနုဝတ္တက မနောဒွါရဝီထိ ၊ သုဒ္ဓမနောဒွါရဝီထိ ဟု နှစ်မျိုးပြား၏၊

၁၊ ပဉ္စဒွါရ ဝီထိ နောက် ကပ်လိုက်သော

“ တဒနုဝတ္တက မနောဒွါရ” ဖြစ်ပုံ

“ ပဌမံ သဒ္ဒံ သောတေန၊ တီတံ ဒုတိယစေတသာ၊

နာမံ တတိယ စိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။” ( မဏသာရမဉ္ဇူ )”

၁၊ ပထမ ပစ္စုပ္ပန် သဒ္ဒါရုံ အသံ ကို အာရုံပြု၍ သောတဒွါရိကဝီထိ ဖြစ်၏၊

၂၊ အတိတ် သဒ္ဒါရုံ အသံကို အာရုံပြု၍ မနောဒွါရိကဝီထိ ဖြစ်၏၊

၃၊ နာမည်ပညတ်ကို အာရုံပြု၍ မနောဒွါရိက ဝီထိ ဖြစ်၏၊

၄၊ အဆုံးစွန်အနက် အဓိပ္ပါယ်ကို သိသော မနောဒွါရိက ဝီထိ ဖြစ်၏၊

(၂) သုဒ္ဓမနောဒွါရ ဝီထိသည်လည်း

(က) ဝိဘူတာရုံ - ထင်ရှားသောအာရုံရှိသောဝီထိ

(ခ) အဝိဘူတာရုံ - မထင်ရှားသောအာရုံရှိသောဝီထိ

ဟု နှစ်မျိုးပြား၏၊

(က) မနောဒွါရ၌ ထင်ရှားသော အာရုံရှိသော ဝိဘူတာရုံ ဝီထိ ဖြစ်ဟန်ကား မနောဒွါရ- စိတ်ထဲ၌ ထင်ထင်ရှားရှား အာရုံထင်သည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော ခုနှစ်ကြိမ်၊ တဒါရုံ နှစ်ကြိမ် ဖြစ်ပြီးလျှင် ဘဝင် ဖြစ်ထိုက်သမျှ ဖြစ်၍ ချုပ်၏၊

န ဒ မ ဇ ဇ ဇ ဇ ဇ ဇ ဇ ရုံ ရုံ ဘ ဘ ဘ

ဤ ဝါရကို တဒါရုံ အဆုံးရှိသောကြောင့် တဒါရမ္မဏ ဝါရ ဟုဆို၏၊

(ခ) မနောဒွါရ၌ မထင်ရှားသော အာရုံရှိသော အဝိဘူတာရုံဝီထိ ဖြစ်ဟန်ကား မနောဒွါရ- စိတ်ထဲ၌ မထင်မရှား အာရုံထင်လာသည်ရှိသော် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ကာမဇော ခုနှစ်ကြိမ် ဖြစ်ပြီးလျှင် ဘဝင်ဖြစ်ထိုက်သမျှ ဖြစ်၍ ချုပ်၏၊

န ဒ မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဘ ဘ ဘ ဘ ဘ

ဤ ဝါရကို ဇောအဆုံးရှိသောကြောင့် ဇဝန ဝါရ ဟုဆို၏၊

တဒါရမ္မဏနိယာမ

တဒါရုံ သည် ဇောနောက် ဖြစ်ရာ၌ စည်းကမ်းမရှိ ဖြစ်ချင်တိုင်းဖြစ်မရပါ၊ နိယာမအတိုင်း ပိုင်းခြားသတ်မှတ်ထားချက် ရှိပါသည်၊အဟိတ် ဝိပါက်စိတ်များ ဖြစ်ရာမှာလည်း သတ်မှတ်ချက်အတိုင်း ဖြစ်ရ၏၊

ဝိပါက်အမှန်၊ ဇောအပြန်

အာရုံ (၃) မျိုး

၁၊ အနိဌါရုံ - မစင် ခွေးကောင်ပုပ်စသော မနှစ်သက်စရာ အာရုံနှင့် တွေ့သောအခါ အကုသလဝိပါက်စိတ်များဖြစ်သော ပဉ္စဝိညာဉ်၊ သမ္ပဋိစ္ဆိုင်း သန္တီရဏဝိပါက်စိတ်များဖြစ်ကြ၏

၂၊ ဣဌါရုံ - ကောင်းမွန်သော စားဖွယ် သောက်ဖွယ်စသော နှစ်သက်စရာ အာရုံနှင့် တွေ့ရသော အခါ အဟိတ်ကုသလဝိပါက်နှင့် သောမနဿမဟာဝိပါက်စိတ်များဖြစ်ကြသည်၊

၃၊ အတိဣဌါရုံ - ဘုရား ရဟန္တာ စိန် ရွှေ ငွေ စသော အလွန်နှစ်သက်ဖွယ် အာရုံများနှင့် တွေ့သောအခါ အဟိတ်ကုသလဝိပါက်နှင့် သောမနဿ မဟာဝိပါက်စိတ်များ ဖြစ်ကြသည်၊ ဤကား ဝိပါက်အမှန်တည်း၊

ဇောအပြန်

သို့သော် ပုထုဇဉ်ပုဂ္ဂိုလ်တို့ သန္တာန်၌

၁၊ စိတ္တဝိပလ္လာသ - အသိမှားဖောက်ပြန်ခြင်း

၂၊ သညာဝိပလ္လာသ - အမှတ်မှားဖောက်ပြန်ခြင်း

၃၊ ဒိဌိဝိပလ္လာသ - အယူမှား ဖောက်ပြန်ခြင်း

ရှိနေသေးသောကြောင့်

မစင် ခွေးကောင်ပုပ်စသည်တို့သည် အနိဌါရုံများဖြစ်သော်လည်း လင်းတ ခွေး စသည်တို့သည် တကယ့်နှစ်သက်စရာ ဟု မြင်သဖြင့် သောမနဿ ဇောများစောကြ၏ ဖြစ်ကြ၏၊

ဘုရား ရဟန္တာ စသည်တို့သည် အတိဣဌါရုံများဖြစ်ကြသော်လည်း တိတ္ထိ၊ လူဆိုး လူမိုက် တို့သည် မနှစ်မြို့စရာ ဟု မြင်သဖြင့် ဒေါသဇောများ ဖြစ်ကြ၏၊

ဤကား ဇောအပြန်တည်း၊

ဝိပါက်လည်းမှန် ဇောလည်းမှန်

ဘုရား ရဟန္တာများကား ဝိပါက်အမှန် ဇောအမှန်ဖြစ်ကြ၏၊

တဒါရုံ သတ်မှတ်ချက်

၁၊ မဟာကြိယာ ဥပေက္ခာ ၄၊ဒေါသမူဒွေ ဇော (၆) ခုနောက်၌ မဟာဝိပါက် ဥပေက္ခာ (၄) ပါး၊ ဥပေက္ခာ သန္တီရဏ ဒွေ ဟူသော ဥပေက္ခာတဒါရုံ (၆) ပါးဖြစ်ရ၏

၂၊ ဟသိတုပ္ပါဒ်ဇော ၁၊ မဟာကြိယာ သောမနဿ ဇော ၄၊ ဤ သောမနဿဇော (၅) ခုနောက်၌ သောမနဿ သန္တီရဏ ၁၊ မဟာဝိပါက် သောမနဿ (၄) ပါးဟူသော သောမနဿ တဒါရုံ (၅) ပါးဖြစ်၏၊

၃၊ လောဘမူစိတ် ၈၊ ခု၊ မောဟမူဒွေ၊ မဟာကုသိုလ်စိတ် ၈၊ခု ဟူသော ကာမဇော (၁၈) ခုနောင် တဒါရုံ ၁၁ ပါးလုံး ဖြစ်နိုင်၏၊

ဆောင်၊ ဤဝယ်သနစ်၊ အရင်းစစ်က၊ဥပေက်ကြိယာ၊ ဒေါသာ ခြောက်နောက်၊တဒါခြောက်တည်း၊ ကြိသော နောက်ငါး၊ ကြွင်းငြား ဆယ့်ရှစ်၊ ဇော နောင်ဖြစ်သည်၊

ဆယ့်တစ် တဒါရုံပေါင်းတည်း၊ (အခြေပြု)

အာဂန္တုက ဘဝင်

ဘဝ တစ်ခုတွင် ပဋိသန္ဓေ၊ ဘဝင်၊ စုတိ တို့သည် တူရမည်၊ ဆိုလိုသည်က သောမနဿ နှင့် ပဋိသန္ဓေ နေခဲ့သူသည် တစ်ဘဝ လုံး သောမနဿဘဝင်၊ သောမနဿ စုတိ ဖြစ်ရမည်၊

ဘဝင်ကျပြဿနာ

သောမနဿ နှင့် ပဋိသန္ဓေ နေသောသူအား ဒေါသဇော စောရာတွင် ဒေါသဇော၏ နောက်၌ တဒါရုံကျခွင့်ရှိလျှင် ဥပေက္ခာတဒါရုံ ကျရမည်၊ ကျခွင့်မရှိလျှင် ဥပေက္ခာဘဝင် ကျရမည်၊ ဤနေရာ၌ ဥပေက္ခာဘဝင်ကျခဲ့သော် မူလ သောမနဿ ပဋိသန္ဓေ နှင့် ဆန့်ကျင်နေ၏၊ သောမနဿ ဘဝင်ကျခဲ့သော ရှေ့က ကပ်လျှက် ဒေါသဇောနှင့် ဆန့်ကျင်နေ၏၊ ပြဿနာ ဖြစ်တော့သည်၊

ထိုပြဿနာကို ပြေလည်ရန် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်သည် ရှေ့ကပြုလာသော ကာမအာရုံ တစ်ခုခုကို အာရုံပြု၍ တစ်ခဏ အာဂန္တု အနေဖြင့် ကျရသည်၊ ထို့နောက် ကျမြဲ သောမနဿ ပဋိသန္ဓေနှင့်ညီညွတ်သော သောမနဿဘဝင်တို့ ဆက်လက်ကျလေ၏၊ ( ကာမအာရုံသည် အနိဌါရုံ ဖြစ်ခဲ့သော် အကုသလဝိပါက် ဥပေက္ခာ သန္တီရဏ ဖြစ်၍၊ ဣဌါရုံ ဖြစ်ခဲ့သော် အဟိတ် ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ ဖြစ်ရသည်)

ဝီထိစိတ်သရုပ်ကို ရေတွက်ခြင်း

မနောဒွါရ ၌ ဖြစ်သောစိတ်တို့သည်

(က) သာမညအားဖြင့် (၃) ပါး၊ (မ၊ဇ၊ရုံ)

(ခ) ဝိသေသအားဖြင့် ( ၁၀) ကြိမ်

(ဂ) ဝိတ္ထာရအားဖြင့် (၄၁) ပါး၊(မ ၁၊ ဇ ၂၉၊ ရုံ ၁၁)

လေ့ကျင့်ခန်း ပုစ္ဆာများ

၁၊ ဝီထိ အဓိပ္ပါယ်ကို ဥပမာဆောင်၍ ရှင်းပြပါ၊

၂၊ ဝိသယပ္ပဝတ္တိ (၆) မျိုးကို ဖြေဆိုပါ၊

၃၊ နာမ်သက် နှင့် ရုပ်သက် တို့၏ ထူးခြားချက်ကို ဖြေဆိုပါ၊

၄၊ ရုပ်မြင် သံကြား ကြည့်ရှုရာ၌ (က) ရုပ်မြင် (ခ) သံကြား တို့ဖြစ်လာရန် လိုအပ်သော အင်္ဂါရပ်တို့ကို ဖြေဆိုပါ၊

၅၊ အဘယ့်ကြောင့် အဘယ်ဝီထိကို မောဃဝါရ ဟုဆိုပါသနည်း ဖြေဆိုပါ၊

၆၊ မနောဒွါရ ဝိဘူတာရုံ ဝီထိ ၌ (က) သာမည (ခ) ဝိသေသ (ဂ) ဝိတ္ထာရ အားဖြင့် စိတ်တို့ကို ရေတွက် ပြပါ၊

