အဓိကအကြောင်းအရာသို့ ကျော်ရန်
အဘိဓမ္မဓရ အကြိုစာမေးပွဲ အဘိဓမ္မာတက္ကသိုလ်

တက္ကသိုလ်အကြောင်း

နိဒါန်းစကား ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဇောတိက

နိဒါန်းစကား

ကျေးဇူးတော်ရှင် အဘိဓမ္မာတက္ကသိုလ်၏ အဓိပတိဆရာတော်ဘုရားကြီးက မိမိအား “ပါမောက္ခချုပ်ရာထူး” ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် လွှဲပြောင်းခန့်အပ်တော်မူခဲ့ပါသည်။ ထိုအချိန်မှစ၍ အဘိဓမ္မာတက္ကသိုလ်၏ လက်ရှိ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဆရာတော်များ၊ ဆရာ၊ ဆရာမများနှင့် လစဉ်ပုံမှန်အစည်းအဝေးများ ကျင်းပကာ ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်လာခဲ့ကြပါသည်။

အဓိကဆောင်ရွက်ချက်များ

  1. မြေပြင် အဘိဓမ္မာတက္ကသိုလ် ပေါ်ပေါက်ရေး
  2. လူတိုင်း အဘိဓမ္မာအသိ ရရှိရေး
  3. အဘိဓမ္မာတက္ကသိုလ် တည်တံ့ခိုင်မြဲရေး

အဆိုပါလုပ်ငန်းများကို အစဉ်တစိုက် ဆွေးနွေးတိုင်ပင်၍ ဆုံးဖြတ်ချက်များချမှတ်ကာ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့ကြပါသည်။

ပထမဆုံး မြေပြင်တက္ကသိုလ် ပေါ်ပေါက်ရေးကို အကောင်အထည်ဖော်ရာတွင် ယခုအခါ မြေ (၆) ဧက ဝယ်ယူပြီးဖြစ်ခြင်း၊ သက်ဆိုင်ရာ သံဃနာယကအဖွဲ့များထံမှ တက္ကသိုလ်ကျောင်းတည်ထောင်ခွင့် ရရှိပြီးဖြစ်ခြင်း၊ မုခ်ဦး၊ တံတိုင်း၊ သိမ်ကျောင်းဆောင် စသည်တို့အတွက် ဒကာအချို့ ပေါ်ပေါက်ပြီးဖြစ်ခြင်းနှင့် ပွင့်လင်းရာသီတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ရန် လျာထားသတ်မှတ်ပြီးဖြစ်ခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။

လူတိုင်း အဘိဓမ္မာအသိ ရရှိရေးကို အကောင်အထည်ဖော်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုနိုင်သော အဘိဓမ္မာစာမေးပွဲများ ကျင်းပပေးနိုင်ရေးကို အခြေခံ၍ အကောင်အထည်ဖော်မည် ဖြစ်ပါသည်။

စာမေးပွဲအမည်

အဘိဓမ္မဓရတန်းကို တက်ရောက်သင်ယူနိုင်ရန် ရည်ရွယ်ထားသဖြင့် “အဘိဓမ္မဓရ အကြိုစာမေးပွဲ” ဟု အမည်ပေးထားပါသည်။ ပထမဦးစွာ စာမေးပွဲအတွက် သီးခြားဝက်ဘ်ဆိုက် တည်ထောင်ခြင်းနှင့် အခြေခံသင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ Level 1၊ Level 2 နှင့် Level 3 အဆင့်တို့တွင် မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေပြီး မိမိနှစ်သက်ရာဘာသာဖြင့် ဖြေဆိုနိုင်ရန် စီစဉ်ထားပါသည်။