၇၊ တဒါရုံ ကျနိုင်သော အင်္ဂါရပ်တို့ကို ဖြေဆိုပါ၊

အပ္ပနာဇောဝါရ

အပ္ပနာဇော ဟူသည် မဟဂ္ဂုတ် လောကုတ္တရာဇော (၂၆) ပါး ဖြစ်သည်၊ ထိုဇောများစောသော ဝီထိကို အပ္ပနာဇောဝါရ ဟု ဆိုသည်၊

စျာန်ဝီထိ၊ စျာန်သမာပတ္တိ ဝီထိ ၊မဂ္ဂဝီထိ၊ ဖလသမာပတ္တိဝီထိ၊နိရောဓသမာပတ္တိဝီထိ စသဖြင့် အမျိုးမျိုးရှိကြ၏၊

အပ္ပနာဇောဝါရ၌ မဖြစ်မနေပါရသော ကာမဇောများ

မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် (၄) ပါး နှင့်

မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် (၄) ပါး - (၈) ပါး၊

ဤရှစ်ပါးတို့သည် အပ္ပနာဇောဝါရတွင် ပရိကံ၊ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ ဝေါဒါန် နာမည်တို့ဖြင့် ပါဝင်ကြရ၏၊

ပရိကံ - နောက် အပ္ပနာဇောများ ဖြစ်ပေါ်လာရန် ရှေးဦးပြုပြင် စီရင်ရသောကြောင့် ပရိကံ မည်၏

ဥပစာ - အပ္ပနာဇောများနှင့် မနီးမဝေး (သို့မဟုတ်) နီးကပ်လာသောကြောင့် ဥပစာ မည်၏၊

အနုလုံ၊ ရှေ့ ပရိကံ နောက် အပ္ပနာဇောတို့အား လိုက်လျောညီထွေ ဖြစ်သောကြောင့် အနုလောမ မည်၏၊

ဂေါတြဘူ - ကာမအနွယ်ကို ဖြတ်၍ မဟဂ္ဂုတ်အနွယ်ကို ပွါးစေတတ်သောကြောင့် ( စျာန်ဝီထိ ) ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ကို ပွါးစေတတ်သောကြောင့် (မဂ္ဂဝီထိ) ဂေါတြဘူမည်၏၊

ဝေါဒါန် - ကိလေသာ တချို့တဝက် ဖြူစင်သွားသောကြောင့် ဝေါဒါန်မည်၏၊ ဤ ဝေါဒါန်သည် အထက်မဂ္ဂဝီထိများအတွက် ဂေါတြဘူ နေရာ အစားဝင်သည်၊

ဤ ဇော (၄) ကြိမ်ကို ဥပစာရ သမာဓိဇော (၄) ဟု ခေါ်ဆို၏၊

တိက္ခပညာ/ မန္ဒပညာ

အပ္ပနာဇောဝါရ ဝီထိများ ချရာ၌ တိဟိတ်ပုဂ္ဂိုလ်တို့သည်သာ အပ္ပနာဇောများရနိုင်၏၊ ထို ဉာဏ်ရှိသောသူသည်လည်း ၁၊ တိက္ခပညာ- ဉာဏ်ထက်သောပုဂ္ဂိုလ် နှင့် ၂၊ မန္ဒပညာ- ဉာဏ်လေးသော ပုဂ္ဂိုလ် ဟု နှစ်မျိုးရှိ၏၊ တိက္ခပညာ ပုဂ္ဂိုလ်တို့၌ ပရိကံ မလိုတော့ပဲ ဥပစာရသမာဓိဇော သုံးကြိမ်သာချရ၏၊ မန္ဒပညာ ပုဂ္ဂိုလ်အတွက် (၄) ကြိမ် ချရ၏၊

အာဒိကမ္မိက စျာန်ဝီထိ

တိက္ခပညာ န ဒ မ ဥ နု ဂေါ စျ ဘ ဘ

မန္ဒပညာ — န ဒ မ ပ ဥ နု ဂေါ စျ ဘ

စျာန်သမာပတ္တိ ဝီထိ/ သမာပဇ္ဇနဝီထိ

တိက္ခပညာ - န ဒ မ ဥ နု ဂေါ စျ စျ စျ ဘ ဘ

မန္ဒပညာ - န ဒ မ ပ ဥ နု ဂေါ စျ စျ စျ ဘ ဘ

အဘိညာဝီထိ

(က) ပါဒကစျာန် ဝီထိ

တိက္ခပညာ - န ဒ မ ဥ နု ဂေါ ပဉ္စမစျာန်

မန္ဒပညာ - န ဒ မ ပ ဥ နု ဂေါ ပဉ္စမစျာန်…

(ခ) အဘိညာဝီထိ

တိက္ခပညာ - န ဒ မ ဥ နု ဂေါ အဘိညာဉ်ဇော

မန္ဒပညာ - န ဒ မ ပ ဥ နု ဂေါ အဘိညာဉ်ဇော

မှတ်ချက်

ပုထုဇဉ် နှင့် သေက္ခပုဂ္ဂိုလ်များ၏ အဘိညာဉ်သည် ရူပကုသိုလ် ပဉ္စမစျာန်၊

ဘုရား ရဟန္တာတို့၏ အဘိညာဉ်သည် ရူပကြိယာပဉ္စမစျာန် ဟု သိပါ၊

သောတာပတ္တိမဂ္ဂဝီထိ

တိက္ခပညာ - န ဒ မ ဥ နု ဂေါ မ ဖ ဖ ဖ ဘ ဘ

မန္ဒပညာ - န ဒ မ ပ ဥ နု ဂေါ မ ဖ ဖ ဘ ဘ

အထက်မဂ္ဂဝီထိ

တိက္ခပညာ - န ဒ မ ဥ နု ဝေါ မ ဖ ဖ ဖ ဘ ဘ

မန္ဒပညာ - န ဒ မ ပ ဥ နု ဝေါ မ ဖ ဖ ဘ ဘ

ဖလသမာပတ္တိဝီထိ

တိက္ခပညာ - န ဒ မ နု နု နု နု ဖ ဖ……. ဘ

မန္ဒပညာ - န ဒ မ နု နု နု နု ဖ ဖ……ဘ

နိရောဓသမာပတ္တိ ဝီထိ

နိရောဓသမာပတ္တိ ဟူသည် ပဉ္စဝေါကာရ ဘုံ၌ သမာပတ် ၈/ ၉ ပါး တို့ရရှိထားသော အနာဂါမ် နှင့် ရဟန္တာ တို့သာ ဝင်စားနိုင်သော သမာပတ် ဖြစ်သည်၊

နိရောဓ - ချုပ်ငြိမ်းခြင်းဟူသည် စိတ်၊ စေတသိက်၊ စိတ္တဇရုပ် တို့၏ ချုပ်ငြိမ်းခြင်းကို ဆိုလိုသည်၊

နိရောဓသမာပတ် ဝင်စားနေခိုက် ကမ္မဇရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်တို့ဖြင့် အသက်ဆက်ရှင်နေသည်၊

နိရောဓသမာပတ် မဝင်စားမီ ပုဗ္ဗကိစ္စ (၄) ပါး

နိရောဓသမာပတ် ဝင်စားလိုသော ပုဂ္ဂိုလ်သည် ရှေးဦးစွာ ၁၊ မိမိအသက် (၇) အတွင်း အသက်ရှည်နိုင်သည်ကိုကြည့်ရှုခြင်း၊ ၂၊မိမိ နှင့်မထိစပ်သောပရိက္ခရာများကို မီးစသော ဘေးမှ ကင်းဝေးအောင် အဓိဌါန်ခြင်း၊ ၃၊ ဘုရားခေါ်တော်မူသည်ကို သိ၍ နိရောဓသမာပတ်မှ ရုတ်တရက် ထနိုင်အောင် အဓိဌါန်ခြင်း ၄၊သံဃာတော်များ မိမိကို အလိုရှိသည်ကို သိ၍ နိရောဓသမာပတ်မှ ရုတ်တရက် ထနိုင်အောင် အဓိဌါန်ခြင်း ဤအဓိဌါန် လေးမျိုးကို အဓိဌါန်ပြီး သမာပတ် ၈ ပါးကို အပြန်ပြန်ဝင်စားပြီး အနာဂါမ်ဖြစ်ပါက သမာပတ်၏အဆုံးစျာန် နေဝသညာနာသညာကုသိုလ်ဇော (၂) ကြိမ် / ရဟန္တာဖြစ်ပါက ကြိယာဇော (၂) ကြိမ်စောပြီးလျှင် ထို့နောက်

စိတ် စေတသိက် စိတ္တဇရုပ်တို့ ချုပ်ကြ၏၊

နိရောဓသမာပတ်မှ ထပုံ

အဓိဌါန် ရက်စေ့သောအခါ အနာဂါမ်ဖြစ်ပါက အနာဂါမိဖိုလ်ဇော (၁) ကြိမ် / ရဟန္တာဖြစ်ပါက အရဟတ္တဖိုလ်ဇော (၁) ကြိမ်ဖြစ်၍ ဘဝင်ကျတော့၏၊

နိရောဓ သမာပတ္တိ ဝီထိ

တိက္ခပညာ - န ဒ မ ဥ နု ဝေါ နေဝ ကု/ ကြိဇော ၂၊

( နိရောဓ) အနာဂါမိဖိုလ်/ အရဟတ္တဖိုလ်ဇော (၁) ကြိမ်၊ ဘ ဘ. ….

မန္ဒပညာ - န ဒ မ ပ ဥ နု ဝေါ နေဝကု/ ကြိ ဇော ၂၊

( နိရောဓ) အနာဂါမိဖလ/ အရဟတ္တဖလ (၁) ကြိမ်၊ ဘ ဘ…

ကာမဇော နောင် အပ္ပနာဇော စောပုံ သတ်မှတ်ချက်

၁၊ မဟာကုသိုလ်သောမနဿ ဉာဏသမ္ပယုတ် ဇော ၂ ခု နောင် မဟဂ္ဂုတ်ကုသိုလ်သောမနဿ ၄ ခု၊ မဂ်သောမနဿ ၁၆ ခု၊ အောက်ဖိုလ်သောမနဿ ၁၂ ခု- အားဖြင့် ၃၂ ပါးသော အပ္ပနာဇောများ စောနိုင်သည်၊

၂၊ မဟာကုသိုလ် ဥပေက္ခာ ဉာဏသမ္ပယုတ်ဇော ၂ ခု နောင် မဟဂ္ဂုတ် ကုသိုလ် ဥပေက္ခာ ၅ ခု၊ မဂ်ဥပေက္ခာ ၄ ခု၊ အောက်ဖိုလ် ဥပေက္ခာ ၃ ခု- အားဖြင့် ၁၂ ပါးသော အပ္ပနာဇောများ စောနိုင်ပါသည်၊

၃၊ မဟာကြိယာ သောမနဿ ဉာဏသမ္ပယုတ်ဇော ၂ ခုနောင် မဟဂ္ဂုတ် ကြိယာ သောမနဿ ဇော ၄ ခု၊ အရဟတ္တဖိုလ် သောမနဿဇော ၄ ခု- အားဖြင့် ၈ ပါးသော အပ္ပနာဇောများ စောနိုင်ပါသည်၊

၄၊ မဟာကြိယာ ဥပေက္ခာ ဉာဏသမ္ပယုတ်ဇော ၂ ခုနောင် မဟဂ္ဂုတ်ကြိယာ ဥပေက္ခာ ဇော ၅ ခု ၊ အရဟတ္တဖိုလ် ဥပေက္ခာ ၁ ခု - အားဖြင့် ၆ ပါးသော အပ္ပနာဇောများ စောနိုင်ပါသည်၊

(က) တစ်ကြိမ်သာ စောသော ဇောများ

(၁) အာဒိကမ္မိကစျာန် ဝီထိ၌ စျာန်ဇော

(၂)အဘိညာဝီထိ၌ အဘိညာဉ်ဇော

(၃)မဂ္ဂဝီထိ၌ မဂ်ဇော

(ဃ) နိရောဓ သမာပတ်မှ ထသောအခါ

အနာဂါမိဖိုလ်ဇော/ အရဟတ္တဖိုလ်ဇော များဖြစ်ပါသည်၊

(ခ) နှစ်ကြိမ် စောသော ဇောများ

(၁) မဂ္ဂဝီထိ ၌ တိက္ခပညာ ပုဂ္ဂိုလ်၏ ဖိုလ်ဇော၊

(၂) နိရောဓသမာပတ် ဝင်စားသော အခါ

နေဝသညာ နာသညာကုသိုလ်/ ကြိယာဇော

(ဂ) သုံးကြိမ် စော ဇောများ

(၁) မဂ္ဂဝီထိများ၌ မန္ဒပညာပုဂ္ဂိုလ်၏ ဖိုလ်ဇော

(၂) တိက္ခပညာပုဂ္ဂိုလ်၏ ဥပစာရ သမာဓိဇော

(ဃ) လေးကြိမ်စော သော ဇောများ

(၁) မန္ဒပညာပုဂ္ဂိုလ်၏ ဥပစာရသမာဓိဇော

(င) ငါးကြိမ် စောသော ဇောများ

(၁) မရဏာသန္နဇော

(စ) ခုနစ်ကြိမ် စောသော ဇောများ

(၁) ပကတိ ရိုးရာအခါ ကာမဇောများ

(ဆ) အကြိမ်များစွာ စောသော ဇောများ

(၁) စျာန်သမာပတ္တိ ဝီထိ၌ စျာန်ဇောများ

(၂) ဖလသမာပတ္တိ ဝီထိ ၌ ဖိုလ်ဇောများ

လေ့ကျင့်ခန်း ပုစ္ဆာများ

၁၊ အပ္ပနာဇော များဖြစ်ပေါ်လာရန် ရှေးဦးဖြစ်ရသော ဥပစာရသမာဓိ ကာမဇော သရုပ်တို့ကို ဖြေပါ၊

၂၊ တိက္ခပညာပုဂ္ဂိုလ်၏ အာဒိကမ္မိက စျာန် ဝီထိ ကို ချရေးပြပါ၊ ( ပုံစံ မဟုတ်ပါ)

၃၊ မဟာကုသိုလ် ပထမဒွေ ဥပစာရ သမာဓိဇောနောင် နှောင်းနိုင်သော အပ္ပနာ ဇောတို့ကို ရေတွက်ပြပါ၊

၄၊ နိရောဓ သမာပတ် မဝင်စားမီ ပြုရမည့် ပုဗ္ဗကိစ္စ ငါးပါးကို ဖြေဆိုပါ၊

၅၊ တစ်ကြိမ်သာ စောနိုင်သော ဇောတို့ကို ရေတွက်ပြပါ၊

၆၊ မဟာကြိယာ တတိယ ဒွေနောင် ဖြစ်နိုင်သော အပ္ပနာဇောတို့ကို ပြည့်စုံအောင် ရေတွက်ပြပါ၊

ပုဂ္ဂလဘေဒ ၊ ပုဂ္ဂိုလ်စိတ်ရ

ပုဂ္ဂိုလ် (၁၂) ယောက်၊

ပုထုဇဉ် ပုဂ္ဂိုလ် ၄၊ အရိယာ ပုဂ္ဂိုလ် ၈၊- (၁၂) ယောက်

၁၊ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်

၂၊ သုဂတိအဟိတ်

၃၊ ဒွိဟိတ်

၄၊ တိဟိတ်

၅၊ သောတာပတ္တိ မဂ္ဂဌါန်

၆၊ သကဒါဂါမိမဂ္ဂဌါန်

၇၊ အနာဂါမိမဂ္ဂဌါန်

၈၊ အရဟတ္တမဂ္ဂဌါန်

၉၊ သောတာပတ္တိဖလဌါန်

၁၀၊ သကဒါဂါမိဖလဌါန်

၁၁၊ အနာဂါမိ ဖလဌါန်

၁၂၊ အရဟတ္တဖလဌါန်

၁၊ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နှင့် ဒုဂ္ဂတိ အပါယ် ၄ ဘုံမှာ ပဋိသန္ဓေ ယူသောကြောင့် ဒုဂ္ဂတိ အဟိတ်ပုထုဇဉ် ခေါ်၏၊ ထိုပုဂ္ဂိုလ်၌ ရနိုင်သော ဝီထိစိတ် (၃၇) ပါး

အကုသိုလ်စိတ် ၁၂၊ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇ ပါး၊ မဟာကုသိုလ်စိတ် ၈ ပါး- အားဖြင့် (၃၇) ပါး၊

( အသညသတ် ၌ သုဂတိအဟိတ်ပုဂ္ဂိုလ် ခေါ်ဆိုခြင်း အကြောင်းမှာ အဟိတ်ဖြစ်သော ဇီဝိတနဝက ကလာပ်ရုပ်ဖြင့် ပဋိသန္ဓေ ယူခြင်း၊ အသညသတ်ဘုံသည် သုဂတိဘုံ ဖြစ်ခြင်း တို့ကြောင့် သုဂတိအဟိတ် ပုဂ္ဂိုလ် ဟု ဆိုပါသည်)

၂၊ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် နှင့် သုဂတိ ဖြစ်သည့် လူ့ဘုံ နှင့် စာတုမဟာရာဇ်ဘုံမှာ ပဋိသန္ဓေ ယူသောကြောင့် သုဂတိအဟိတ်ပုထုဇဉ် ဟု ခေါ်၏၊ ထိုပုဂ္ဂိုလ်၌ ရနိုင်သော ဝီထိစိတ် (၄၁) ပါး

အကုသိုလ်စိတ် ၁၂၊ ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇၊ မဟာကုသိုလ်စိတ် ၈၊ မဟာဝိပါက် ဉာဏဝိပ္ပယုတ်စိတ် ၄၊ အားဖြင့် (၄၁) ပါး၊

၃၊ ဒွိဟိတ်ဖြစ်သော မဟာဝိပါက် ဉာဏဝိပ္ပယုတ် (၄) ပါးနှင့် ကာမသုဂတိဘုံ မှာ ပဋိသန္ဓေယူသောကြောင့် ဒွိဟိတ် ဟု ခေါ်၏၊ ထိုပုဂ္ဂိုလ် ၌ ရနိုင်သော ဝီထိစိတ် (၄၁) ပါး၊ ( အထက် (၄၁) ပါးနှင့် အတူ ဖြစ်၏)၊

၄၊ မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ် ၄၊ မဟဂ္ဂုတ်ဝိပါက်စိတ် (၉) ပါး - တိဟိတ် ပဋိသန္ဓေ (၁၃) ပါးနှင့် ကာမသုဂတိ (၇) ဘုံ၊ ဝေဟပ္ဖိုလ် တိုင်အောင်သော ရူပါဝစရ (၁၀) ဘုံ၊ အရူပ (၄) တို့၌ ပဋိသန္ဓေ ယူသောကြောင့် တိဟိတ် ပုဂ္ဂိုလ်ဟု ခေါ်ဆို၏၊ ထိုပုဂ္ဂိုလ် ၌ ရနိုင်သော ဝီထိစိတ် (၄၅) ပါး

အကုသိုလ်စိတ် ၁၂၊ ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် (၁၇)၊ မဟာကုသိုလ်စိတ် ၈၊ မဟာဝိပါက်စိတ် ၈၊ အားဖြင့် (၄၅) ပါး၊

၄၊ စျာန်ရ တိဟိတ် ပုဂ္ဂိုလ် ၌ ရနိုင်သော ဝီထိစိတ် ၅၄ ပါး၊ အထက်ပါ (၄၅) ပါးတွင် မဟဂ္ဂုတ် ကုသိုလ်စိတ် ၉ ပါး ထည့်၊ (၅၄) ပါး ဖြစ်ပါသည်။

၅၊ သောတာပတ္တိမဂ္ဂဌါန်

၆၊ သကဒါဂါမိ မဂ္ဂဌါန်

၇၊ အနာဂါမိ မဂ္ဂဌါန်

၈၊အရဟတ္တမဂ္ဂဌါန်

ဤ မဂ္ဂဌါန် လေးယောက်တို့၌ သက်ဆိုင်ရာ မဂ္ဂဌါန်စိတ် (၁) ပါးစီ ရကြ၏၊

၉၊ ၁၀၊သောတာပတ္တိဖလဌါန်- သောတာပန် ပုဂ္ဂိုလ်နှင့် သကဒါဂါမိဖလဌါန်- သကဒါဂါမ် ပုဂ္ဂိုလ်တို့၌ ရနိုင်သော ဝီထိစိတ် (၄၁) ပါး

ဒိဌိဂတသမ္ပယုတ်စိတ် ၄၊ ဝိစိကိစ္ဆာ ၁၊ ပါး ကြဉ်သော အကုသိုလ်စိတ် ၇၊ ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇၊

မဟာကုသိုလ်စိတ် ၈၊ မဟာကြိယာစိတ် ၈၊ (သက်ဆိုင်ရာ)သောတာပတ္တိဖိုလ်/ သကဒါဂါမိဖိုလ်စိတ် ၁၊ ပါး အားဖြင့် (၄၁) ပါး၊

( စျာန်ရ သောတာပန်/ သကဒါဂါမ် ၌ ၄၁ ပါးထဲ မဟဂ္ဂုတ် ကုသိုလ် ၉ ပါး၊ ပေါင်းလျှင် (၅၀) ပါး)

၁၁၊ အနာဂါမိဖလဌါန်- အနာဂါမ်ပုဂ္ဂိုလ် ၌ ရနိုင်သော ဝီထိစိတ် (၃၉) ပါး

ဒိဌိဂတဝိပ္ပယုတ်၄၊ ဥဒ္ဓစ္စသဟဂုတ်စိတ် ၁၊ ဟူသော အကုသိုလ်စိတ် ၅၊ ဟသိတုပ္ပါဒ်ကြဉ် အဟိတ်စိတ် ၁၇၊ မဟာကုသိုလ်စိတ် ၈၊ မဟာဝိပါက်စိတ် ၈၊ အနာဂါမိဖိုလ်စိတ် ၁၊ ပါး အားဖြင့် (၃၉) ပါး။

( စျာန်ရ အနာဂါမ် ၌ +၉= ၄၈)

၁၂၊ အရဟတ္တဖလဌါန်-ရဟန္တာပုဂ္ဂိုလ် တို့၌ ရနိုင်သော ဝီထိစိတ် (၃၅) ပါး၊

အဟိတ်စိတ် ၁၈၊ မဟာဝိပါက်စိတ် ၈၊ မဟာကြိယာစိတ် ၈၊ အရဟတ္တဖိုလ်စိတ် ၁၊ ပါး အားဖြင့် (၃၅) ပါး၊

( စျာန်ရ ရဟန္တာ ၌ + မဟဂ္ဂုတ်ကြိယာ ၉= ၄၄၊ ပါး)

ဘူမိဘေဒ- ဘုံစိတ်ရ

၁၊ ကာမဘုံ ၌ ရနိုင်သော ဝီထိစိတ် (၈၀) ပါး၊

ဝီထိမုတ်စိတ်ဖြစ်သော မဟဂ္ဂုတ်ဝိမုတ်စိတ် (၉) ပါး။ မှ တပါး ကျန်စိတ် အပါး (၈၀) ဖြစ်ပါသည်၊

၂၊ ရူပဘုံ၌ ရနိုင်သော ဝီထိစိတ် (၆၄) ပါး

ဒေါသမူဒွေ ကြဉ်သော အကုသိုလ်စိတ် (၁၀) ပါး၊

ဃာန၊ ဇိဝှါ၊ ကာယ ဝိညာဉ်ကြဉ်သော အဟိတ်စိတ် ၁၂ ပါး၊ မဟာကုသိုလ်၊ မဟာကြိယာ ၁၆၊ မဟဂ္ဂုတ် ကုသိုလ်၊ ကြိယာ ၁၈၊ လောကုတ္တရာ ၈၊ ပါး အားဖြင့် (၆၄) ပါး။

၃၊ အရူပဘုံ ၌ ရနိုင်သော ဝီထိစိတ် (၄၂) ပါး

ဒေါသမူ ကြဉ် အကုသိုလ်စိတ် ၁၀၊ ပါး၊

မနောဒွါရာဝဇ္ဇန်း၊ မဟာကုသိုလ်၊ ကြိယာ ၁၆၊

အရူပ ကုသိုလ် ကြိယာ ၈၊ သောတာပတ္တိမဂ်ကြဉ် လောကုတ္တရာစိတ် ၇၊ ပါး အားဖြင့် (၄၂) ပါး

လေ့ကျင့်ခန်း ပုစ္ဆာများ

၁၊ ပုဂ္ဂိုလ် (၁၂) ယောက်တို့ကို ပုထုဇဉ် အရိယာ ခွဲခြား၍ ဖော်ပြပါ၊

၂၊ ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ် ၌ ရနိုင်သော ဝီထိစိတ်တို့ကို ရေတွက်ပြပါ၊