ရည်ရွယ်ချက်

အဘိဓမ္မဓရတန်းတွင် မူရင်းကျမ်းများဖြစ်သည့် ဓမ္မသင်္ဂဏီမာတိကာ အရကောက်၊ ဓာတုကထာ အရကောက်၊ ယမိုက်နှင့် ပုဂ္ဂလပညတ်ကျမ်းတို့ ပါရှိပါသည်။ အဘိဓမ္မာအခြေခံမရှိဘဲ အဘိဓမ္မဓရတန်းကို တိုက်ရိုက်တက်ရောက်လေ့လာရန် အလွန်ခက်ခဲကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်၍ အဘိဓမ္မဓရတန်းကို လွယ်ကူစွာ တက်ရောက်လေ့လာနိုင်ရန်နှင့် လူတိုင်း အဘိဓမ္မာအသိ ရရှိရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ဤအဘိဓမ္မဓရ အကြိုစာမေးပွဲကို ကျင်းပလိုခြင်းဖြစ်ပါသည်။ ထို့အတွက် ဤသင်ရိုးညွှန်းတမ်းကို နမူနာအနေဖြင့် ထုတ်ဝေလိုက်ပါသည်။

သင်ရိုးညွှန်းတမ်း

အဘိဓမ္မဓရ အကြိုစာမေးပွဲသင်ရိုးသည် အရှင်အနုရုဒ္ဓါဆရာအရှင်မြတ်၏ အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို အခြေခံ၍ အောက်ပါအတိုင်း ပိုင်းခြားသတ်မှတ် ပြဋ္ဌာန်းထားပါသည်။

  • Level 1စိတ်၊ စေတသိက်၊ ရုပ်
  • Level 2ပကိဏ်း၊ ဝီထိ၊ ဝီထိမုတ်
  • Level 3သမုစ္စည်း၊ ပစ္စည်း၊ ကမ္မဋ္ဌာန်း

အစိုးရအဘိဓမ္မာစာမေးပွဲနှင့် နိုင်ငံတစ်ဝှမ်း အသင်းအဘိဓမ္မာစာမေးပွဲများကို သင်ကြားပို့ချနေသော မည်သည့်သင်တန်းမှမဆို သင်္ဂြိုဟ် (၉) ပိုင်းကို အခြေခံ၍ ရေးသားထားသော အခြားသင်ရိုးအားလုံးကိုလည်း ပြဋ္ဌာန်းပါသည်။ အဘိဓမ္မတ္ထသင်္ဂဟနှင့် မဆန့်ကျင်သော အဖြေမှန်သမျှကို အဖြေမှန်အဖြစ် သတ်မှတ်ပေးမည် ဖြစ်ပါသည်။

စာဖြေဌာန

အောက်ပါအချက်သုံးချက်နှင့် ပြည့်စုံပါက မြို့ပေါ်တွင်ဖြစ်စေ၊ နယ်တွင်ဖြစ်စေ စာဖြေဌာန သတ်မှတ်ပေးပါမည်။

  • စာဖြေသူ အနည်းဆုံး (၅၀) ရှိခြင်း။
  • စာမေးပွဲကျင်းပရာနေရာသည် မိမိတို့သင်တန်းကျောင်း၊ အခြားဓမ္မာရုံ၊ အာရုံခံ၊ အတန်းကျောင်း သို့မဟုတ် ဘုန်းကြီးကျောင်းတစ်ခုခု ဖြစ်ခြင်း။
  • စာမေးပွဲသန့်ရှင်းရေးအတွက် တာဝန်ခံကြီးကြပ်ရေး ဘုန်းတော်ကြီးများ ဦးဆောင်သည့်အဖွဲ့ ရှိခြင်း။

ရရှိမည့်အကျိုး

အဘိဓမ္မဓရ အကြိုစာမေးပွဲအောင်မြင်သူများသည် မြတ်ဗုဒ္ဓ၏ အဘိဓမ္မာအသိပညာများ တစ်နေ့တခြား တိုးပွားလာသဖြင့် သဒ္ဓါတရား ခိုင်မြဲလာမည် ဖြစ်ပါသည်။ ပင်မတက္ကသိုလ်နှင့် တက္ကသိုလ်ခွဲများတွင် ကိုယ်တိုင်မတက်ရောက်နိုင်သူများအတွက်လည်း အွန်လိုင်းဖြင့် ဆက်လက်ပို့ချပေးမည် ဖြစ်ပါသည်။

ထို့ကြောင့် အဘိဓမ္မဓရဒီပလိုမာဘွဲ့၊ အဘိဓမ္မဆေက BA ဘွဲ့ စသည်တို့ကိုလည်း ဆက်လက်ကြိုးစားရယူနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။