၃၊ ကာမဘုံ နှင့် အသညသတ် ဘုံ တို့၌ သုဂတိအဟိတ် ပုဂ္ဂိုလ် ခေါ်ဆိုရပုံ အထူးကို ဖြေဆိုပါ၊

၄၊ စျာန်ရ တိဟိတ်ပုထုဇဉ် ပုဂ္ဂိုလ်၌ ရနိုင်သော ဝီထိစိတ်တို့ကို ရေတွက်ပြပါ၊

၅၊ ရဟန္တာဖြစ်တိုင်း စျာန်ရပါသလား၊ စျာန်မရ ရဟန္တာပုဂ္ဂိုလ်၌ ရနိုင်သော ဝီထိစိတ်တို့ကို ရေတွက်ပြပါ၊

၆၊ အရူပဘုံ ရနိုင်သော ဝီထိစိတ်တို့ကို ရေတွက်ပြပါ။

သင်ရိုးကဏ္ဍ

ဝီထိမုတ်ပိုင်း

ဝီထိမုတ်စိတ် များဖြစ်ကြသော ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၏ ဖြစ်ပုံကို ဘုံစသည်တို့ဖြင့် ပိုင်းခြားပြရာ အပိုင်းကို ဝီထိမုတ်ပိုင်း ဟုခေါ်သည်၊

ဤ ဝီထိမုတ်ပိုင်း ၌

၁၊ ဘူမိစတုက္က ဘုံ (၄) မျိုး

၂၊ ပဋိသန္ဓိစတုက္က ပဋိသန္ဓေ (၄) မျိုး

၃၊ ကမ္မစတုက္က ကံ (၄) မျိုး

၄၊ မရဏုပ္ပတ္တိ စတုက္က သေခြင်း (၄) မျိုး

၁၊ ဘူမိစတုက္က

သတ္တဝါတို့ဖြစ်ရာ တည်ရာ ကျင်လည်ရာ နေရာဌါနကို ဘုံ ဟုခေါ်သည်၊ ထိုဘုံတို့သည်

(က) အပါယ် (၄) ဘုံ

(ခ) ကာမသုဂတိ (၇) ဘုံ

(ဂ) ရူပါဝစရ (၁၆) ဘုံ

(ဃ) အရူပ (၄) ဘုံ

(က) အပါယ် (၄) ဘုံ

၁၊ နိရယ - ငရဲ- ချမ်းသာမှု မရှိသောဘုံ

၂၊ တိရစ္ဆာန - တိရစ္ဆာန် ဖီလာသွားသောသတ္တဝါများဘုံ

၃၊ ပြိတ္တာ - အမြဲတမ်းငတ်မွတ်နေသော သတ္တဝါများဘုံ

၄၊ အသုရကာယ - ပြိတ္တာ တစ်ပိုင်း/ နတ်တစ်ပိုင်းဘဝဖြင့် စားရမဲ့၊ သောက်ရမဲ့ ဘဝနှင့် မြစ် ချောင်းပင်လယ် ကမ်းစပ်မှာ နေရသော သတ္တဝါများဘုံ

ငရဲကြီး (၈) ထပ်

ဤ ကမ္ဘာမြေကြီးအောက် ယူဇနာ (၁၅၀၀၀) နေရာမှ စ၍ အောက်သို့ (၁၅၀၀၀) စီကွာဟလျှက် ငရဲကြီး (၈) ထပ်တည်ရှိသည်၊

၁၊သဉ္စိုဝ်း ငရဲ

၂၊ကာလသုတ် ငရဲ

၃၊ သံဃာတ ငရဲ

၄၊ ရောရုဝ ငရဲ

၅၊ မဟာရောရုဝ ငရဲ

၆၊ တာပန ငရဲ

၇၊ မဟာတာပန ငရဲ

၈၊ အဝီစိ ငရဲ

ငရဲငယ် (၅) ထပ်

ထိုငရဲကြီး (၈) ထပ်တွင် တစ်ထပ်တစ်ထပ်မှာ

သတ္တဝါတို့ ကံအားလျော်စွာ

၁၊ဘင်ပုပ် ငရဲ

၂၊ ပြာပူငရဲ

၃၊ လက်ပံတော ငရဲ

၄၊ သံလျှက်တော ငရဲ

၅၊ ကြိမ်ပိုက်ချောင်း ငရဲ ဟူ၍ ငရဲငယ် (၅) ထပ်စီ ခြံရံလျှက် တည်ရှိသည်၊

ဆောင်၊ သဉ္စိုဝ်း’ ကာလ’၊သံဃာတနှင့်၊ ရောရုဝ နှစ်၊ တာပန် နှစ်၊ တွက်စစ် အဝီစိ၊

ဘင်’ ပြာ’ လက်’ သံ’၊ ကြိမ်ပိုက် ရံ၊ ငါးတန် ဥဿဒ ရှိ၊

( အခြေပြု)

၂၊ တိရစ္ဆာန်

တိရစ္ဆာန် ဘုံကား သီးခြားဌါနဘုံ မရှိ၊ လူ့ပြည်နှင့် ရောနေရ၏၊တချို့ကား လူတွေနှင့် ရောနေ၊ တချို့ကား တောထဲ တောင်ထဲ၊ တချို့ကား ရေထဲ၊ တချို့ကား ကောင်းကင် ထဲ မှာ အမျိုးမျိုး နေထိုင်ကြ၏၊ တိရစ်အားလုံးသည် ဖီလာ အထက်မိုး ကျောပေး၍ သွားကြ၏၊အညမညခါဒိတာ- အချင်းချင်း စားကြ၏၊

ဒဗ္ဗလခါဒိတာ - အားနည်းသူက အစားခံရ၏၊ဤကား တိရစ္ဆာန်လောက၏ သဘာဝတည်း။

၃၊ ပြိတ္တာ

ပြိတ္တာ လောကသည်လည်း သီးခြားဘုံဌါန သီးခြားမရှိ၊ လူ့ပြည်နှင့်စပ်သော ရေမြေတော တောင်တို့မှာ ဆင်းရဲပင်ပမ်းစွာ နေထိုင်လျှက် လူတို့ပြုသော ကုသိုလ် ကောင်းမှုကို မှီခို၍ နေကြသော သတ္တဝါများတည်း၊

၄၊ အသုရကာယ်

အသုရကာယ်ပြည် သည်လည်း သီးခြားဘုံဌါန မရှိ၊ ပင်လယ် သမုဒ္ဒရာတို့ ရေစပ် ကမ်းစပ်နားမှာ နေကြသော ကုသိုလ်ကံ အကုသိုလ်ကံ နှစ်မျိုးလုံးအကျိုးပေးသော နေ့စံ၊ ညခံ/ ညစံ နေ့ခံ ကြရသော နတ်တစ်ပိုင်း/ ပြိတ္တာ တစ်ပိုင်းဖြစ်သော သတ္တဝါများ နေထိုင်ရာ ဘုံတည်း။

(ခ) ကာမသုဂတိ (၇) ဘုံ

ကာမဂုဏ်ချမ်းသာအပြည့်ရှိလျှက် ကောင်းမွန် တင့်တယ်စွာလားရောက်ရာ ဖြစ်သောဘုံသည် ကာမသုဂတိဘုံ မည်၏၊ ထိုဘုံ တို့သည် လူ့ပြည်နှင့် နတ်ပြည် (၆) ထပ်ဖြစ်သည်၊

၁၊ လူ့ပြည်

၂၊စာတုမဟာရာဇ်

၃၊ တာဝတီံသာ

၄၊ ယာမာ

၅၊ တုသိတာ

၆၊ နိမ္မာနရတီ

၇၊ ပရနိမ္မိတ ဝသဝတ္တီ

စာတုမဟာရာဇ် နှင့် တာဝတိံသာ နတ်ပြည် (၂) ခုတို့ကား ကမ္ဘာမြေကြီးနှင့် တဆက်တည်း ရှိသော မြင့်မိုရ်တောင် မှာ တည်ရှိကြသည်၊ ယာမာစသော အထက်နတ်ပြည် (၄) ထပ်မှာ ကောင်းကင်မှာသာ တည်ရှိသော ဘုံများ ဖြစ်ကြသည်။

အပါယ် (၄) ဘုံ၊ ကာမသုဂတိ (၇) ဘုံ ပေါင်းလျှင် ကာမ (၁၁) ဘုံ ဖြစ်၏၊

(ဂ) ရူပ (၁၆) ဘုံ

ပထမစျာန် ၃ ဘုံ

ဗြဟပါရိသဇ္ဇာဘုံ၊ ဗြဟပုရောဟိတာ၊ မဟာဗြဟာဘုံ၊

ဒုတိယစျာန် ၃ ဘုံ

ပရိတ္တာဘာဘုံ၊အပ္ပမာဏာဘုံ၊ အာဘဿရာဘုံ၊

တတိယစျာန် ၃ ဘုံ

ပရိတ္တသုဘာဘုံ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာဘုံ၊

စတုတ္ထစျာန် ၇ ဘုံ

ဝေဟပ္ဖိုလ်ဘုံ၊အသညသတ်ဘုံ၊ သုဒ္ဓါဝါသ ၅ ဘုံ၊

အားဖြင့် (၁၆) ဘုံ

သုဒ္ဓါဝါသ (၅) ဘုံ

သုဒ္ဓါဝါသ မှာ ရောက်ဖူးသူမရှိ၊ အဘယ့်ကြောင့်ဆိုသော် တစ်ခါရောက်ပြီး တစ်ခေါက်မျှ မပြန်တော့သောကြောင့် ဖြစ်သည်၊ အနာဂါမ် ပုဂ္ဂိုလ်တို့သည်သာ ရောက်နိုင်ကြသည်၊ ထို ဘုံတို့သည်

အဝိဟာဘုံ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဌါဘုံ

၁၊ အဝိဟာ - မိမိတို့ ဘုံကို ခဏမျှ မစွန့်ပဲ ကမ္ဘာပေါင်း မြောက်များစွာ ကြာအောင် နေကြသော ဗြဟာတို့၏ နေရာ

၂၊ အတပ္ပါ - ပူပန်စရာ လုံးဝ မရှိသောနေရာ

၃၊ သုဒဿာ - အလွန်ကြည့်ရှုစရာ ကောင်းသည့်နေရာ၊

၄၊ သုဒဿီ - ကောင်းမွန်မှန်ကန်စွာ ကြည့်ရှုကြသော ဗြဟာတို့၏ နေရာ၊

၅၊ အကနိဌ - စည်းစိမ် ကြီးမား အပြည့်စုံဆုံး နေရာ

(ဃ) အရူပ (၄) ဘုံ

၁၊ အာကာသာနဉ္စာယတနဘုံ

၂၊ ဝိညာဏဉ္စာယတနဘုံ

၃၊အာကိဉ္စညာယတနဘုံ

၄၊ နေဝသညာ နာသညာယတနဘုံ

(၃၁) ဘုံ

၁၊ ကာမ ၁၁ ဘုံ

၂၊ရူပ ၁၆ ဘုံ

၃၊ အရူပ ၄ ဘုံ (၃၁) ဘုံ။

ထိုတွင် အသညသတ် ဘုံသည် ဘဝတစ်ခုလုံးမှာ ဇီဝိတ နဝကကလာပ်ရုပ်သာ ရှိသောကြောင့် ခန္ဓာ တစ်ပါးသာရှိသဖြင့် ဧကဝေါကာရ ဘုံ၊

အရူပ ၄ ဘုံသည် နာမက္ခန္ဓာ လေးပါးသာ ရှိသောကြောင့် စတုဝေါကာရဘုံ၊

ကြွင်း ၂၆ ဘုံသည် ခန္ဓာ ငါးပါးလုံး ရှိသောကြောင့် ပဉ္စဝေါကာရ ဘုံ၊ ဟု အသီးသီး ခေါ်ကြ၏၊

(၃၁)ဘုံ နှင့် ပုဂ္ဂိုလ် (၁၂) ယောက်

(က)အပါယ် (၄) ဘုံ ၌ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် သာရ၏

(ခ) လူ့ပြည် နှင့် စာတုမဟာရာဇ် နတ်ပြည်၌ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်ကြဉ် (၁၁) ယောက်ရ၏၊

(ဂ) အထက် နတ်ပြည် (၅) ထပ်၌ အဟိတ်ပုဂ္ဂိုလ် (၂) ယောက်ကြဉ် (၁၀) ယောက်ရ၏၊

(ဃ) ဝေဟပ္ဖိုလ် တိုင်အောင်သော ရူပါဝစရ (၁၀) ဘုံ၌

တိဟိတ် ပုဂ္ဂိုလ် (၉) ယောက်ရ၏၊

(င) အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ် တစ်ယောက်သာရ၏၊

(စ) သုဒ္ဓါဝါသ (၅) ဘုံ၌ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် (၃) ယောက်စီရ၏၊

(ဆ) အရူပ (၄) ဘုံ ၌ သောတာပတ္တိ မဂ္ဂဌါန်ပုဂ္ဂိုလ်ကြဉ်သော တိဟိတ်ပုဂ္ဂိုလ် (၈) ယောက်စီ ရ၏၊

ဆောင်၊ အပါယ် ဒုရ၊ လူနတ်စ၌၊ ဒု ပ ဧက်ဒသ်၊ထက် ငါးနတ်ဝယ်၊ အဟိတ်ပယ်လော၊ ဆယ်ဘုံရူပ၊ တိဟိတ်ရ၏၊သည သုသာ၊ ငါးသုဒ္ဓါ မှာ၊ ရိယာ ခေါင်ဆုံး၊ သုံးယောက်စီရ၊ အရူပဝယ်၊ စ မဂ်ပယ်သည်၊ ရှစ်သွယ် တိဟိတ် မကြွင်းတည်း၊

ဘုံ နှင့် သက်တမ်းများ

လူ့ပြည် နှင့် တိရစ္ဆာန် ပြိတ္တာ အသုရကာယ်ပြည်တို့မှာ သက်တမ်း အပိုင်းအခြားမရှိ၊ သတ္တဝါ တို့၏ ကံအားလျော်စွာ တက်ကပ်/ဆုတ်ကပ်အလိုက် အသက် အရှည် အတို ရှိကြ၏၊

နတ်ပြည် ဗြဟပြည် နှင့် ငရဲပြည်တို့ကား သက်တမ်း အပိုင်းအခြား ရှိကြ၏

နတ်ပြည်သက်တမ်း

လူ့ပြည် ရက်(၅၀) မှာ အောက်ဆုံးနတ်ပြည် ဖြစ်သည့် စာတုမဟာရာဇ် က (၁) ရက်သာရှိ၏၊ လူ့ပြည် ရက် (၁၀၀) မှာ တာဝတိံသာ နတ်ပြည်က (၁) ရက်ဖြစ်၏၊

လူ့ပြည် ရက် (၂၀၀) မှာ ယာမာနတ်ပြည်က (၁) ရက်ဖြစ်၏၊ စသဖြင့် အထက်အထက်။ နတ်ပြည်များ သက်တမ်းသည် ဆထက် တက်တက်သွား၏၊

ဗြဟာများသည် ကပ် ကမ္ဘာနှင့်ချီ သက်တမ်းရှည်ကြ၏၊

ရူပဗြဟပြည် (၁၆) ဘုံတို့၏ သက်တမ်း

ပထမစျာန် (၃) ဘုံ

ဗြဟပါရိသဇ္ဇာ အသချေယျကပ် သုံးပုံ တစ်ပုံအသက်ရှည်၏၊

ဗြဟပုရောဟိတာ - အသင်္ချေယျကပ် တစ်ဝက်အသက်ရှည်၏

မဟာဗြဟာ - အသင်္ချေယျကပ် တစ်ကပ် အသက်ရှည်၏

ဒုတိယစျာန် (၃) ဘုံ

ပရိတ္တာဘာ - (၂) ကမ္ဘာ အသက်ရှည်၏၊

အပ္ပမာဏာဘာ - (၄) ကမ္ဘာ အသက်ရှည်၏၊

အာဘဿရာ - (၈) ကမ္ဘာ အသက်ရှည်၏၊

တတိယစျာန် (၃) ဘုံ

ပရိတ္တသုဘာ (၁၆))ကမ္ဘာ အသက်ရှည်၏၊

အပ္ပမာဏသုဘာ (၃၂) ကမ္ဘာ အသက်ရှည်၏၊

သုဘကိဏှာ (၆၄) ကမ္ဘာ အသက်ရှည်၏၊

စတုတ္ထစျာန် (၇) ဘုံ

ဝေဟပ္ဖိုလ် နှင့် အသညသတ် - ကမ္ဘာ (၅၀၀)ရှည်၏၊

အဝိဟာ ကမ္ဘာ (၁၀၀၀) အသက်ရှည်၏၊

အတပ္ပါ ကမ္ဘာ (၂၀၀၀)။

သုဒဿာ ကမ္ဘာ ( ၄၀၀၀)။

သုဒဿီ ကမ္ဘာ (၈၀၀၀)။

အကနိဌါ ကမ္ဘာ (၁၆၀၀၀)။

အရူပ ဗြဟပြည် (၄) ဘုံ၏ သက်တမ်း

၁၊ အာကာသာနဉ္စာယတန - ကမ္ဘာ (၂၀၀၀၀) ရှည်၏၊

၂၊ ဝိညာဏဉ္စာယတန - ကမ္ဘာ (၄၀၀၀၀) ရှည်၏၊

၃၊ အာကိဉ္စညာယတန - ကမ္ဘာ (၈၀၀၀၀) ရှည်၏၊

၄၊ နေဝသညာ နာသညာ - ကမ္ဘာ (၈၄၀၀၀၀) ရှည်၏၊

ငရဲပြည် သက်တမ်း

ပထမဆုံး သဉ္စိုဝ်းငရဲ (၁) ရက် သည် စာတုမဟာရာဇ်နတ်ပြည် နတ်နှစ် (၅၀၀)၊ လူ့ပြည် နှစ်ပေါင်း (၉) သန်း ဖြစ်၏၊

ထိုနည်းဖြင့်

သဉ္စိုဝ်းငရဲနှစ် (၅၀၀) အသက်ရှည်၏၊

ကာဠသုတ် (၁၀၀၀)

သံဃာတ (၂၀၀၀)

ရောရုဝ (၄၀၀၀)

မဟာရောရုဝ (၈၀၀၀)

တာပန (၁၆၀၀၀)

မဟာတာပန ( အန္တရကပ် တစ်ဝက်)

အဝီစိ ( အန္တရကပ် တစ်ကပ်)

လေ့ကျင့်ခန်း ပုစ္ဆာများ

၁၊ ဘုံ (၃၁) ရှိရှိ သမျှ - ဟု ဆိုရာ၌ (၃၁) ဘုံကို သိသာရုံ ရေတွက်ပြပါ၊

၂၊ ဗြဟပြည် (၂၀) တွင် သက်တမ်း အရှည်ဆုံး ဗြဟပြည်ကို သက်တမ်းနှင့် တကွ ဖြေဆိုပါ၊

၃၊ (၃၁) ဘုံ ကျင်လည်ကုန်သော ဟု ဆိုသော်လည်း စာဖြေနေသူ သံသရာတစ်လျှောက် မရောက်နိုင်သေးသော ဘုံများကို ဖြေဆိုပါ၊

၄၊ ငရဲကြီးတတ်တယ် ဆိုရာ၌ ငရဲကြီး(၈) ထပ်နာမည်တို့ကို ဖြေဆိုပါ၊

၅၊ ဖော်ပြပါ ဘုံ တို့၌ ရနိုင်သော ပုဂ္ဂိုလ်တို့ကို ဖြေဆိုပါ၊

(က) အပါယ်ဘုံ (ခ) ဝေဟပ္ဖိုလ် (ဂ) အဝိဟာဘုံ၊

၆၊ ငရဲကြီး (၈) ထပ်တွင် ငရဲသက် အတိုဆုံး ငရဲ နာမည်နှင့် ငရဲသက် အရှည်ဆုံး ငရဲ အမည်တို့ကို သက်တမ်းနှင့် တကွ ဖော်ပြပါ။

ပဋိသန္ဓိ စတုက္က

သတ္တဝါ တို့၏ ဘဝဟောင်း ကုန်ဆုံးပြီးနောက် ဘဝသစ် ပြန်ဆက်စပ်မှုကို ပြဆိုသော အပိုင်းကို ပဋိသန္ဓိ စတုက္ကပိုင်းဟု ဆိုသည်၊

ပဋိသန္ဓေ (၄) မျိုး

၁၊ အပါယ်ပဋိသန္ဓေ - အကုသလဝိပါက် ဥပေက္ခာသန္တီရဏ စိတ်၊

၂၊ ကာမသုဂတိ ပဋိသန္ဓေ - အဟိတ် ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ နှင့် မဟာဝိပါက်စိတ် ၈ ပါး- ၉၊

၃၊ ရူပါဝစရ ပဋိသန္ဓေ - ( ရူပဝိပါက် ၅ ခုနှင့် ဇီဝိတနဝက ကလာပ်)

၄၊ အရူပါဝစရ ပဋိသန္ဓေ- အရူပ ဝိပါက် (၄) ပါး၊

ကာမပဋိသန္ဓေ (၁၀)

ဒုဂ္ဂတိ ပဋိသန္ဓေ ၁ ပါး

သုဂတိပဋိသန္ဓေ ၉ ပါး၊ အားဖြင့် (၁၀) ပါး

ကာမသုဂတိ ပဋိသန္ဓေ (၉) ပါး တွင် အဟိတ်ကုသလဝိပါက် ဥပေက္ခာ သန္တီရဏဖြင့် ပဋိသန္ဓေယူသောသတ္တဝါ တို့သည် လူတွင် လူစင် မမှီသော ဇစ္စန္ဓ၊ ဇစ္စဗဓိရ စသည့် သူများ၊ စာတုမဟာရာဇ် နတ်တွင်လည်း နတ်စင်မမှီသည့် နတ်သေး နတ်မွှားများ ဖြစ်တတ်ကြ၏၊

ပဋိသန္ဓေ အားဖြင့် အကျိုးပေးညံ့သည့် လူစင်မမှီသူများ

၁၊ ဇစ္စန္ဓ - ပဋိသန္ဓေအားဖြင့် ကန်းသူ

၂၊ ဇစ္စဗဓိရ - ပဋိသန္ဓေအားဖြင့် နားပင်းသူ

၃၊ ဇစ္စဃာန - ပဋိသန္ဓေအားဖြင့် အနံ့မရသူ

၄၊ ဇစ္စမူဂ - ပဋိသန္ဓေအားဖြင့် ထစ်အသူ

၅၊ ဇစ္စဇဠ - ပဋိသန္ဓေအားဖြင့် ထိုင်းအ ဖျင်းသူ

၆၊ ဇစ္စုမ္မတ္တက - ပဋိသန္ဓေအားဖြင့် ရူးနှမ်းသူ

၇၊ ပဏ္ဍက - ယောက်ျားဖြစ်လျှက် မိန်းမစိတ်၊ မိန်းမဖြစ်လျှက် ယောက်ျားစိတ် ပေါက်သူ၊

၈၊ ဥဘတောဗျဉ္ဇနက - မိန်းမတလှည့်၊ ယောက်ျားတလှည့် ဖြစ်သူ

၉၊ မိန်းမလည်း မထင်ရှား၊ ယောက်ျားလည်းမထင်ရှားသူ

၁၀၊ မမ္မ - မန်းစွဲသူ စကားအမျှင်မပြတ် ပီသအောင်မထွက်နိုင်သူ

မဟာဝိပါက် ပဋိသန္ဓေ (၈) ခု

ဉာဏသမ္ပယုတ် (၄) ခုဖြင့် ပဋိသန္ဓေ ယူသူကို ကာမတိဟိတ် ပုဂ္ဂိုလ် (၄) ယောက်ဖြစ်၏၊

ဉာဏသမ္ပယုတ် (၄) ခု ဖြင့် ပဋိသန္ဓေယူသူကို ဒွိဟိတ်ပုဂ္ဂိုလ် (၄) ယောက် ဖြစ်၏၊

(က) အဟိတ် ပဋိသန္ဓေ (၂) ခု

(ခ) ဒွိဟိတ် ပဋိသန္ဓေ (၄) ခု

(ဂ) တိဟိတ် ပဋိသန္ဓေ (၁၃) ခု

(ဃ) ရုပ် ပဋိသန္ဓေ (၁) ခု အားဖြင့် ပဋိသန္ဓေ (၂၀) ၊

တစ်ဘဝ ၌ အမြဲတူရသော တရား (၃) ပါး

ပဋိသန္ဓေ၊ ဘဝင်၊ စုတိ တို့သည် တူညီရ၏၊

ဆိုလိုသည်က ပဋိသန္ဓေစိတ်က မဟာဝိပါက် ပထမအသင်္ခါရိက ဖြစ်ခဲ့လျှင် သူ၏ တစ်ဘဝလုံး ဘဝင်မှန်သမျှ မဟာဝိပါက် ပထမအသင်္ခါရိက ဖြစ်ရမည်၊ နောက်ဆုံး စုတိစိတ်လည်း မဟာဝိပါက် ပထမ အသင်္ခါရိကပင် ဖြစ်ရသည်၊ ဤသို့ တူရသည်ကို “ တူမြဲတရား သုံးပါး” ဟု ဆိုကြသည်၊

တူကြပုံကား တစ်ဘဝမှာ ပဋိသန္ဓေ ဘဝင် စုတိတို့သည် ဘုံအားဖြင့်၊ ဇာတ်အားဖြင့်၊ သမ္ပယုတ်အားဖြင့်၊ သင်္ခါရအားဖြင့် အာရုံအားဖြင့် ထိုက်သည်အားလျော်စွာ တူကြရ၏၊

ကမ္မစတုက္က

ကုသိုလ် အကုသိုလ်စိတ်တို့နှင့် ယှဉ်သော စေတနာကို ယေဘုယျ အားဖြင့် ကံ ဟုဆိုကြ၏၊

၁၊ထိုကံ ၏ လုပ်ဆောင်ချက်ကိစ္စ အားဖြင့် (၄) မျိုး၊

၂၊အကျိုးပေးပုံ အလှည့်အကြိမ် အားဖြင့် (၄) မျိုး၊

၃၊အကျိုးပေးရာ ကာလအားဖြင့် (၄) မျိုး

၄၊ အကျိုးပေးရာ ဌါန အားဖြင့် (၄) မျိုး စီ ပြားသဖြင့်

ကံ အမျိုးအစား (၁၆) မျိုး၊

(က) ကိစ္စစတုက္က- လုပ်ဆောင်ချက် (၄) မျိုး

၁၊ ဇနကကံ - ပဋိသန္ဓေအခါဖြစ်စေ ပဝတ္တိအခါဖြစ်စေ

ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့ကို ဖြစ်စေနိုင်သော ကုသိုလ် အကုသိုလ် စေတနာ

၂၊ ဥပတ္ထမ္ဘကကံ - ဇနက ကံကို အကျိုးပေးခွင့် ရစေရန်၊အကျိုးထက်သန်စေရန် နှင့် အကျိုးဖွံ့ဖြိုး ကြာရှည်စေရန် အထောက်အပံ့ ပေးသော ကုသိုလ် အကုသိုလ် စေတနာ၊

၃၊ ဥပပီဠကကံ - ဇနက ကံကို အကျိုးပေးခွင့် မရစေရန်၊ အကျိုးပေးမထက်သန်စေရန် နှင့် အကျိုးမဖွံ့ဖြိုး မကြာစေရန် ကပ်၍ နှိပ်စက်တတ်သော ကုသိုလ် အကုသိုလ် စေတနာ၊

၄၊ ဥပဃာတကကံ - နှိပ်စက်အားနည်းစေရုံပင်မဟုတ်ပဲ ဇနကကံကို အကျိုးပေးခွင့် လုံးဝမရ စေရန် နှင့် ပေးနေဆဲ အကျိုးကို ပြတ်တောက်စေရန် ကပ်၍ သတ်ဖြတ်တတ်သော ကုသိုလ် အကုသိုလ် စေတနာ၊

(ခ) ပါကဒါန ပရိယာယစတုက္က

အလှည့်ကျ အကျိုးပေးပုံ (၄) မျိုး

၁၊ ဂရုကံ - သေပြီးနောက် ဒုတိယဘဝမှာ သေချာပေါက် အကျိုးပေးမည့် အားကြီးသောကံ၊ ကုသိုလ်အရာမှာ မဟဂ္ဂုတ်ကံ၊ အကုသိုလ်အရာမှာ ပဉ္စာနန္တရိယကံ၊ နိယတ မိစ္ဆာဒိဌိကံ၊

၂၊ အာသန္နကံ - သေခါနီးကာလ၌ ပြုလုပ်သောကံ၊ ကရုကံ မရှိလျှင် အရင်အကျိုးပေးမည့်ကံ၊

၃၊ အာစိဏ္ဏကံ - အမြဲတန်း ပြုလုပ်လေ့ရှိသော ကုသိုလ် အကုသိုလ် စေတနာ၊ ဂရုကံ အာသန္နကံ မရှိရင် အရင်အကျိုးပေးမည့်ကံ၊

၄၊ ကဋတ္တာကံ၊ အထူးဖြစ်စေ၊ သာမညဖြစ်စေ ဤဘဝ ရှေးဘဝ ပြုထားခဲ့သော ကုသိုလ် အကုသိုလ်ကံ

ပဉ္စာနန္တရိယကံ (၅) ပါး

၁၊ မာတုဃာတက - အမိသတ်ကံ

၂၊ ပိတုဃာတက - အဖသတ်ကံ

၃၊ အရဟန္တဃာတက - ရဟန္တာသတ်ကံ

၄၊ လောဟိတုပ္ပါဒက - ဘုရားရှင်ကို သွေးစိမ်းတည်စေသောကံ၊

၅၊ သံဃဘေဒက - သံဃာကို အသင်းခွဲသောကံ

နိယတမိစ္ဆာဒိဌိကံ (၃) မျိုး

၁၊ အဟေတုကဒိဌိ - အကြောင်း/ အကျိုးမရှိဟုပယ်သောကံ

၂၊ နတ္ထိကဒိဌိ - ကံ၏ အကျိုးမရှိ ဟု ယူသောကံ

၃၊ အကြိယဒိဌိ - ကံအကြောင်းတရားမရှိဟု ယူသောကံ

(ဂ) ပါကကာလ စတုက္က

အကျိုးပေးရာ အချိန် (၄) မျိုး

၁၊ ဒိဌဓမ္မဝေဒနီယကံ - ယခု ပစ္စုပ္ပန်ဘဝမှာပင် အကျိုးပေးသော ပထမဇောစေတနာ၊

၂၊ ဥပပဇ္ဇ ဝေဒနီယကံ - ဒုတိယဘဝတွင် သေချာပေါက် အကျိုးပေးမည့် သတ္တမဇော စေတနာ၊

၃၊ အပရာပရိယ ဝေဒနီယကံ - တတိယဘဝ မှ စ၍ နိဗ္ဗာန်ရောက်သည့်တိုင် အကျိုးပေးသောကံ

၄၊ အဟောသိကံ - အကျိုးပေးရာ ကာလလွန်သွား

သဖြင့် အကျိုးမပေးတော့သောကံ၊

(ဃ) ပါကဌါန စတုက္က

အကျိုးပေးရာ ဌါန (၄) မျိုး

၁၊ အကုသိုလ်ကံ (၁၂) ပါး

၂၊ ကာမကုသိုလ်ကံ (၈) ပါး

၃၊ ရူပါဝစရကံ (၅) ပါး

၄၊ အရူပါဝစရကံ (၄) ပါး

(က) အကုသိုလ်ကံ

ကာယကံ (၃) ပါး

၁၊ ပါဏာတိပါတာ - သူ့အသက်ကို သတ်ဖြတ်ခြင်း

၂၊ အဒိန္နာဒါနာ - သူတပါးဥစ္စာကို ခိုးယူဖျက်ဆီးခြင်း

၃၊ ကာမေသုမိစ္ဆာစာရာ - ကာမဂုဏ်အရာ မှားယွင်းခြင်း

ဤ ၃ ပါးတို့သည် ကာယဒွါရ၊ ဝစီဒွါရ တို့၌ ဖြစ်သော်လည်း ကာယဒွါရ ၌ အဖြစ်များသောကြောင့် ကာယကံ ၃ပါး /ကာယ ဒုစရိုက် ၃ ပါး ဟု ခေါ်ကြသည်၊

(ခ) ဝစီကံ (၄) ပါး

၁၊ မုသာဝါဒါ - လိမ်ညာ ပြောဆိုခြင်း

၂၊ ပိသုဏဝါစာ - ဂုံးတိုက်စကား ပြောဆိုခြင်း

၃၊ ဖရုသဝါစာ - ကြမ်းတမ်း ဆဲရေး ပြောဆိုခြင်း

၄၊ သမ္ပပ္ပလာပ - အတင်း အဖျင်း ပြောဆိုခြင်း

ဤ ၄ ပါးတို့သည် ကာယဒွါရ၊ ဝစီဒွါရ တို့၌ ဖြစ်သော်လည်း ဝစီဒွါရ၌ အဖြစ်များသောကြောင့် ဝစီကံ ၄ ပါး/ ဝစီဒုစရိုက် ၄ ပါး ဟု ခေါ်ကြသည်၊

(ဂ) မနောကံ (၃) ပါး

၁၊ အဘိဇ္ဈာ - အလွန် အလိုကြီးမှု (လောဘ)

၂၊ ဗျာပါဒ - သူတပါးကို ပျက်စီးစေလိုမှု (ဒေါသ)

၃၊ မိစ္ဆာဒိဌိ - အယူမှားမှု ( ဒိဌိ/ မောဟ)

ဤ ၃ ပါးတ်ု့သည် ကာယဒွါရ၊ ဝစီဒွါရ နှင့် မနောဒွါရ (၃) ပါးလုံးမှာ ဖြစ်သော်လည်း မနောဒွါရမှာ အဖြစ်များသောကြောင့် မနောကံ ၃ပါး/ မနောဒုစရိုက် (၃) ပါး

ဟု ဆိုကြသည်၊

ဤ (၁၀) ပါးကို အကုသလကမ္မပထ - အကုသိုလ်ကံ ဖြစ်ရာ လမ်းကြောင်း (၁၀) လို့လည်း ခေါ်ကြသေးသည်၊

မူလ အရင်းအမြစ်ကို စီစစ်ခြင်း

ပါဏာတိပါတ ဗျာပါဒ နှင့် ဖရုသ ဝါစာ တို့သည် ဒေါသမူလရှိ၏၊ အဒိန္နာဒါန၊ ကာမေသု မိစ္ဆာစာရ နှင့်

အဘိဇ္ဈာ တို့သည် လောဘမူလ ရှိကြ၏၊ မုသာဝါဒ၊ ပိသုဏဝါစာ နှင့် သပ္ဖပလာပ တို့သည် ရံခါ လောဘ၊ ရံခါ ဒေါသ မူလရှိကြ၏။

(ခ) မဟာကုသိုလ်ကံ (၈)ပါး

မဟာကုသိုလ်ကံ (၈) ပါးသည်လည်း

(က) ကာယသုစရိုက် (၃ )ပါး

(ခ) ဝစီသုစရိုက် (၄) ပါး

(ဂ) မနောသုစရိုက် (၃) ပါး၊ အားဖြင့် (၁၀) ပါး၊

(က) နှင့် (ခ) ကို ဝေရာမဏိ ထည့်လိုက်ပါ၊ ဥပမာ- ပါဏာတိပါတာ ဝေရာမဏိ- သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တည်း၊

(ဂ) မနောကံ (၃) ပါး

၁၊ အနဘိဇ္ဈာ - အလိုနည်းမှု (အလောဘ)

၂၊ အဗျာပါဒ - မပျက်စီးစေလိုမှု ( အဒေါသ)

၃၊ သမ္မာဒိဌိ - အမြင်မှန်မှု ( အမောဟ)

ဤ (၁၀) ပါးကို သုစရိုက် (၁၀) ပါး/ ကုသလကမ္မပထ

တရား (၁၀) ပါး ဟုလည်း ဆိုကြ၏၊

ကံ

“ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” အရ စေတနာကိုသာ ကံဟု အများသိသော်လည်း အဌသာလိနီ အဌကထာ၌ မနောကံ ကိုလည်း ကံ ဟု ခေါ်ဆိုနိုင်ကြောင်း ပြဆိုသဖြင့် ကံ (၇) ပါးဟု မှတ်နိုင်သည်၊

ကာယကံ၊ ဝစီကံ တို့၏ တရားကိုယ်သည် စေတနာ၊ မနောကံ ၏ တရားကိုယ်သည် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ တို့ဖြစ်သည်၊

ပုညကြိယာဝတ္ထု (၁၀) ပါး

မဟာကုသိုလ်စိတ် (၈) ပါးဖြင့် ကုသိုလ်ဖြစ်ရာ အကြောင်း (၁၀) ပါးရှိ၏၊

၁၊ ဒါန - ပေးကမ်း စွန့်ကြဲခြင်း

၂၊ သီလ - ကိုယ်ကျင့် သီလ ကျင့်သုံးခြင်း

၃၊ ဘာဝနာ - သမာဓိ ကို ပွါးများခြင်း

၄၊ အပစာယန - ဂရု ဂါရဝ အရိုအသေပြုခြင်း

၅၊ ဝေယျာဝေစ္စ - ကောင်းသော ကိစ္စကြီးငယ် ဆောင်ရွက်ပေးခြင်း

၆၊ ပတ္တိဒါန - မိမိကုသိုလ်ကို အမျှပေးဝေမှု

၇၊ ပတ္တာနုမောဒနာ - သူတပါးကောင်းမှုကို ဝမ်းသာ သာဓုခေါ်ဆိုမှု

၈၊ ဓမ္မဿဝန - တရားနာမှု

၉၊ ဓမ္မဒေသနာ - တရားဟောပြောမှု

၁၀၊ ဒိဌိဇုကမ္မ - အယူဖြောင့်မှန်မှု

ဤ (၁၀) ပါးကို ဒါန၊ သီလ၊ ဘာဝနာ (၃) မျိုးထဲမှာ သွင်းယူနိုင်သည်၊

၁၊ ပတ္တိဒါန နှင့် ပတ္တာနုမောဒနတို့သည် ဒါန နှင့် ဣဿာ မစ္ဆရိယတို့၏ ဆန့်ကျင်ဘက်ချင်း တူသောကြောင့် ဒါနထဲ သွင်းယူသည်၊

၂၊ အပစာယန နှင့် ဝေယျာဝစ္စတို့သည် စာရိတ္တသီလများဖြစ်၍ သီလချင်းတူသောကြောင့် သီလ၌ သွင်းယူသည်၊

၃၊ ဓမ္မဿဝန ဓမ္မဒေသနာ နှင့် ဒိဌိဇုကမ္မတို့သည် ကုသိုလ်တရားကို ပွါးစေတတ်သောကြောင့် ဘာဝနာ၌ သွင်းယူရသည်၊

ကာမကုသိုလ် အကုသိုလ်တို့၏ အကျိုးပေးရာ ဘုံဌါန

၁၊ ဥဒ္ဓစ္စ ကြဉ်သော အကုသိုလ်ကံ (၁၁) ခုသည်

ပဋိသန္ဓေ အခါ အပါယ် (၄) ဘုံမှာ အကျိုးပေးသည်၊

ပဝတ္တိအခါ အပါယ် (၄) ဘုံ၊ ကာမသုဂတိ (၇) ဘုံ

အသညသတ်ကြဉ်သော ရူပ(၁၅) ဘုံမှာ

အကျိုးပေးသည်၊

၂၊ မဟာကုသိုလ်ကံ (၈) ပါးသည်

ပဋိသန္ဓေအခါ ကာမသုဂတိ (၇) ဘုံမှာ အကျိုးပေး၊

ပဝတ္တိအခါ ကာမသုဂတိ (၇) ဘုံ၊ အပါယ် (၄) ဘုံ၊

အသညသတ်ကြဉ် ရူပ (၁၅) ဘုံမှာ

အကျိုးပေးသည်၊

ဥက္ကဌ ဩမက အကျိုးပေးကွဲပြားပုံ

၁၊ ကုသိုလ်ပြုစဉ်မှာ ဉာဏ်ယှဉ်လျှင် တိဟိတ်ကုသိုလ်

၂၊ ကုသိုလ်ပြုစဉ်မှာဉာဏ်မယှဉ်လျှင် ဒွိဟိတ်ကုသိုလ်

၃၊ ထိုကုသိုလ် (၂) မျိုးလုံး ပြုစဉ် ရှေ့ နောက်

ကုသိုလ် ခြံရံ လျှင် ဥက္ကဌကုသိုလ်

အကုသိုလ် ခြံရံလျှင် ဩမကကုသိုလ်

သို့ဖြင့် မဟာကုသိုလ်သည် ကုသိုလ် (၄) မျိုးဖြစ်၏၊

၁၊ဉာဏသမ္ပယုတ် ဥက္ကဌ ကုသိုလ်သည်

ပဋိသန္ဓေအခါ ကာမသုဂတိ (၇) ဘုံ၊ မဟာဝိပါက် ဉာဏသမ္ပယုတ် (၄) ပါး ပဋိသန္ဓေကို ဖြစ်စေ၏

ပဝတ္တိအခါ ကာမသုဂတိ (၇) ဘုံ၊ အပါယ် (၄) ဘုံ

အသညသတ်ကြဉ် ရူပ (၁၅) ဘုံ

၂၊ ဉာဏသမ္ပယုတ် ဩမက ကုသိုလ် နှင့်

၃၊ ဉာဏဝိပ္ပယုတ် ဥက္ကဌ ကုသိုလ် တို့သည်

ပဋိသန္ဓေ အခါ ကာမသုဂတိ (၇) ဘုံ၊၌ မဟာဝိပါက် ဉာဏဝိပ္ပယုတ် (၄) ပါး ပဋိသန္ဓေကို ဖြစ်စေ၏၊

ပဝတ္တိအခါ ကာမသုဂတိ (၇) ဘုံ၊ အပါယ် (၄) ဘုံ

အသညသတ်ကြဉ် ရူပ (၁၅) ဘုံ

၄၊ ဉာဏဝိပ္ပယုတ် ဩမက ကုသိုလ်သည်

ပဋိသန္ဓေအခါ လူ့ဘုံ၊ ဝိနိပါတိက အသုရာဘုံ ၌

အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီ - ကို ဖြစ်စေ၏ ၊ပဝတ္တိအခါ ကာမသုဂတိ (၇) ဘုံ၊ အပါယ် (၄) ဘုံ၊

အသညသတ်ကြဉ် ရူပ (၁၅) ဘုံ မှာ

(ဂ) ရူပါဝစရကံ (၅) မျိုး

ရူပါဝစရ ကံသည် မနောဒွါရ၌ သာဖြစ်၍ မနောမယ - မနောကံသာ ဖြစ်၏၊

ရူပါဝစရကံတို့၏ အကျိုးပေးရာ ဘုံဌါန

ရူပါဝစရစျာန် တို့နှင့် ယှဉ်သော စိတ်တို့တွင် ဆန္ဒ၊ဝီရိယ၊စိတ္တ၊ဝီမံသ ဟူသော အဓိပတိ တရား (၄) ပါဝင်၏၊ ထိုအထဲမှ အဓိပတိ တပ်သောတရားသည် ပျော့ညံ့နေလျှင် ဟီနစျာန်/ ပရိတ္တစျာန် ဖြစ်၏၊

အလယ်အလတ်ဖြစ်နေလျှင် မဇ္ဈိမစျာန် ဖြစ်၏၊

ထက်သန်နေလျှင် ပဏီတစျာန် ဖြစ်၏၊

၁၊ ဟီနပထမစျာန်ကုသည် ဗြဟပါရိ ၌ ပထမစျာန်ဝိပါ

၂၊ မဇ္ဈိမပထ ကု သည် ဗြဟပုရော ၌ ပထစျာန်ဝိပါက်

၃၊ ပဏီတပထကုသည် မဟာဗြဟ၌ ပထမစျာန်ဝိပါ

၁၊ ဟီန ဒုစျာန်/တစျာန်ကုသည် ပရိတ္တာ၌ ဒု/တဝိပါ

၂၊ မဇ္ဈိ ဒု/တစျာန် ကုသည် အပ္ပမာ၌ ဒု/ တ ဝိပါက်

၃၊ ပဏီ ဒု/တစျာန်ကုသည် အာဘ ၌ ဒု/တ ဝိပါက်

၁၊ ဟီန စတု စျာန်ကုသည် ပရိတ္တသု၌ စတုဝိပါက်

၂၊ မဇ္ဈိ စတု စျာန်ကုသည် အပ္ပမာဏသု၌။

၃၊ ပဏီ စတုစျာန်ကုသည် သုဘကိဏှာ ၌။

သာမည ပဉ္စမကုသည် ဝေဟပ္ဖိုလ်၌ ပဉ္စမစျာန်ဝိပါက်

။ အသညသတ်၌ ဇီဝိတနဝကကို

သဒ္ဓါလွန် ။ အဝိဟာဘုံ၌ ပဉ္စမစျာန်ဝိပါက်ကို

ဝိရိယလွန် ။ အတပ္ပါ၌။ ။

သတိလွန် ။ သုဒဿာ ၌။ ။

သမာဓိလွန် ။ သုဒဿီ ၌။ ။

ပညာလွန် ။ အကနိဌါဘုံ၌။ ။

(ဃ) အရူပါဝစရ ကံ (၄) မျိုး

အရူပါဝစရ ကံတို့သည်လည်း မနောဒွါရ ၌သာ ဖြစ်၍ မနောကံသာတည်း၊

အာကာ ကုသိုလ်သည် အာကာဘုံ၌ အာကာဝိပါက်ကို

ဝိညာ။ ။ ဝိညာ။ ။ ဝိညာ။ ။

အာကိံ။ ။ အာကိံ။ ။ အာကိံ။ ။

နေဝသညာ ။ နေဝ။ ။ နေဝ။ ။

လေ့ကျင့်ခန်း ပုစ္ဆာများ

၁၊ ကာမ သုဂတိ ပဋိသန္ဓေ စိတ်တို့ကို ရေတွက်ပြပါ၊

၂၊ လူပြည် ကာမသုဂတိ အဟိတ် ပဋိသန္ဓေ ယူရသော သူတို့မှာ ဖြစ်တတ်သော ရှေ့ (၅) ယောက် တို့ကို ပါဠိ/ မြန်မာ နှစ်ဘာသာဖြင့် ဖြေဆိုပါ၊

၃၊ အကျိုးပေးပုံ အလှည့်အကြိမ် အားဖြင့် ပြားသော ကံ (၄) မျိုးကို အဓိပ္ပါယ် နှင့် တကွ ဖြေဆိုပါ၊

၄၊ ကုသလကမ္မပထ တရား (၁၀) နှင့် ပုညကြိယာဝတ္ထု (၁၀) ပါး အတူတူ ဖြစ်ပါသလား ဖြေဆိုပါ၊

၅၊ ကံ ဟု ခေါ်ဆိုထိုက်သော တရားတို့ကို ပြည့်စုံအောင် ဖြေပါ၊

၆၊ လူ့ပြည် အဟိတ်ကုသလဝိပါက် ပဋိသန္ဓေကို ဖြစ်စေသော မဟာကုသိုလ်ကံ ကို အတိအကျ ဖြေဆိုပါ၊

၇၊ သုဒ္ဓါဝါသ (၅) ဘုံ သို့ ရောက်စေနိုင်သော အကြောင်းကံကို ပြည့်စုံအောင် ရှင်းပြပါ၊

မရဏုပ္ပတ္တိ စတုက္က

သတ္တဝါများ ဘဝတစ်ခု အဆုံးသတ် သေဆုံးပုံ (၄) မျိုးရှိ၏၊

၁၊ အာယုက္ခယ - သက်တမ်းကုန်၍ သေခြင်း

( မီးဇာကုန်၍ မီးငြိမ်းခြင်းနှင့်တူ၏)

၂၊ ကမ္မက္ခယ - ကံကုန်၍ သေခြင်း၊

(ဆီကုန်၍ မီးငြိမ်းခြင်းနှင့်တူ၏)

၃၊ ဥဘယက္ခယ - သက်တမ်း-ကံ နှစ်ခုကုန်၍သေခြင်း

(မီးဇာ ဆီ နှစ်ခုကုန်၍ မီးငြိမ်းခြင်းနှင့်တူ၏)

၄၊ ဥပစ္ဆေဒက - ကံတစ်ခု၏ဖြတ်တောက်ခံရ၍သေခြင်း

( လေတိုက်ခြင်းစသည်ကြောင့် မီးငြိမ်းခြင်းနှင့်တူ၏)

ဤသေခြင်းလေးမျိုးတွင် တမျိုးမျိုးဖြင့် သေမည့်သူသည် သေခါနီးကာလ၌ မရဏာသန္နဇောသည် ယူအပ်သော ကံအာရုံ၊ ကမ္မနိမိတ်အာရုံ၊ ဂတိနိမိတ် အာရုံ တစ်ခုခု ကို အာရုံပြုလျှက် မရဏာသန္နဝီထိ၏အဆုံး၌ စုတိစိတ်ကျ၏၊ သေဆုံး၏၊

၁၊ ကံ အာရုံ - ယခင်ဘဝ၊ ယခုဘဝတွင် ပြုခဲ့ဘူးသော အတိတ်ဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံ တခုခု သည် မနောဒွါရ ၌ ထင်လာသော အာရုံ

၂၊ ကမ္မနိမိတ် အာရုံ - ကံ ပြုစဉ်အခါက တွေ့ကြုံခဲ့သော အလှူဒါန ပေးနေပုံ/ သားကောင်တွေ သတ်ဖြတ်နေပုံ နှင့် သေခါနီးကာလမှ ပြုသောအာရုံများသည် ဆဒွါရ ၌ ထင်လာသော အတိတ် နှင့် ပစ္စုပ္ပန်အာရုံ

၃၊ ဂတိနိမိတ် - မိမိသွားရောက်ရမည့် အမိဝမ်းရေ၊ ခွေးနက်ကြီး၊ နတ်သမီး စသဖြင့် ဆဒွါရ ၌ ထင်လာသော ပစ္စုပ္ပန် အာရုံ

မရဏာသန္နဇော ဝီထိများ

မရဏာသန္နဝီထိသည် ဆဒွါရမှာ ဖြစ်နိုင်၏၊

၁၊ တဒါရုံ နောင် စုတိကျသောဝီထိ

၂၊ တဒါရုံနောင် ဘဝင်၊ ဘဝင်နောင် စုတိကျသောဝီထိ

၃၊ ဇောနောင် စုတိကျသော ဝီထိ

၄၊ ဇောနောင် ဘဝင်၊ ဘဝင်နောင် စုတိကျသော ဝီထိ၊

ပဉ္စဒွါရ မရဏာသန္န ဝီထိ ( စက္ခုဒွါရိက)

၁၊ တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ရုံ ရုံ စု ဋိ

၂၊တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ရုံ ရုံ ဘ စု ဋိ

၃၊တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ စု ဋိ

၄၊တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ဘ စု ဋိ

မနောဒွါရ မရဏာသန္နဝီထိ

၁၊ န ဒ မ ဇ ဇ ဇ ဇ ဇ ရုံ ရုံ စု ဋိ

၂၊ န ဒ မ ဇ ဇ ဇ ဇ ဇ ရုံ ရုံ ဘ စု ဋိ

၃၊ န ဒ မ ဇ ဇ ဇ ဇ ဇ စု ဋိ

၄၊ န ဒ မ ဇ ဇ ဇ ဇ ဇ ဘ စု ဋိ

အထူးမှတ်ချက်

သေခါနီးကာလ ဖြစ်၍ ဇောအဟုန်အားနည်းသောကြောင့် (၇) ကြိမ် မစောနိုင်ပဲ (၅) ကြိမ်သာ စောရသည်၊ စုတိပြီးလျှင် ပဋိသန္ဓေစိတ် ကပ်လျှက် ဖြစ်၏၊ အကြားတစုံတရာ မရှိပါ၊အနန္တရ ပစ္စည်းဖြစ်၏၊ သို့သော် ထိုစုတိ နှင့် ပဋိသန္ဓေ တို့ကား ဘဝခြားနေသဖြင့် အာရုံမတူနိုင်ပါ၊ စုတိ စိတ်သည် ယခင် ကပ်လျှက်ဘဝ မရဏာသန္နဇောက ယူအပ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တစ်ခုခုကို အာရုံပြု၏၊ ပဋိသန္ဓေ စိတ်ကား ယခုဘဝ မရဏာသန္နဇောက ယူအပ်သော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တခုခုကို အာရုံပြု၏၊

ဘဝသစ် ပဋိသန္ဓေ စိတ်ဖြစ်ပုံ

ဘဝ တစ်ခု၏ အစ ပဋိသန္ဓေစိတ်သည် ဖန်ဆင်းရှင် တယောက်ယောက်က ဖန်ဆင်းပေး၍ ဖြစ်လာသည်မဟုတ်၊ ရဟန္တာ မဖြစ်သေးသူမှန်သမျှ အဝိဇ္ဇာ တဏှာ ရှိနေသေးသည်၊ ထို့ကြောင့် ဘဝသစ်မှာ

၁၊ အဝိဇ္ဇာ ခြံရံလျှက်

၂၊ တဏှာ အရင်းခံ ပြုပြီး

၃၊ သင်္ခါရ ကံစေတနာက ပဋိသန္ဓေ ဝိပါက်စိတ်ကို ဖြစ်စေပါသည်၊ ထို ပဋိသန္ဓေစိတ်သည် ရှေ့ကပ်လျှက် ဘဝဟောင်း မရဏာသန္နဇောက ယူပေးအပ်သော အာရုံ မချုပ်သေးသောကြောင့် ထို ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် တခုခုကို အာရုံပြုပါသည်၊

ဘဝတစ်ခုအစ ပဋိသန္ဓေစိတ် ဖြစ်ပုံ

မှတ်သားဖွယ်

စုတိ ပြီး ပဋိသန္ဓေစိတ် ကူးပြောင်းဖြစ်ရာ၌ စုတိစိတ်သည်ပင် ပဋိသန္ဓေစိတ်အဖြစ် ပြောင်းဖြစ်တာမဟုတ်ပါ၊ ထိုသို့ယူလျှင် သဿတဒိဌိ ဖြစ်၏၊

ပဋိသန္ဓေစိတ်သည် ရှေ့ဘဝ စုတိနှင့် မည်သို့မျှ မပတ်သက်ပဲ သူဘာသူဖြစ်သည်ဟု ယူဆလျှင်လည်း မမှန်ကန်ပါ၊ ဥစ္ဆေဒဒိဌိ ဖြစ်၏၊

အမှန်မှာ ဘဝသစ် စဖြစ်သော ပဋိသန္ဓေစိတ်သည်

ရှေ့ဘဝ စုတိစိတ် မချုပ်မချင်း ဖြစ်ခွင့်မရှိပေ၊ ထို့ကြောင့် ပဋိသန္ဓေစိတ်ဖြစ်ဖို့ရာ စုတိစိတ်နှင့် မကင်းကောင်းပေ၊စုတိစိတ် ချုပ်သွားသောကြောင့်သာပဋိသန္ဓေစိတ် ဖြစ်ခွင့် ရသည်ဟု ယူလျှင် သဿတဒိဌိ၊ ဥစ္ဆေဒဒိဌိ နှစ်ပါးမှ လွတ်၏၊

စုတိနောင် ပဋိသန္ဓေစိတ် နှောင်းပုံ

၁၊ အာကာသာနဉ္စာယတန စုတိနောင် နှောင်းနိုင်သည့် ပဋိသန္ဓေ (၈) ပါး၊

ကာမတိဟိတ်ပဋိ ၄၊ အရူပ ပဋိ ၄၊- (၈) ပါး

၁၊ ဝိညာဏဉ္စာယတန စုတိနောင် နှောင်း ပဋိ (၇) ပါး

ကာမတိဟိတ် ပဋိ ၄၊ အာကာကြဉ် အရူပပဋိ ၃၊

၃၊ အာကိဉ္စညာယတန စုတိနောင် နှောင်း ပဋိ (၆) ပါး

ကာမတိ ပဋိ ၄၊ အာကာ၊ ဝိညာ ကြဉ် အရူပ ပဋိ၂၊

၄၊ နေဝသညာနာသညာယတနစုတိနောင် နှောင်း (၅)ပါး

ကာမတိဋိ ၄၊ နေဝသညာ ပဋိ ၁- အားဖြင့် (၅)၊

၅၊ ရူပစုတိ (၅) ခုနောင် နှောင်း ပဋိသန္ဓေ (၁၇) ပါး

ကာမ ဒွိဟိတ် တိဟိတ် ဋိ ၈၊ မဟဂ္ဂုတ် ဋိ (၉)၊

၆၊ အသညသတ် ရုပ်စုတိနောင် နှောင်း ဋိ (၈) ပါး

ကာမ ဒွိဟိတ်၊ တိဟိတ် ပဋိ (၈) ၊

၇၊ အဟိတ် စုတိ ၂၊ ဒွိဟိတ်စု ၄၊ ခုနောင် ပဋိ (၁၀) ပါး

ကာမ ပဋိသန္ဓေ (၁၀) ပါး၊

၈၊ ကာမတိဟိတ် စုတိ နောင် နှောင်းနိုင် ပဋိ (၂၀)

ပဋိသန္ဓေစိတ် ၁၉၊ ရူပဇိဝိတနဝက ရုပ်ပဋိ ၁၊

နာမ်သံသရာ စက်လည်ပုံ

ယခင် ကပ်လျှက် ဘဝမှ စုတိ ပြီး ပဋိသန္ဓေစိတ် စဖြစ် သည်မှ စ၍ ဝီထိစိတ်နှင့် ဘဝင်စိတ် အဆက်မပြတ် စုတိစိတ်ကျသည်အထိ ဖြစ်သကဲ့သို့ ယခုဘဝ စုတိပြီးပြီးလျှင်လည်း ရဟန္တာ မဖြစ်မချင်း နောက်ဘဝ အဆက်ဆက် ပဋိသန္ဓေစိတ် ဘဝင်စိတ်များ အဆက်ဆက် ဖြစ်နေမည်သာ ဖြစ်သည်၊

နာမ်သံသရာ စက်ပြတ်ပုံ

ဗုဒ္ဓသာသနာတော်နှင့် ကြုံကြိုက်တုန်း သီလ သမာဓိ ပညာတို့ကို ဖြည့်ကျင့်လျှက် သံသရာကို ဆက်စေသော အဝိဇ္ဇာ နှင့်တဏှာကို ဝိပဿနာ ပညာဖြင့်

အမြစ်ပြတ်အောင် ဖြတ်တောက်ပြီးလျှင် ရဟန္တာပုဂ္ဂိုလ်၏ စုတိ၏ အခြားမဲ့၌ ပဋိသန္ဓေစိတ် မဖြစ်တော့ပေ၊ ဘဝအစဉ် ပြတ်တော့သည်၊ ဤသည် ပင် နာမ်သံသရာစက် ပြတ်သည် ဟု ဆိုသည်။

လေ့ကျင့်ခန်း ပုစ္ဆာများ

၁၊ သတ္တဝါတို့ သေဆုံးခြင်း အမျိုးအစားတို့ကို ဥပမာ ဆောင်၍ နားလည်အောင် ရှင်းပြပါ၊

၂၊ မရဏာသန္န ဝီထိ ၌ အဘယ့်ကြောင့် မရဏာသန္နဇော (၅) ကြိမ်သာ စောရပါသနည်း၊ ဖြေပါ၊

၃၊ ဘဝဟောင်းအဆုံး စုတိ နှင့် ဘဝသစ် အစ ပဋိသန္ဓေတို့၏ အာရုံသည် တူညီ နိုင်ပါသလား ရှင်းပြပါ၊

၄၊ ဝီထိစိတ်၏ အဆုံး စုတိစိတ်ကျသော မရဏာသန္န ဝီထိ တို့ကို ပြည့်စုံအောင် ဖြေဆိုပါ၊

၅၊ နာမ်သံသရာ ပြတ်ပုံကို ရှင်းပြပါ၊